// လှစိုးဝေ //
ဒေါ်နယ်ထရန့် သမ္မတအဖြစ် အရွေးခံရပြီးနောက် သုံးပတ်အတွင်း အမေရိကန် ဒေါ်လာက တရိပ်ရိပ် တက်လာနေပါတယ်။ ဒီအတွက် ချမ်းသာတဲ့ နိုင်ငံများကိုလည်း အကျပ်ရိုက်စေသလို အခြား ဈေးကွက်ပေါ်ထွန်းစ နိုင်ငံများဖြစ်တဲ့ တရုတ် နဲ့ အိန္ဒိယတို့ရဲ့ ငွေကြေးတန်ဖိုးတွေ ထိုးကျကုန်ပါတယ်။ တရုတ်က ၂၀၀၈ နောက်ပိုင်း ယွမ်တန်ဖိုး အနိမ့်ဆုံးအထိ ထိုးကျသွားပြီး အိန္ဒိယကတော့ ကိုယ့်ပြသ၁နာနဲ့ကိုယ် ကျဆင်းသွား ခဲ့တာ ဖြစ်တယ်လို့ ဆိုရပါမယ်။ အခြား အာရှနိုင်ငံများမှာလည်း ၁၉၉၇-၉၈ နောက်ပိုင်း မကြုံဖူးတဲ့ နှုန်းနဲ့ ငွေတန်ဖိုး ကျဆင်းသွားခဲ့ရပါတယ်။
ဒေါ်လာက အခုမှ ဗြုန်းစားကြီး ထိုးတက်လာတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ တရိပ်ရိပ် တက်လာနေခဲ့တာ နှစ်နဲ့ချီနေပြီ ဖြစ်ပါတယ်။ နောက်ပိုင်း တစ်ဟုန်ထိုး ခုန်တက်သွားရတဲ့ အကြောင်းရင်းက ဒေါ်နယ်ထရန့် အကောင်အထည် ဖော်မယ့် စီးပွားရေး မူဝါဒတွေကြောင့် ဖြစ်တယ်လို့ ပြောနေကြပါတယ်။
ဒေါ်နယ်ထရန့်က အခွန်အကောက်တွေ လျှော့ချပေးမယ်လို့ ဆိုယုံမက အမေရိကန်ရဲ့ ပျက်စီးယို ယွင်းလာနေတဲ့ အခြေခံ အဆောက်အအုံတွေ ပြန်လည် မွမ်းမံနိုင်ရေး ငွေအလုံးအရင်းနဲ့ကို သုံးသွားမယ်လို့ ကြွေးကြော်နေပါတယ်။
ဒီအနေအထားကြောင့် ဖြစ်ပေါ်လာဖို့ ရှိနေတဲ့ ငွေဖောင်းပွမှုကို ကာကွယ်ဖို့ ဗဟိုဘဏ်က အတိုးနှုန်း လိုက်မြှင့် ပေးရတော့မယ့် ကိန်း ဆိုက်လာပါတယ်။
အမေရိကန်က ထုတ်ရောင်းထားတဲ့ ဆယ်နှစ်ကြာ ငွေချေး စာချုပ်တွေဟာ ရွေးကောက်ပွဲ ညက အတိုးနှုန်း ၁.၇ ရာခိုင်နှုန်းရှိရာက အခုဆို ၂.၃ ရာခိုင်နှုန်း ရောက်လာပါတယ်။ ဒီအတွက် အမေရိကန် နိုင်ငံထဲ ငွေတွေ အလုံးအရင်း ပြန်လှိမ့်ဝင်လာဖို့ အကြောင်းဖန်လာပြန်ပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးမှာ အမေရိကန်ရဲ့ သြဇာ သက်ရောက်မှုက ကျဆင်းလာနေပေမယ့် ဒေါ်လာကို ငွေလဲလှယ်ရာနဲ့ လက်ဝယ် ကိုင်ထားလိုတဲ့ အနေအထားကတော့ ကျဆင်းမသွားခဲ့ပါဘူး။
ကမ္ဘာပေါ်ရှိ အခြားပေါ်ထွန်းစ ဈေးကွက် နိုင်ငံတွေက အရင် စီးပွားရေး ကောင်းစဉ် အမေရိကန်ဒေါ်လာကို အသုံးပြုပြီး ပြည်တွင်းက ပရောဂျက်တွေကို ငွေတွေ ပံ့ပိုးပေးခဲ့ကြပါတယ်။ အမေရိကန်မှာ အတိုးနှုန်း ကျဆင်းလာတော့ ၎င်းတို့ရဲ့ စုဆောင်းငွေတွေ တန်ဖိုးကျမသွားရအောင် အခြားနိုင်ငံတွေက ဒေါ်လာနဲ့ထုတ်ရောင်းတဲ့ ငွေချေးစာချုပ်တွေ အလုအယက် လိုက်လံ ၀ယ်ယူခဲ့ကြပြန်ပါတယ်။
ထုတ်ရောင်းတဲ့ နိုင်ငံတွေကလည်း ပြည်တွင်းမှာ ပေးရတာထက် သက်သာတဲ့ အတိုးနှုန်းနဲ့ရောင်းလို့ ရတော့ ပျော်ပျော်ကြီး ရောင်းချရာက စုစုပေါင်း ပမာဏ ၁၀ ထရီလီယံ အထိ ရှိသွားခဲ့ပါတယ်။
ချေးငွေစာချုပ်တွေ အ၀ယ်လိုက်လာတာနဲ့အမျှ ပြည်တွင်းက အိမ်မြေပိုင်ဆိုင်မှုတွေ တန်ဖိုး လိုက်တက်လာကာ ပိုပြီး ချေငှားလာကြပြန်ပါတယ်။
အခုလို ဒေါ်လာတန်ဖိုး အဆမတန် တက်လာတော့ ရောင်းချထားတဲ့ စာချုပ်တွေအတွက် အတိုး ပေးရဖို့ပမာဏ တက်လာခဲ့ရပါတယ်။
ဒီအတွက် ငွေချေး စာချုပ်ရောင်းထားတဲ့ နိုင်ငံတွေက ပြန်ပေးရမယ့် အတိုး အတွက် ဒေါ်လာတွေကို ရနိုင်သမျှ ကျစ်ကျစ်ပါအောင် စုဆောင်းလာကြပါတော့တယ် ဒီအတွက် စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းသွားတာနဲ့ အမျှ အလုပ်အကိုင်တွေ ရှားပါးလာခဲ့ရပါတယ်။
ဒီအတွက် ဒေါ်လာတွေ အ၀င်တန့်သွားပြီး အထွက် များလာတာနဲ့အမျှ စောစောကပြောတဲ့ ပြည်တွင်း ပိုင်ဆိုင်မှု တန်ဖိုးတွေ ဈေးကျလာရပြန်ပါတယ် ပြည်ပကလည်း အရင်ကလို အလွယ်တကူ မချေးငှားနိုင်တော့ပါဘူး။
အမေရိကန် အတွက်လည်း ပြသ၁နာတွေနဲ့ ကြုံလာရပြန်ပါတယ်။ ဒေါ်လာတန်ဖိုး မြင့်မားလာတာနဲ့ အမျှ ပို့ကုန်တွေ လျော့ကျပြီး သွင်းကုန်တွေ မြင့်တက်လာတာကြောင့် ကုန်သွယ်ရေးမှာ လိုငွေပြမှုတွေ ကြီးထွားလာပြန်ပါတယ်။
ဒီအတွက် နဂိုကတည်းက အမေရိကန်ကို ကုန်သွယ်ဖက် နိုင်ငံတွေ အလိုကျ ဖန်တီးပေးထားရတဲ့ စနစ်ကြောင့်လို့ ယူဆနေတဲ့ ဒေါ်နယ်ထရန့် အဖို့ သူ ခြိမ်းခြောက်ခဲ့သလို တရုတ်နဲ့ မက္ကဆီကို နိုင်ငံတွေက သွင်းကုန်တွေကို စည်းကြပ်ခွန်တွေ အရမ်းကာရော တိုးကောက်လာနိုင်ပါတယ်။
အဲဒီလို ဖြစ်လာပါက တစ်ကမ္ဘာလုံးအတွက် အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်မယ့်ကိန်း ဆိုက်လာနိုင်ပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေကတော့ အကောင်းမြင်တဲ့ဘက်က ရှိနေပါတယ်။ ဈေးကွက် ဖွံ့ဖြိုးစ နိုင်ငံတွေမှာ ပြသ၁နာ ဖြစ်လာတိုင်း အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း မြှင့်တင်မယ့်အရေးကို အသာ ပြန်နောက်ဆုတ်လေ့ ရှိတတ်ပါတယ်။ အမေရိကန် ဒေါ်လာ အရမ်းတန်ဖိုး မြင့်လာလို့ နောက်ထပ် ငွေကြေးဖြစ်တဲ့ ယူရိုနဲ့ ယန်းဘက်ကိုလည်း မလှည့်နိုင်ကြပါဘူး။ ဒီငွေကြေးတွေကိုယ်၌က သူ့ ပြသ၁နာနဲ့သူ မရှင်းနိုင် ဖြစ်နေကြပါတယ်။ ငွေကြေး ဖောင်းပွမူက ရှိသင့်တာထက် အလွန်အကျွံ နိမ့်ကျလာနေတာကြောင့် အဆိုပါ နှစ်နိုင်ငံက သူတို့ ငွေကြေးတွေ ခိုင်လာမယ့် အရေးကို ရှောင်ရှားလိုနေကြတာ ဖြစ်ပါတယ်။
ဒီလထဲမှာ ပြုလုပ်ဖို့ ရှိနေတဲ့ အမေရိကန် ဗဟိုဘဏ်အစည်းအဝေးမှာ အတိုးနှုန်းကို မဖြစ်မနေမြှင့်ဖို့ ရှိနေပါတယ်။
အမေရိကန်မှာရှိတဲ့ စတော့ဈေးကွက်တွေကတော့ စီးပွားရေး တိုးတက်လာမယ့် အရေးကြောင့် ရှယ်ယာဈေးတွေ တက်ဖို့ တာစူနေပါတယ်။
သို့ပေမယ့် တစ်ကမ္ဘာလုံး စီးပွားရေး ချည့်နဲ့လာနေမှုနဲ့ ဒေါ်လာတန်ဖိုး ခိုင်မာလာနေမှုကြောင့် သူတို့ထင်သလို ဖြစ်လာဖို့တော့ မရှိပါဘူး။
ကိုးကား ။ ။ "The mighty dollar" from The Economist December 3rd 2016
လှစိုးဝေ
The Ladies News
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.