ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းနှင့် စိတ်ကြွရူးသွပ် ဆေးပြားများကို တွေ့ရစဉ်
မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်တွင် ဇွန် ၂၆ ရက် ညပိုင်းက လက်နက်ခဲယမ်းများနှင့် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကံရွှင်နှင့် တပ်ဖွဲ့ဝင်များမှ ယင်းနေ့ ည ၈ နာရီ ၄၅ မိနစ်က ဈေးကြိုရပ်ကွက် စက်ရုံစုမြေလမ်းမ ၀ဲကလာသင်္ချိုင်း အနီးတွင် ရပ်ထားသည့် ISUZU D-Max အမျိုးအစား 3K/9985 နံပါတ် တပ်ဆင်ထားသည့်ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် မော်လမြိုင်မြို့ မုပွန်ရပ်ကွက် အိုးရုံရပ် သရက်ကုန်းလမ်းနေ ကြည်သူ (၂၉ နှစ်) (ဘ) ဦးမျိုး ညွန့်နှင့် မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက် အမှတ် ၅၀ နေ ဟိန်းမင်းစိုး (၂၇ နှစ်) (ဘ) ဦးအောင်စိုးတို့ နှစ်ဦးအား တွေ့ရှိရပြီး ယာဉ်ရှေ့ ခေါင်းခန်းနောက်ကျောမှ BSA တံဆိပ်ပါ မှန်ပြောင်းတပ်ထားသည့် သေနတ်နံပါတ် (CAL22LR20304)၊ ပွိုင့်-၂၂ အမျိုးအစား ပြောင်းရှည်သေနတ်တစ်လက်၊ ၎င်းကျည်ခြောက်တောင့်နှင့် ကျည်ကတ်တစ်ခု၊ အညိုရောင် သားရေအိတ် အတွင်းမှ ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသော WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ပြား နှင့် ငွေစက္ကူရောရာကျပ် ၁၂၀၀၀၀ အား ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း၊ ကြည်သူအား စစ်ဆေးချက်အရ ၎င်းနေအိမ်တွင် မူးယစ်ဆေးဝါးများ ထပ်မံရှိသေးကြောင်း သိရှိရသဖြင့် ၎င်းနေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ WY စာတန်းပါ ပန်းရောင်နှင့် အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၉၇၈ ပြား၊ ပွိုင့်-၂၂ ကျည် ၄၀ တောင့်၊ ၉ မမ ကျည် နှစ်တောင့်တိုအား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၀၁၆ ပြား (ကာလတန်ဖိုး-၅၀၈၀၀၀၀ ကျပ်) နှင့်ပတ်သက်၍ ကြည်သူအား မေးမြန်းရာ၌ လွန်ခဲ့သော ခြောက်ရက်ခန့်က ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ (၄) ရပ်ကွက် ဥဒေါင်းကန်ရပ် (၉) ခန်းတွဲ လိုင်းခန်းတန်းလျားနေ အမျိုးသမီး တစ်ဦးထံမှ ဆေးပြားတစ်ပြားလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ပြန်လည်ရောင်းချရန် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ပွိုင့်-၂၂ သေနတ်နှင့် ကျည် ၄၆ တောင့်၊ ကျည်ကတ်တစ်ခု၊ ၉ မမ ကျည်နှစ်တောင့်တို့မှာ ဘုရားသုံးဆူမြို့၊ (၄) ရပ်ကွက်နေ ကိုမျိုးဆိုသူထံမှ ထိုင်းဘတ်ငွေ လေးသောင်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မုပွန်နယ်မြေရဲစခန်းမှ ကြည်သူနှင့် ဟိန်းမင်းစိုးတို့ နှစ်ဦးအား မယ (ပ) ၉/၂၀၁၆၊ မူးယစ်/ စိတ်ပြောင်းပုဒ်မ ၁၅/၁၉ (က)/၂၂ (ခ) အရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးမိရေးအတွက် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Writer:
ဘိုဘိုမြင့်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.