0

“နောင်မျိုးဆက်သစ်တွေအတွက် ကျွန်မတို့ထားပစ်ခဲ့ရမယ့် အကောင်းဆုံးအမွေအနှစ်ဆိုတာကတော့ ငြိမ်းချမ်းရေးပဲလို့ ခံယူထားပါတယ် …”
------ ------ ------ ------ ------
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရာတွင် တက်တက်ကြွကြွဖြင့် လုပ်ဆောင်သွားမည်ဆိုပါက မုချအောင်မြင်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (ဇွန် ၂၈) Horizon Lakeview Resort Hotel ၌ ပြုလုပ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
“လုပ်ငန်းတခုကို လုပ်ဖို့အတွက် အောင်မြင်မယ်လို့ ယုံကြည်တယ်ဆိုရင် အောင်မြင်ရမှာဖြစ်ပါတယ်။ တက်ကြွတဲ့ စိတ်ဓါတ်နဲ့ လုပ်ဖို့တော့ လိုပါတယ်။ ဒီလိုပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလုပ်ဆောင်တဲ့နေရာမှာ အောင်မြင်ရမယ်ဆိုပြီး တက်တက်ကြွကြွနဲ့ လုပ်သွားမယ်ဆိုရင် မလွဲမသွေ အောင်မြင်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်က“တိုင်းရင်းသားအားလုံးအတွက် လုံခြုံမှုနဲ့လွတ်လပ်မှုကိုအာမခံနိုင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ် ထူထောင်ဖို့အတွက် ၀ိုင်းဝန်းပြီးတော့ ကူညီကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီကိစ္စကို တဖွဲ့ထဲနဲ့လုပ်လို့မရဘူး။ တနေ့ထဲနဲ့လည်း ပြီးမှာမဟုတ်ဘူး။ ဒါပေမဲ့ အမြန်ဆုံးတော့ ပြီးစေချင်ပါတယ်။ လွတ်လပ်ရေးရတာ နှစ် (၇၀) ရှိပါပြီ။ ဒီအချိန်အတွင်းမှာမှ ကျွန်မတို့ဟာ ပြည်ထောင်စုကို ခိုင်ခိုင်မာမာ မထူထောင်နိုင်ဘူးဆိုရင် ဘယ်လောက်ကြာဦးမလဲဆိုတာ စဉ်းစားလို့ ရတော့မှာမဟုတ်ဘူး။ နောင်မျိုးဆက်သစ်တွေအတွက် ကျွန်မတို့ထားပစ်ခဲ့ရမယ့် အကောင်းဆုံးအမွေအနှစ်ဆိုတာကတော့ ငြိမ်းချမ်းရေးပဲလို့ ခံယူထားပါတယ်။ ညီညွတ်ရေးကိုအခြေခံတဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်ရပါမယ်”ဟု ၎င်းက ပြောသည်။
လူငယ်မျိုးဆက်များအတွက် အမွေနှင့်အတူ တာဝန်များပါ လက်ဆင့်ကမ်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လူငယ်များအနေနှင့်လည်း တာဝန်ထမ်းဆောင်ရာတွင် သတ္တိရှိရှိ တာဝန်သိသိ လုပ်ဆောင်ကြရန်လိုကြောင်း၊ လူကြီးများဘက်မှလည်း ကောင်းမွေများကို ချန်ထားခဲ့နိုင်ရန် ကြိုးစားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“မျိုးဆက်အသီးသီးမှာ တာဝန်ရှိပါတယ်။ တာဝန်သိတဲ့စိတ်ဓါတ်မရှိဘဲနဲ့ ကိုယ် ဘာရနိုင်မလဲ၊ ကိုယ့်အကျိုးစီးပွားတခုထဲပဲ စဉ်းစားမယ်ဆိုရင် ဘယ်လုပ်ငန်းမှ ရေရှည်မှာ မအောင်မြင်နိုင်ဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ဥက္ကဌ စောမူတူးဆေးဖိုး၊ ဒု-ဥက္ကဌ ဦးယွက်စစ်၊ ညှိနှိုင်းရေးမှူး (၁) ဦးခွန်ဥက္ကာ၊ ညှိနှိုင်းရေးမှူး (၂) ဦးပူးဇင်ကျုံးနှင့် အစိုးရဘက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်း(နေပြည်တော်)
Photo-ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲမှ ပြန်လည်ထွက်ခွာစဉ်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Post a Comment

 
Top