0

ပဋိပက္ခဖြစ်ပွားခဲ့ပြီး နေအိမ်နှင့် ဘာသာရေး အဆောက်အုံ အစိတ်အပိုင်းအချို့ ဖျက်ဆီးခံရမှုများ ဖြစ်ပွားခဲ့သည့် သူရဲသမိန်ကျေးရွာမှ မွတ်ဆလင် သုံးပုံနှစ်ပုံခန့်မှာ အခြားဒေသများသို့ ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့နေထိုင်ရန် နေရပ်စွန့်ခွာ ထွက်သွားကြကြောင်း မွတ်ဆလင်အသိုင်းဝိုင်းထံမှ သိရသည်။
သူရဲသမိန်ကျေးရွာတွင် မွတ်ဆလင်ဦးရေ ၂၈၀ ခန့် ( အိမ်ခြေ ) ၄၀ ခန့် နေထိုင်ပြီး ၊ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဇွန်လ ၂၃ ရက် နောက်ပိုင်းမှစတင်ကာ သိမ်ဇရပ် ၊ မုတ္တမ ၊ မြစ်ကျိုး ၊ ပဲခူး ၊ ရန်ကုန်အစရှိသည့် ဒေသများသို့ နေ့စဉ်ရက်ဆက် စွန့်ခွာသွားရောက် နေထိုင်နေကြခြင်းဖြစ်သည်ဟု မွတ်ဆလင်အသိုင်းအ၀ိုင်းမှ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။
“နေ့တိုင်းထွက်နေကြတယ်။ ဆွေးမျိုးနီးစပ်ရှိတဲ့ မြို့တွေဆီပေါ့။ အခုနောက်ဆုံး ဒီနေ့ ဇွန်လ ၂၇ ရက်နေ့မှာ ကြားတာက ၃ ပုံ ၂ ပုံလောက်ကို ရွာမှာမရှိတော့ဘူးလို့ ကြားတယ်” ဟု အဆိုပါ အမည်မဖော်လိုသည့် ပုဂ္ဂိုလ်က ဇွန်လ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် The Ladies News သို့ ပြောသည်။
“ အခုအခြေအနေကတော့ အားလုံး အေးအေးဆေးဆေး ပြန်လည်ပတ်နေပါပြီ။ စိုးရိမ်စရာတော့ မရှိတော့ပါဘူး” ဟု ဝေါမြို့နယ် ရဲတပ်ဖွဲ့မှူးမှ တာဝန်ရှိသူတစ်ဦးက The Ladies သို့ ပြောကြားသည်။
ဇွန်လ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် ယင်းကျေးရွာရှိ ကျေးရွာသားအချို့ ခိုက်ရန် ဖြစ်ပွားခြင်းကြောင့်၊ ယင်းရွာ ရဲကင်းစခန်းမှူး ဦးစီးအဖွဲ့မှ သွားရောက် ထိန်းသိမ်းခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် လူစုကွဲခဲ့ကြောင်း၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရာရှစ်ဆိုသူမှာ ဝဲဘက်ချိုစောင်းတွင် အနည်းငယ် ဒဏ်ရာရရှိခဲ့သဖြင့် ယင်းကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် ဆေးကုသပေးခဲ့ပြီး၊ ဖြစ်စဉ်ဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးတပ်ဖွဲ့ဝင်များ သွားရောက်ပြီး စစ်ဆေးဆောင်ရွက်လျက် ရှိသည်ဟု ထုတ်ပြန်ခဲ့သည့်အပြင် သူရဲသမိန်ကျေးရွာမှ ရွာသူ၊ ရွာသား ၂၀၀ ခန့်သည် ညနေ ၃ နာရီခွဲခန့်တွင် ယင်းကျေးရွာရှိ ဘာသာရေး အဆောက်အအုံနှင့် အနီးရှိ နေအိမ်ပစ္စည်းများအား ဝင်ရောက် ဖျက်ဆီးခဲ့ပြီး ညနေ ၄ နာရီ ခွဲခန့်တွင် လူစုကွဲသွားကြောင်း အစိုးရပိုင် သတင်းစာများတွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ပဋိပက္ခဖြစ်ပွားခဲ့သည့် သူရဲသမိန်ကျေးရွာတွင် လုံခြုံရေး အင်အား ၁၀၀ ကျော် ချထားကြောင်းလည်း သိရပြီး ပဋိပက္ခမဖြစ်မှီက အဆိုပါကျေးရွာတွင် နေထိုင်သူ စုစုပေါင်း ၂၈၀၀ ကျော်ရှိကြောင်း သိရသည်။
ဝသန်
Photo - Coconut media
The Ladies News
The Ladies News Journal

Post a Comment

 
Top