0

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးတွင် ခန္ဓာကိုယ်တစ်ခုလုံးကို ရောဂါရှာဖွေပေးနိုင်မည့် CT ရောဂါရှာဖွေရေးစက် တပ်ဆင်ပြီးဖြစ်သော်လည်း ဓာတ်မှန်အထူးကုဆရာဝန်မရှိသဖြင့် အသုံးမပြုနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။
ကျပ်သိန်း ၄၀၀၀ ခန့်တန်ဖိုးရှိ CT ရောဂါရှာဖွေရေးစက်ကို နိုဝင်ဘာလအတွင်းက အပြီးတပ်ဆင်ထားပြီး လက်ရှိတွင် ယင်းစက်ကိုကျွမ်းကျင်စွာအသုံးပြုနိုင်သည့် ဓာတ်မှန်အထူးကုဆရာဝန်မရှိ၍ အသုံးမပြုနိုင်သေးခြင်းဖြစ်ကြောင်း အဆိုပါဆေးရုံအုပ်ကြီး ဒေါက်တာဇော်လင်းက ဆိုသည်။
“ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ရောဂါဝေဒနာတွေကို အသေးစိတ်ရှာဖွေပေးနိုင်တဲ့စက်ကြီး တပ်ဆင်ပြီးဖြစ်လို့ ဒီဇင်ဘာလမှာ စတင်အသုံးပြုနိုင်မယ်လို့ မှန်းထားပေမယ့် ဓာတ်မှန်ဆရာဝန်က ပါရဂူဘွဲ့သင်တန်းပါသွားလို့ အသုံးမပြု နိုင်သေးဘူး။ ဝန်ကြီးဌာနက နောက်ထပ်ဓာတ်မှန်ဆရာဝန် အစားထိုးပေးပို့လာရင်တော့ စတင်အသုံးပြုနိုင်မှာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ 16 Multi Slice CT Scanner သည် ဦးခေါင်းပိုင်းနှင့် ဝမ်းဗိုက်ပိုင်းရှိ ရောဂါဝေဒနာများကိုသာမက ကင်ဆာရောဂါဖြစ်ပွားပါကလည်း အမျိုးအစားနှင့် တည်နေရာတို့ကို သာမန်ဓာတ်မှန်စက်ထက် တိကျစွာ ရောဂါရှာဖွေ ပေးနိုင်ကြောင်း၊ မိမိတာဝန်ထမ်းဆောင်ချိန်၌ တပ်ဆင်ပြီးဖြစ်သည့် ရောဂါရှာဖွေရေးစက်ကြီးကို စတင်အသုံးပြုပေးလိုသော်လည်း ပါရဂူသင်တန်းတက်ရောက်ရန် အရွေးချယ်ခံရ၍ သွားရောက်ရမည်ဖြစ်ကြောင်း ကျိုင်းတုံအထွေထွေ ရောဂါကုဆေးရုံကြီးမှဓာတ်မှန်အထူးကုဆရာဝန်ဒေါက်တာမြနှင်းမောင်က ပြောကြားသည်။
“ဒီဆေးရုံကြီးက ပြည်နယ်အဆင့်ဆိုတော့ ဒေသအတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေက အားကိုးတကြီးဒီဆေးရုံပဲလာတက်ကြတယ်။ ဆေးရုံကြီးမှာ တစ်ကိုယ်လုံးရောဂါရှာဖွေပေးနိုင်တဲ့စက်ကြီး တပ်ဆင်ထားလို့ဝမ်းသာပေမယ့် အသုံးမပြုနိုင်သေးလို့ စိတ်မကောင်းဘူး။ အရင်ကဆို ဒီကဒေသခံတွေမှာ ထိုင်းဘက်ကိုပဲသွားပြီး ရောဂါရှာဖွေရတော့ငွေကုန်လူပမ်း ဖြစ်ခဲ့ရတယ်”ဟု အသက်၆၀ကျော်အရွယ် ကျိုင်းတုံဒေသခံ မြို့မိမြို့ဖတစ်ဦးက သုံးသပ်ပြောဆိုသည်။
The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top