ရန်ကုန်၊ ဇန်နဝေါရီ ၁
ကချင်ပြည်နယ်အတွင်းရှိ အခွန်အခကိစ္စများအပါအဝင် ယာဉ်၊ ယန္တရားများ တရားမဝင်ဝင်ရောက်ခဲ့မှုများနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ခေါ်ယူစစ်ဆေးနေကြောင်း အဆိုပါစစ်ဌာနချုပ်မှ သိရသည်။
ယင်းကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ်စစ်ဆေးနေခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့၏ ဒုတိယဝန်ကြီးများလည်း စစ်ဆေးရေးအဖွဲ့တွင်ပါဝင်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူက ထုတ်ဖော်ပြောကြားသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ပြီးခဲ့သည့်ဒီဇင်ဘာလ၂၈ရက်နေ့မှစ၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တပ်ရိပ်သာတွင်ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ အလားတူကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငါန်ဆိုင်းကိုမူ နေပြည်တော်၌ ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်းက ပြည်ထောင်စုအစိုးရအဖွဲ့ကခေါ်ယူစစ်ဆေးမှုပြုခဲ့ပြီး ဒီဇင်ဘာလ၃၁ရက်နေ့က မြစ်ကြီးနားသို့ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း နေပြည်တော်အစိုးရအသိုင်းအဝိုင်းအတွင်းမှသိရသည်။
“ဝန်ကြီးချုပ်နေပြည်တော်ကိုသွားတာ ဒီဇင်ဘာလထဲမှာကို နှစ်ကြိမ်သွားခဲ့ရတယ်။ မနေ့ညနေ ၃ နာရီလောက်ကတော့ ပြန်ရောက်လာပြီ။ တိုင်းရင်းသားရေးရာဝန်ကြီးလေးဦးတော့မပါဘူး။ ကျန်၁၆ဦးထဲကတချို့ကို
ခေါ်စစ်တယ်။ နှစ်ယောက်ကတော့အခြေအနေမကောင်းဘူးကြားတယ်” ဟု ကချင်ပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားဆီကဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ခေါ်ယူစစ်ဆေးခံရသူများတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းအချို့လည်းပါဝင်ကြောင်း အဆိုပါဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကပြောသည်။
အလားတူကချင်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ အကောက်ခွန်တာဝန်ရှိသူများနှင့် ကုမ္ပဏီအချို့လည်းပါဝင်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံမှသိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တစ်ပတ်နွမ်းမြေတူးဖော်ရေးယန္တရားကြီးအစီး ၈၈၀တင်သွင်းခဲ့ပြုခဲ့ရာ၌ အမှန်တကယ်တင်သွင်းရာတွင်
ယန္တရားဟောင်းတင်သွင်းခွင့်အကောက်ခွန်ဆောင်ကာ ယန္တရားသစ်များကိုတင်သွင်းခဲ့ကြောင်း၊ အလားတူကချင်ပြည်နယ်ဝန်ကြီးချုပ်၏ခွင့်ပြုမိန့်ဖြင့် မည်သည့်အခွန်အခမျှပေးဆောင်မှုမပြုဘဲ ယာဉ်မျိုးစုံ၃၄၉
စီးရှိကြောင်း ယင်းကိစ္စကိုကိုင်းတွယ်စုံစမ်းရေးသည့်အဖွဲ့နှင့်နီးစပ်သူများထံမှသိရသည်။
“တိုက်ရိုက်ပတ်သက်နေသူအားလုံးကို တပ်ရိပ်သာထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကလာရောက်ပြီး စစ်ဆေးမှုတွေလုပ်နေပါတယ်။ တပ်ကစစ်ဆေးတာမဟုတ်ဘူး။စစ်ဆေးဖို့နေရာပေးတဲ့သဘောပါ။
ဝန်ကြီးချုပ်ကိုတော့ ပြည်နယ်အဆင့်မှာစစ်ဆေးတာမရှိဘူး။ နားလည်မှုနဲ့လုပ်တာတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေပါပဲ”ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့်အရာကြီးတစ်ဦးကဆိုသည်။
ယင်းစစ်ဆေးမှုမတိုင်မီက ကန်ပိုက်တီးနယ်စပ်သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးနှင့်အဖွဲ့ သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ကချင်ပြည်နယ် နယ်မြေလုံခြုံရေးတပ်ဖွဲ့ထံမှ သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးဇော်သိန်းကို ယင်းသို့ခေါ်ယူစစ်ဆေးနေမှုနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် “ဦးဇော်သိန်းက အခုတိုင်းစစ်ဌာနချုပ်က မလိခရိပ်သာကို ဒီကိစ္စနဲ့ပတ်သက်တဲ့
စာရွက်စာတမ်းတွေသွားပို့ပေးနေရတယ်” ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးထွန်းထွန်းကျော်ကပြန်လည်ဖြေကြားသည်။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းနယ်မြေတွင် မြေပြိုမှုများဖြစ်ပွားပြီးနောက် ကျောက်စိမ်းတူးဖော်သည့်ယန္တရားကြီးများ များပြားစွာဝင်ရောက်လာမှုကို တားဆီးအရေးယူပေးရန်ဒေသခံများက တောင်းဆိုမှုများရှိခဲ့သည်။
“Mobile Team အဖွဲ့ထဲမှာလည်း စစ်ဆေးခံရတယ်ဆိုတာကြားပါတယ်။ ဘယ်သူတွေပါတယ်ဆိုတာမသိဘူး။ အဖွဲ့ကိုဖျက်သိမ်းလိုက်တယ်ဆိုလည်း တာဝန်ရှိသူတွေကတော့ ရှင်းရလင်းရမယ့် တာဝန်အရတော့ရှင်းရမှာပေါ့” ဟု
တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ တာဝန်ရှိသူတစ်ဦးကဆိုသည်။
တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီကို ဒီဇင်ဘာလတွင်ဖျက်သိမ်းကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် မြန်မာတစ်နိုင်ငံလုံးရှိ Mobile Team အဖွဲ့များ၏လုပ်ငန်းဆောင်တာများကို ဒီဇင်ဘာလ ၃၀ရက်နေ့ ညနေ၄နာရီမှ စတင်ရပ်ဆိုင်းခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမှသိရသည်။
The Voice Weekly
Post a Comment