Published on Fri, 01/01/2016
(၁)
ယနေ့ကမ္ဘာ့စီးပွားရေး အခြေအနေကို ခြုံငုံလေ့လာကြည့်လျှင် အမေရိကန်နိုင်ငံ ဗဟိုဘဏ်၏ အဓိက ဘဏ်တိုးနှုန်းကို သုညရာခိုင်နှုန်း - ၀ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၀ ဒသမ ၂၅ ရာခိုင်နှုန်း - ၀ ဒသမ ၅ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်ခြင်း၊ တရုတ်နိုင်ငံ၌ ယွမ် ငွေကြေးသည် ကမ္ဘာ့ငွေကြေး ကဏ္ဍတွင် ပိုမို ခိုင်မာလာစေရန် ချဉ်းကပ်လာခြင်း၊ တရုတ်နိုင်ငံနှင့် အမေရိကန်တို့ အကြားတွင် နိုင်ငံရေးသြဇာ အရှိန်အ၀ါ ဖြန့်ကြက်မှု၊ ယှဉ်ပြိုင်မှု မြင့်တက်လာခြင်း၊ တရုတ်နိုင်ငံသည် ဗြိတိန်နိုင်ငံကို အစပြု၍ ဥရောပသမဂ္ဂ နိုင်ငံများနှင့် အထွေထွေ ဆက်ဆံရေးကို တိုးမြှင့်ရန် အပတ်တကုတ် ကြိုးပမ်းလာနေခြင်း၊ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကြား ယှဉ်ပြိုင်မှု ပိုမိုကြီးထွားလာခြင်း၊ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ အထူးသဖြင့် ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် နယ်မြေပိုင်နက် အငြင်းပွားမှု ပြင်းထန်လာနေခြင်း၊ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းမှာ လက်ရှိအချိန်ထိ ကျဆင်းမြဲ ကျဆင်းနေခြင်း တို့အပြင် အမေရိကန် ပြည်ထောင်စုသည်လည်း ပြည်တွင်းရေနံကို တင်ပို့ရောင်းချရန် ပြင်ဆင်လာနေခြင်း စသည်တို့အပြင် အရှေ့တောင် အလယ်ပိုင်း ဒေသတွင်းရှိ ပဋိပက္ခသည်လည်း နိုင်ငံအသီးသီးမှ စစ်ရေးအရ ၀င်ရောက် ပါဝင်လာသည်အထိ ကြီးမား လာနေသည်ကို တွေ့မြင်ရသည်။
(၂)
ဆိုလိုသည်မှာ ယင်းအထက်ပါ အခြေအနေ အရပ်ရပ်တို့၏ ပုံသဏ္ဌာန် (Types/Cause) တို့နှင့်အတူ လားရာသဏ္ဌာန် (Trends) ကို လေ့လာကြည့်လျှင် မြန်မာနိုင်ငံ၏ ဒေသတွင်း နိုင်ငံများ (သို့မဟုတ်) အိမ်နီးချင်းနိုင်ငံများနှင့် မဝေးကွာလှသော ဒေသတွင်း နိုင်ငံများတွင် အခြေပြု ဖြစ်ပေါ်လျက် ရှိသည် ဆိုသည့် အချက်ပင် ဖြစ်သည်။
(၃)
ယင်းကဲ့သို့သော အခြေအနေ အရပ်ရပ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးသို့လည်း အနည်းနှင့်အများ၊ အနှေးနှင့် အမြန်ဆိုသကဲ့သို့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ သက်ရောက်မှုများ ပေးလာနိုင်ပေလိမ့်မည်။ မည်ကဲ့သို့ပင်ဆိုစေ ပြဿနာများကို ကြိုတင်ပြင်ဆင်ထားရှိခြင်း (Crisis Preparation)၊ ပြဿနာများ စီမံခန့်ခွဲမှု (Crisis Management) အစရှိသည်တို့ လိုအပ်ပေသည်။
(၄)
ယင်းကဲ့သို့ အထက်ပါ ဖြစ်စဉ်များသည် ရုတ်ခြည်း (Suddenly) ဖြစ်ပေါ်ခြင်း မဟုတ်ဘဲ ကြိုတင် တွေးဆ ကြိုတင် ပြင်ဆင်ပြီးမှသာ လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ယင်းကဲ့သို့သော ပြင်ပအခြေအနေများ (External International Factors) နှင့် ပြည်တွင်းအခြေအနေများ (Internal Domestic Factors) များပေါ်တွင် မည်ကဲ့သို့ တုံ့ပြန်မည်နည်း ဆိုသည်ပင် ဖြစ်သည်။
(၅)
အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်လာခြင်းသည် နှိုင်းယှဉ်တန်ဖိုးအနေဖြင့် မြန်မာကျပ်ငွေ တန်ဖိုးကို ကျဆင်း စေနိုင်သည်ဟု ဆိုလျှင်လည်း မြန်မာကျပ်ငွေ ကျဆင်းမှုသည် မြန်မာနိုင်ငံ၏ ပြည်ပတင်ပို့မှု ပမာဏကို မြင့်တက် စေနိုင်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက ယင်းကဲ့သို့ ပြင်ပ အခြေအနေများပေါ်တွင် တုံ့ပြန် နိုင်စွမ်းအားနည်းသော အခြေအနေ (သို့တည်းမဟုတ်) အခွင့်အလမ်း အားနည်းသော အခြေအနေ ဖြစ်နေပေလိမ့်မည်။
(၆)
တစ်ဖန် ၂၀၁၆ နှစ်သည် မကြာခင် စတင်တော့မည်ဖြစ်ပြီး ယင်းနှစ်တွင်ပင် အစိုးရသစ် ပေါ်ထွက်လာတော့မည်ဖြစ်ရာ နိုင်ငံ၏ ငါးနှစ်တာကာလအတွင်း မည်ကဲ့သို့ ပုံဖော်သွားမည် နည်းဆိုသည်မှာလည်း လွန်စွာ စိတ်ဝင်စားဖွယ် ဖြစ်ပေလိမ့်သည်။
(၇)
အရေးကြီးဆုံးဟု ယူဆရသည်မှာ ယနေ့မြန်မာနိုင်ငံသည် အနာဂတ် မြန်မာနိုင်ငံ၏ ရှေ့ပြေး အခြေအနေများဖြစ်၍ အနာဂတ်ကို မျှော်တွေးကာ အခြေအနေ အရပ်ရပ်အတွက် ကြိုတင် ပြင်ဆင်ထားရပေလိမ့်မည်။ သို့မဟုတ်ပါက ယင်းကဲ့သို့သော အင်အားပြိုင်ဆိုင်မှုများ (နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား) သက်ရောက်မှုအဖြစ်ဖြင့် “ငွေလဲလှယ်နှုန်း”အပေါ်တွင် မည်သို့မည်ပုံ ပေါ်ပေါက် စေနိုင်သနည်း ဆိုသည်ပင် ဖြစ်သည်။
(၈)
ရေနံစိမ်းဈေးနှုန်း ကျဆင်းနေမှုသည် (အထူးသဖြင့်) ကုန်ထုတ်လုပ်မှု စရိတ်စက (အခြေခံ ထုတ်ကုန်များကို ထုတ်လုပ် ရောင်းချသော နိုင်ငံများ) ကို ကျဆင်းစေနိုင်သောကြောင့်၊ ယင်းကို အခွင့်အရေးအဖြစ် မရယူနိုင်သော နိုင်ငံများ (မြန်မာနိုင်ငံကဲ့သို့သော အရင်းအနှီး၏ စရိတ်စက Cost of Capital မြင့်မားနေသော နိုင်ငံများ) အနေဖြင့်မူ “ငွေကြေးတန်ဖိုး ကျဆင်းသော်လည်း ပြည်ပ ပို့ကုန်ပမာဏကို မြှင့်တင်ရန် ဆိုသည်မှာ ခက်ခဲနေနိုင်ပါသည်။
(၉)
တစ်ဖန် တွင်းထွက် သယံဇာတမှ ရငွေသည် စုစုပေါင်း ပြည်ပပို့ကုန် ပမာဏ၏ ရာခိုင်နှုန်း ၆၀ ခန့်ရှိသည်ဟုဆိုသဖြင့် ပြည်ပပို့ကုန် အမျိုးအစားများ ပိုမို မြှင့်တင်ပေးနိုင်မည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ (FDI) နှင့် ပြည်တွင်းနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုများကို ပေါင်းစပ် ညှိနှိုင်းပေးရန်လည်း လိုအပ်နေပေလိမ့်မည်။
(၁၀)
အကယ်၍ “ကျပ်ငွေတန်ဖိုးကျဆင်းမှု”သည် အမေရိကန်ဒေါ်လာနှင့် သာမကဘဲ တရုတ်ယွမ်ငွေနှင့် နှိုင်းယှဉ်၍လည်း ဆက်လက်ကျဆင်းပါက “Dollarization”သာမကဘဲ “Yuanization”နှင့်ပါ ရင်ဆိုင် ရနိုင်ပေ သည်။
(၁၁)
ယနေ့တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ စီးပွားရေး အင်အားကြီးနိုင်ငံနှင့် ကမ္ဘာပေါ်တွင် နိုင်ငံခြားအရံငွေပမာဏ (Foreign Currency Reserve) တွင် အမေရိကန်ဒေါ်လာဖြင့် အများဆုံး ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သော်ငြားလည်း မိမိနိုင်ငံ၏ (ယွမ်ငွေ) ငွေကြေးတန်ဖိုးကို ခိုင်မာစေရန်နှင့် တည်ငြိမ်ရန်အတွက် အဓိက ဦးစားပေး စဉ်းစားပေလိမ့်မည်။ ဆိုလိုသည်မှာ အမေရိကန် ဒေါ်လာကို အရံနိုင်ငံခြား ငွေပမာဏအဖြစ် ထားရှိသော်လည်း မိမိနိုင်ငံ၏ ယွမ်ငွေကိုလည်း တန်ဖိုးကျဆင်း (ထိုးကျ) မသွားစေရန်အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ဖြန့်ကြက်ထားရှိ ပေနိုင်ပါသည်။ ဤတွင် စီးပွားရေးအင်အား ချည့်နဲ့သော နိုင်ငံအနေဖြင့် Dollarization (ဒေါ်လာကို တွင်တွင်ကျယ်ကျယ် အစားထိုး အသုံးပြုခြင်) နှင့် Yuanization (တရုတ်ယွမ်ငွေကို တွင်တွင်ကျယ်ကျယ် အစားထိုး အသုံးပြုခြင်း) ဟူသော Double Edge Dillenma (အသွား နှစ်ဖက်ရှိ ရွေးချယ်ရခက်ခဲသော အနေအထား) သို့လည်း ကျဆင်းသွားနိုင်ခြင်းပင် ဖြစ်သည်။
(၁၂)
အထက်တွင် ရေးထားသကဲ့သို့ ယနေ့ကမ္ဘာ့နိုင်ငံများ၏ ယခင့်ယခင်နှင့် မတူသော ရွေ့လျားမှုများကို တွေ့မြင်ရပြီး ယင်းတို့၏ အကျိုးဆက်များ (Consequences)၊ ဘေးထွက်ဆိုးကျိုးများ (Sides effects)၊ သက် ရောက်မှုများ (Impacts) တို့ကို သိရှိထားရန် လိုအပ်ပေလိမ့်မည်။
Writer:
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
Eleven Media Group
Post a Comment