0


Byညီညီဇော်On Fri, 2016-01-01

ခုနှစ်သက္ကရာဇ်တစ်ခု ကူးပြောင်းတော့မည့် နှစ်တစ်နှစ်၏ နောက်ဆုံးညဖြစ် သည့် ဒီဇင်ဘာ ၃၁ရက်ညတွင် လာမည့်နှစ်သစ်ကို ပျော်ရွှင်ဖွယ်နှစ်သစ် ဖြစ်ပါစေကြောင်း ဟက်ပီးနယူးရီးယားဟု ဆုတောင်းကာ နှစ်ကူးကြသည့်အလေ့အထရှိလာကြပြီဖြစ်သည်။ မန္တလေးတွင်လည်း ထိုအလေ့အထရောက်လာခဲ့ သည်မှာ နှစ်အနည်းငယ်ကြာခဲ့လေပြီ။ ဟက်ပီးနယူးရီးယားဟု အော်ဟစ်ကြိုဆိုဖို့အ တွက် ည ၁၂ နာရီမထိုးမီ စုဝေးရောက်ရှိတတ်သည့်နေရာကတော့ မန္တလေးနန်းမြို့ ကျုံးအရှေ့တောင်ထောင့်၊ ဒေသအခေါ်ကတော့ ဆီဒိုးနားဟိုတယ်ရှိ၍ ဆီဒိုးနား ထောင့်ဟု ခေါ်ဆိုကြသည်။ နှစ်ကူးညဆိုလျှင် ထိုကျုံးထောင့်မှာ ဆိုင်ကယ်တွေ၊ ကားတွေ ကျပ်ညပ်လျက် သင်္ကြန်ပွဲတော်အလား စည်ကားလွန်းလှသည်။

နှစ်သစ်ကူးတော့မည့် ထိုညလေးမှာ အများပျော်သလို မပျော်ရဘဲ တာဝန် တွေထမ်းဆောင်နေရသူများထဲတွင် ထိုကျုံးထောင့်ရှိ ယာဉ်ထိန်းအဆောက်အအုံ ငယ်လေးအတွင်းမှ ယာဉ်ထိန်းဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုရဲတစ်ယောက်လည်း ပါဝင်ပါသည်။ ကိုရဲက အသက် (၂၈)နှစ်အရွယ် လူငယ်ယာဉ်ထိန်းရဲတစ်ဦး ဖြစ်သည်။ သူယာဉ်ထိန်းရဲဖြစ်ပြီးကတည်းက နှစ်ကူးညတိုင်း ကျုံးထောင့်မှာ တာဝန်ကျတာ သည်နှစ်နှင့်ဆို သုံးနှစ်ရှိပြီဖြစ်လေသည်။

နှစ်ကူးညတွေမှာဆို သာမန်ညတွေထက် ယာဉ်တွေက ပိုမိုရှုပ်ထွေးလွန်း သည်။ ည ၁၀ နာရီကျော်လောက်ရောက်သည်နှင့် ထိုကျုံးထောင့်မှာ လူတွေ၊ ယာဉ်တွေက များသထက်များလာသည်။ မီးပွိုင့်လည်းပိတ်ပေးထား ရသည်။ မပိတ်လို့လည်းမရ။ ယာဉ်တွေက လမ်းပေါ်မှာ အကုန်ပိတ်ဆို့ကာ နေရာယူ ထားကြလေပြီ။

ယာဉ်ကြောရှုပ်ထွေးတတ်ချိန်၊ အမှုအခင်းထူပြောတတ်ချိန်မို့ ထိုညမျိုးမှာ ယာဉ်ထိန်းရဲ လေး၊ ငါး၊ခြောက်ဦးလောက် ချထားပေးရသည်။ ပုံမှန် ညပိုင်း ၁၁ နာရီ၊ ၁၂နာရီ ဂျူတီပြီးတတ်သော်လည်း နှစ်ကူးညမှာတော့ တစ်ညလုံးတာဝန်ထမ်းဆောင်ရသည်။ မစောင့်လို့လည်းမရ။ တချို့နှစ် ကူးမှာ အပျော်ကြူးကြသူတွေက ပျော်ရုံနဲ့တင်အားမရ။ ယာဉ်ထိန်းရဲ အဆောက် အအုံလေးက မှန်တွေကို ထုခွဲသွားတာမျိုး၊ မီးပွိုင့်နှင့်သွယ်ထားသည့် ၀ိုင်ယာကြိုးတွေကို ဆွဲဖြုတ်သွားတာမျိုးတွေ လုပ်တတ်ကြသည်။ ထို့ကြောင့် သည်လိုညမျိုး ယာဉ်ထိန်းရဲတစ်ဦးတည်း တာဝန်ချထားလို့ မရတော့။ လေး၊ ငါး၊ ခြောက်ဦး တာဝန်ယူရသည်။

နယူးရီးယားညမျိုးမှာ ကိုရဲ၏ သူငယ်ချင်းတွေကလည်း ကျုံးဘေး မှာ ရောက်ရောက်လာတတ်သည်။ သူငယ်ချင်းတွေက ဟက်ပီးနယူးရီး ယားအော်တော့ ကိုရဲလည်း လိုက်အော်ချင်မိသည်။ သို့သော် ယူနီ ဖောင်းနှင့်ဝန်ထမ်းဖြစ်နေတော့ တာဝန်တွေရှိနေသည်မို့ ပျော်ချင်ပါးချင်စိတ်တွေ အဝေးပြန်ရောက်သွားရသည်။ ဟက်ပီးနယူးရီးယား အော်ပြီး လူတွေ၊ ယာဉ်တွေရှင်းလင်းသွားပြီဆိုရင်တော့ ယာဉ်ထိန်း အဆောက်အအုံကျဉ်းကျဉ်းလေးထဲ စုဝေးအိပ်ကြရသည်ဟု ကိုရဲက ပြောပြသည်။

ဟက်ပီးနယူးရီးယားအော်ပြီးချိန်မှာ ကိုရဲတို့အလုပ်တွေပါးသွား သော်လည်း ထိုအချိန်မှ အလုပ်စတင်များရသူတစ်ဦး ရှိနေပါသည်။ သူကတော့ ကျုံးနံဘေး ၂၆ ဘီလမ်း ၇၄ လမ်းနှင့် ၇၅ လမ်းကြား တွင် လေထိုးကျွတ်ဖာဆိုင်ဖွင်ထားသူ ကိုမောင်ကျော် ဖြစ်ပါသည်။

နယူးရီးယားညဆိုလျှင် သောက်ပြီးသည့် ဘီယာနှင့် အရက် ပုလင်းတွေ လမ်းပေါ်ခွဲချခဲ့သူအချို့၏ အပြုအမူတွေကြောင့် ဆိုင်ကယ်ဘီးတွေပေါက်တတ်ပါသည်။ နယူးရီးယားအော်အပြီး အိမ်ပြန်ဖို့လုပ်မှ ဆိုင်ကယ်ဘီးပေါက်နေတော့ ဒုက္ခရောက်ကြ တော့သည်။ ထိုအခါ ကိုမောင်ကျော်၏ လေးထိုးကျွတ်ဖာဆိုင် လေးဆီဆိုင်ကယ်တွေ အပြေးတွန်းလာတတ်ကြသည်။ ကိုမောင်ကျော်နား ဘီးပေါက်ဆိုင်ကယ်တွေ ၀ိုင်းဝိုင်းလည်နေ တော့သည်။ သူ့အရင်လုပ်ပေး၊ ကိုယ့်အရင် လုပ်ပေးဆိုသည့် စကားသံတွေ ဆူညံနေလေ့ရှိသည်။ ကိုမောင်ကျော်တစ် ဦးတည်း ဘီးပေါက်ဆိုင်ကယ်တွေကို လက်အန်သေတဲ့အ ထိလုပ်ပေးရသည်ဟုဆိုပါသည်။

ထိုသို့လုပ်ပေးရသည့်အခါ အချို့လူငယ်တွေက သောက်စား ထားတာကြောင့် ရစ်တတ်၊ ပြု တတ်တာလေးတွေလည်းရှိသည်။ နောက်ပြီး သူများတွေလည်ပတ် နေချိန် ညည့်နက်သန်းခေါင်ထ အလုပ်လုပ်နေရသည်မို့ သာမန် ရပ်ကထက် ဘီးဖာခလေးများ ပို ယူမိလျှင် ပြောဆိုသွားတတ်ကြ သည်။ နောက်ပြီးဖြစ်တတ်သည် က နှစ်ကူးည လည်ပတ်စား သောက်လာကြ၍ ဘီးဖာစရာ ပိုက်ဆံတစ်ပြားမှ မကျန်တော့ တာဖြစ်သည်။ အချို့ကတော့ ပိုက်ဆံမပါတော့၍ဟု ရိုးရိုးသား သားပြောကာ အကူအညီတောင်း သည်။ မှတ်ပုံတင်တွေ၊ ဆိုင်ကယ် လိုင်စင်၊ လူလိုင်စင်တွေထားသွား ပါမည်ဟု ပြောဆိုကြသည်။ ကိုမောင်ကျော်က ပြင်ဆင်ပေး လိုက်သော်လည်း ထားသွားသည့် လိုင်စင်တွေ၊ မှတ်ပုံတင်တွေလည်း ပြန်လာမရွေးတတ်ကြ။ ထို့ထက် ဆိုးသည်က ဘီးဖာပြီးတော့ ပိုက် ဆံမပေးဘဲ ဆိုင်ကယ်ပေါ်တက် မောင်းပြေးတတ်သူအချို့နှင့် လည်း ဆုံဖူးသည်ဟု ကိုမောင် ကျောက် ပြောပြသည်။

ထိုဒဏ်ကို ကိုမောင်ကျော် တစ်ယောက်တည်း ခံရသည် တော့မဟုတ်။ ကျုံးဘေးတံမြက် စည်းလှည်းရသည့် စည်ပင်သန့် ရှင်းရေးဝန်ထမ်း ဒေါ်ထိုက်တို့တစ် တွေလည်း ကြုံတွေ့ရပါသည်။ သာမန်နေ့မျိုး နံနက်ငါးနာရီမှ တံမြက်စည်းစလှည်းရသည်ဖြစ် သော်လည်း နှစ်ကူးပြီးနောက်တစ် နေ့ နံနက်ခင်းမှာ လေးနာရီအ ရောက် ကျုံးနံဘေးလာရပါသည်။

ဒေါ်ထိုက်တို့လာပြီဆိုလျှင် ညဘက်တုန်းက သောက်စားထား ကြသည့် ဘီယာဘူးခွံ၊ ရေသန့် ဘူးခွံနှင့် အမှိုက်တွေ၊ စားကြွင်း စားကျန်တွေ၊ ပုလင်းကွဲတွေ၊ နောက်ပြီး အန်ဖတ်တွေနှင့် အ ပေါ့အလေးစွန့်ထားသည်များ မြင်မကောင်းအောင် တွေ့ရတတ် သည်။ ထိုအခါ ဒေါ်ထိုက်တို့တစ် တွေ နံနက်နေမထွက်မီ ထိုအမှိုက် တွေ ပြောင်စင်နေအောင် လှည်း ကျင်းရသည်။ ဆောင်းတွင်းချမ်း ချမ်းစီးစီးမို့ အလာတုန်းက အနွေး ထည်တွေဝတ်လာခဲ့ရသော်လည်း တံမြက်စည်းလှည်းရတာကြောင့် အနွေးထည်ချွတ်ရသည်။ ထို့အ ပြင် ချွေးပါစို့လာရသည်ဟု ဒေါ် ထိုက်က ပြောပြသည်။ နောက်ပြီး ညတုန်းက သောက်စားပျော်ပါး ပြီး အိမ်တောင်မပြန်နိုင်သူတွေက ကျုံးဘေးမှာ တုံးလုံးပက်လက်။ ထိုအခါ သူတို့ကိုရှောင်ကွင်းပြီး လှည်းကျင်းရသည်။သူတို့ထသွား မှ အလုပ်ဆက်လုပ်ရသည်ဟု ဒေါ်ထိုက်က ဆိုပါသည်။

ကျုံးနံဘေး နှစ်ကူးညတွေမှာ တာဝန်တွေအလုပ်တွေကိုယ်စီ ဖြင့် ဖြတ်သန်းခဲ့ရသူတွေကတော့ နှစ်ကူးညကို ထူးပြီးခံစားရပုံမ ပေါ်။ နှစ်ကူးညတွေမှာ စည်းနဲ့ ကမ်းနဲ့ပျော်ဖို့၊ ပြည်သူပိုင်ပစ္စည်း တွေ မဖျက်ဆီးဖို့ ယာဉ်ထိန်းရဲဝန် ထမ်း ကိုရဲကတော့ မေတ္တာရပ်ခံ ခဲ့ပါသည်။ ဒေါ်ထိုက်တို့ကတော့ နှစ်ကူးညတွေ၊ သင်္ကြန်တွေမှာ အခုလိုကြုံတွေ့နေကျဆိုတော့ အရေထူနေပုံရလေသည်။ ဘာမှ မှတ်ချက်မပေးတော့။ လေထိုး ကျွတ်ဖာဆိုင်ဖွင့်ထားသူ ကိုမောင် ကျော်ကတော့ လမ်းပေါ်ပုလင်း တွေခွဲသွားတာမျိုးတွေမလုပ်ဖို့ အ ကြံပြုခဲ့ပါသည်။

နှစ်သစ်ကတော့ ပျော်ပျော် ပါးပါးကြီး ကူးခဲ့ပါလေပြီ။ ကိုမောင်ကျော်ကတော့ နှစ်သစ် မှာ ဆိုင်ကြီးတစ်ဆိုင်လောက်ဖွင့် နိုင်ဖို့ ရည်မှန်းထားသည်ဟု ဆိုပါ သည်။ စည်ပင်သန့်ရှင်းရေးသမ ဒေါ်ထိုက်ကတော့ တိုးလာသည့် ကုန်ဈေးနှုန်းတွေကြောင့် လုပ်ခ လစာနှုန်းထားလေးတွေ တိုးလာ ဖို့ သည်နှစ်သစ်မှာ မျှော်လင့်နေ ပါသည်။ ယာဉ်ထိန်းရဲဝန်ထမ်း ကိုရဲကတော့ နှစ်သစ်မှာတက်လာ တော့မည့် အစိုးရသစ်မှာ သူတို့ လိုအစိုးရ၀န်ထမ်းတွေအတွက် လုံလောက်သည့် ပံ့ပိုးမှုများသာ ရရှိမည်ဆိုပါက လိုက်ပါပြောင်း လဲရန် အသင့်ဖြစ်နေပြီဟု ဆိုခဲ့ပါ လေသည်။

ကိုမောင်ကျော်တို့ ကိုရဲတို့ တင်မက မည်သူမဆို နှစ်ကူးအိပ် မက်လေးတွေကတော့ ကိုယ်စီ ကိုယ်စီမက်နေကြပါလိမ့်မည်။ အချိန်ကာလရေစီးကြောင်းက တော့ ခုနှစ်သက္ကရာဇ်တွေကို ခဏလေးနှင့် တိုက်စားသွားဦးမှာ သေချာလှပါသည်။ လာမည့်နှစ် ကူးညတွင် ကိုယ်နှစ်စက မက်ခဲ့ သည့် အိပ်မက်တွေ တကယ်ဖြစ် လာသလား၊ မလာဘူးလားဆို သည်ကတော့ ရင်ခုန်စိတ်လှုပ်ရှား စွာ စောင့်ကြည့်ရပါဦးမည်။

http://www.7daydaily.com/story/54609

Post a Comment

 
Top