လုပ်သင့် လုပ်ထိုက်တာကိုပဲ လုပ်ပါ
|| လှမျိုးထွန်း ||
(လွတ်လပ်ရေး နှင့် ဆက်စပ် အတွေးအမြင်ကို ဖော်ပြအပ်ပါသည်)
မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၆၈ နှစ် ပြည့်သွားပါပြီ။ လွတ်လပ်ရေးရအောင်
နှစ်ပေါင်း များစွာ ကြိုးစား အားထုတ်ယူခဲ့ရသည်။ အသက်ပေါင်း များစွာ
ပေးခဲ့ရသည်။ ဘဝပေါင်းများစွာ စတေးခဲ့ရသည်။ အံ့ဩဖို့ ကောင်းသည်။
လွတ်လပ်ရေးရအောင် စွမ်းစွမ်းတမံ အားထုတ်ခဲ့ကြသူတွေ အားလုံး အမျိုးသား
ရေး စိတ်ဓာတ် ၊ တစ်နည်းဆိုသော် နိုင်ငံသားတာဝန်ကို ပီပီသသ ယူသွားခဲ့ကြ
သည်။ ဘယ်သူမှ လွတ်လပ်ရေးအတွက် အသက်ပေးရမည်၊ လွတ်လပ်ရေးကို
ရအောင်ယူပေးရမည့် တာဝန်ရှိသည် စသည်ဖြင့် စကားလုံး အကြီးကြီးတွေ
မပြောဘဲ လုပ်စရာရှိတာကို လုပ်ရမည့်အချိန်တွင် ကိုယ့်အသိစိတ်ဓာတ်ဖြင့်ကိုယ်
တာဝန်ယူ ဆောင်ရွက်သွားကြတာချည်း ဖြစ်သည်။
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း လမ်းခုလတ်တွင် ကျဆုံးသွားသော
အာဇာနည် ခေါင်းဆောင်ကြီးများပင်လျှင် "လွတ်လပ်ရေးရအောင် လုပ်ဖို့
တာဝန်ရှိသည်" ဟု ဘယ်သူမှ ပြောမသွားခဲ့။ နောင်လာ နောင်သား သားသမီး
များအတွက် ရည်မှန်းကာ လုပ်စရာရှိတာကို လုပ်သင့်သည့် အချိန်တွင် ဘာကိုမှ
မငဲ့ကွက်ဘဲ လုပ်သွားကြတာကို တွေ့ရသည်။
သို့သော် လွတ်လပ်ရေး အလွန်ခေတ်တွင် စကားလုံး အသုံးအနှုန်းတွေက
ပြောင်းလာသည်။ လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ထိန်းသိမ်းစောင့်ရှောက်
ပါမည်။ ပြည်ထောင်စုကြီး မပြိုကွဲအောင် တာဝန်ယူ စောင့်ရှောက်ရမည်
ဆိုသူတွေ ပေါ်လာသည်။ ထိုသူများကား မည်ကဲ့သို့သော လူစားမျိုးဖြစ်သလဲ
ဆိုတာ သေသေချာချာ စဉ်းစားဖို့လိုသည်။
လွတ်လပ်ရေး မရခင်ကလည်း လွတ်လပ်ရေးကို ရအောင်လုပ်ရမည့် တာဝန်
နိုင်ငံသားတိုင်း မှာ ရှိသည်။ တာဝန်ရှိသော်လည်း တကယ်လုပ်သူတွေ
ရှားပါးသည်။ လူအနည်းငယ် လောက်ကသာ ပြင်းပြင်းထန်ထန် အားထုတ်
ခဲ့ကြသည်။ ဒီလူတွေကို ကျန်သော တာဝန်သိ နိုင်ငံသားအချို့က ထောက်ခံ
အားပေးသည်။ လိုအပ်သော အချိန်တွင် လူအား၊ ငွေအား၊ ဆန္ဒမဲအားဖြင့်
လှိုက်လှိုက်လှဲလှဲ အားပေးခဲ့သောကြောင့် မြန်မာနိုင်ငံ ကျွန်ဘဝကနေ တစ်ဆင့်
တက်ကာ လွတ်လပ်ရေး ရခဲ့သည်။
တစ်ဖက်က နိုင်ငံသားအများစု၊ အာဏာ၏ မူလပိုင်ရှင် မဲဆန္ဒရှင်များက
သဘာဝမကျသော အခြေခံဥပဒေကို ပြင်ရမည်ဟု ဆိုသောအခါ ၎င်းဥပဒေကို
ကာကွယ်စောင့်ရှောက်ရမည့် တာဝန်သည် တပ်မတော်အပေါ်တွင် ကျရောက်
သည်ဟူသော စကားသံတွေ ထွက်လာသည်။ ပြင်၍မရသော ဥပဒေဟူသည်
ကား မရှိသေး။ တချို့များဆို တစ်ခါတည်း တစ်ချက်လွှတ် အမိန့်ဖြင့်
ဖျက်တောင်ဖျက်ပစ်တာတွေ ရှိခဲ့ဖူးသည်။
လွတ်လပ်ရေးရအောင် အာမခံပေးခဲ့သည့် ၁၉၄၈ အခြေခံဥပဒေသည်ပင်
စစ်အာဏာရှင်၏ ဖျက်သိမ်းခြင်းကို ခံရသည်။ ရှေ့အာဏာရှင် စိတ်ကြိုက်
ရေးသွားသော တစ်ပါတီ ဆိုရှယ်လစ် အခြေခံဥပဒေကို နောက်က အာဏာ
လိုက်သိမ်းသော အာဏာရှင်က အမိန့်ကြေညာစာ တစ်စောင်တည်းဖြင့်
လွယ်လွယ်လေး ဖျက်သွားသည်။ ထိုအချိန်က အခြေခံဥပဒေကို ကာကွယ်
စောင့်ရှောက်ရမည်ဟု အသံထွက်သော စစ်ခေါင်းဆောင် တစ်ယောက်မှ
မရှိခဲ့တာကို တွေ့ရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ ၆၈ နှစ် ပြည့်သွားပါပြီ။ လွတ်လပ်ခါစ
မြန်မာနိုင်ငံ၏ ခေါင်းဆောင်တွေကို ကြည့်ပါက အားလုံး ငယ်ရွယ်နုပျိုသူတွေ
ဖြစ်ကြတာကို တွေ့ရသည်။ အသက် ၃၀ - ၄၀ ပတ်ဝန်းကျင် လူငယ်တွေနှင့်
တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ ကြိုးပမ်း အားထုတ်ခဲ့ကြခြင်း ဖြစ်၏။
လွတ်လပ်ရေး၏ နောက်ဆက်တွဲ ပြသ၁နာများကို လွယ်လွယ်ကူကူ ဖြတ်သန်း
နိုင်မည်ဟု ထင်သူတွေက ထင်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိခဲ့မည်ဆို
လျှင် နောက်ဆက်တွဲ ပြသ၁နာတွေ ဒီလောက်ဆိုးမည်မထင်။ သူ၏
ခေါင်းဆောင်မှု အောက်တွင် မညီညွတ်မှုများကို အလွယ်တကူ ရင်ကြားစေ့
နိုင်လိမ့်မည် ထင်သည်။ အားလုံး ယုံကြည်သော ခေါင်းဆောင် လုပ်ကြံခံရသော
အခါ အားလုံး မယုံကြည်မှုကိုယ်စီ ဖြစ်သွားသည်မှာ သိပ်တော့မထူးဆန်းပါ။
ဗိုလ်ချုပ်အောင်ဆန်းလို တစ်ခေတ်မှာ တစ်ယောက် ထွန်းပေါက်သည့် အမျိုးသား
ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုဖြင့် အသွေးထဲ အသားထဲကနေ လိုချင်သည့်
လွတ်လပ်ရေးကို တကယ်ရခဲ့ကြပါပြီ။ ဘာဆက်လုပ်ကြမလဲ။ ပုံမှန်အတိုင်းဆို
လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့်အတူ စစ်အပြီး ပြာပုံဘဝကနေ အခြားသော
ကမ္ဘာစစ်ဒဏ် ခံနိုင်ငံများနည်းတူ ပြန်လည် ထူထောင်ရေးတွေ လုပ်ရမှာ
ဖြစ်သည်။
အတ္တကြီးသော လူငယ်လူလတ် အရွယ် နိုင်ငံရေးခေါင်းဆောင် အချို့ကြောင့်
လွတ်လပ်ရေး နှင့်အတူ မယုံကြည်မှုတွေက ကပ်ပါလာသည်။ အသေးအဖွဲ
ပြသ၁နာလေးတွေကနေ လက်နက်ကိုင် သူပုန်ထသည်အထိ ဖြစ်ကုန်တာ
ဆိုးသည်။ နိုင်ငံရေးသမားတွေသာ မဟုတ် စစ်တပ်တွေပါ ယုံကြည်မှုပျက်ကာ
တောခို တော်လှန်သည်က ပိုဆိုးသည်။ ကွန်မြူနစ်ပါတီ တောခိုသည်နှင့် မြန်မာ့
တပ်မတော် တပ်ရင်းအချို့ကပါ အစိုးရကို ဆန့်ကျင်တော်လှန်ကုန်သည်။
ဗမာတပ်ရင်းတွေကိုယ်တိုင် မညီမညွတ် တောခိုကုန်သည့်အခါ ကျန်သော
တိုင်းရင်းသား ကရင်နှင့် ကချင်တပ်ရင်းတွေကပါ လူမျိုးရေး လှုံ့ဆော်မှု
နောက်လိုက်ကာ တောခိုကုန်တာ သိပ်တော့ မထူးဆန်းပါ။ ဒီမိုကရေစီနှင့်
ပြည်သူ့အရေးကို ရှေ့ဆောင်ရှေ့ရွက် ပြုရမည့်အစား ကိုယ်တိုင်က နိုင်ငံရေး
ပယောဂဝင်ပြီး တောခိုသူပုန်ထသော တပ်မတော် စစ်ခေါင်းဆောင် အချို့
ကြောင့် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်က သမိုင်းတွင် ထင်ရှားသော
အမည်းစက်ကြီးဖြစ်ရသည်။
လွတ်လပ်စ မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်အတူ အမျိုးသား
အကျိုးစီးပွားကို အလေးပေးသော စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စီမံကိန်း
တွေကို ဆောင်ရွက်ရမည့်အစား စစ်အင်အားကို အမြန်တိုးချဲ့ရသည်။
ပုန်ကန်မှုများကြောင့် ပျက်ပြားကုန်သော အုပ်ချုပ်ရေးကို တည်ဆောက်ရန်
ဦးစားပေးရသည်။ ဒီလိုနှင့် စစ်တပ်အင်အား ကောင်းလာသည်။ တပ်မတော်သည်
ပါလီမန်အုပ်ချုပ်ရေး၏ အားကိုးရာ ဖြစ်လာသည်။
လွတ်လပ်ရေးရဖို့ တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရသည်။ သူကိုယ်တိုင် ကျောင်းသား
အရွယ် မှစ၍ စားလည်း လွတ်လပ်ရေးစိတ်၊ သွားလည်း လွတ်လပ်ရေးစိတ်ဖြင့်
တစ်ဖြောင့်တည်း တည့်မတ်စွာ တွေးခေါ် လုပ်ကိုင်လာခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း
လွတ်လပ်မရခင် လပိုင်းအလိုမှာတင် အာဏာမက်သူတစ်စု၏ လုပ်ကြံမှုဖြင့်
ငယ်ငယ်ရွယ်ရွယ် စည်းရုံးရေး စွမ်းရည် အမြင့်ဆုံးအချိန်တွင် အသတ်ခံလိုက်ရ
သည်။ သားသမီး သုံးယောက်နှင့် ဇနီးသည်ကို သေကွဲခွဲကာ ရဲဘော်ရဲဘက်
ခေါင်းဆောင် ဝန်ကြီးတွေနှင့်အတူ အစိုးရအဖွဲ့ အစည်းအဝေးခန်းမ အတွင်း
မှာပင် အလုပ်လုပ်နေရင်း အသက်ပေးခဲ့ရသည်။
ရှာမှရှားသော လူငယ်ခေါင်းဆောင်တွေ သွေးဖြင့်စတေးခဲ့သော လွတ်လပ်ရေး
သည် တာဝန်ယူမှုနှင့် တာဝန်ခံမှု အပေါင်းကိုလည်း တစ်ပါတည်း သယ်ဆောင်
လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး တစ်ခုတည်းကိုသာ
မြန်မာနိုင်ငံအတွက် ဆောင်ယူပေးခဲ့သည် မဟုတ်။ လွတ်လပ်ရေးကို အကြောင်း
ပြု၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (ထိုခေတ်စကားဖြင့်ဆိုလျှင်
တောင်တန်းပြည်မ မခွဲခြားသော အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်
ရေး) ကိုပါ တစ်ခါတည်း အရယူပေးခဲ့သူ အမျိုးသားခေါင်းဆောင် အစစ်
ဖြစ်သည်။ လူမျိုးစု ကွဲပြားသည်ကိုသာမက နိုင်ငံရေးအယူအဆ မတူညီသူများကို
ပါ စုစည်း၍ တပ်ပေါင်းစု ညီညွတ်ရေးကိုပါ တည်ဆောက်ပေးခဲ့သူလည်း
ဖြစ်သည်။ သူလိုလူကား ရာစုနှစ်တစ်ခုတွင် တစ်ယောက် ပေါ်ပေါက်ဖို့ပင်
မလွယ်။
လွတ်လပ်ရေးကို အရယူပေးသူက ယူပေးခဲ့သည်။ ဆက်ခံသူတွေက ညီညွတ်
ရေးကို ကြာရှည် မတည်ဆောက်နိုင်သည့် အတွက် ဗိုလ်ချုပ်အောင်ဆန်း
မျှော်မှန်းထားသော ပါလီမန်ဒီမိုကရေစီသည် ထင်သလောက် ခရီးမတွင်နိုင်ဘဲ
ပြည်တွင်း ရောင်စုံသောင်းကျန်းမှုကြောင့် စစ်တပ် ခေါင်းဆောင်အသစ်တွေ
တိုးပွားလာအောင် တွန်းအားပေးသလို ဖြစ်သွားသည်။ လုပ်သင့်လုပ်ထိုက်တာ
ထက် တိုင်းပြည်အတွက် အကျိုးမရှိသော မလုပ်သင့်သည့် လက်နက်ကိုင်
သူပုန်ထလမ်းကြောင်းပေါ်ကို အတင်းတွန်းတင် ပေးလိုက်သည်။ ပုန်ကန်သူ
နောက်လိုက်များကလည်း သူပုန်ထမှ နိုင်ငံကိုချစ်သည်၊ လူမျိုးစုနောက်ကိုလိုက်
အကာအကွယ်ပေးမှ မျိုးချစ်အစစ်ဖြစ်မည်ဟု ရေလိုက်လွဲသောအခါ
လွတ်လပ်ရေးအတွက် စတေးခဲ့ရသူများ ရင်ကျိုးအောင် တိုင်းပြည်အတွက်
တကယ် အလုပ်လုပ်ရမည့်သူများ အချင်းချင်း သတ်ဖြတ်ကုန်ကြရတော့သည်။
ဘုံရန်သူအဖြစ် သတ်မှတ်ထားသည့် နယ်ချဲ့အစိုးရ မရှိတော့သောအခါ ဖုံးကွယ်
ထားသော ဝါဒအစွဲတွေ၊ လူမျိုးရေး ခွဲခြားမှုတွေ၊ ပေါများနေသော စစ်ကျန်
လက်နက်တွေကို အားကိုးမှုတွေ ပေါ်ပေါက်လာသည်။ ထိုအခါ ဗိုလ်မှူးကြီး
တင်မောင်ရေးသော စာအုပ်လို "တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်" ဖြစ်လာ
တော့သည်။ ဘာမဟုတ်သော လူမျိုးရေးပဋိပက္ခ အသေးလေးကနေ ဒဏ်ရာ
ဟောင်းတွေ ဖော်ပြီး သတ်ဖြတ်မှုတွေ လုပ်လာသောအခါ လက်နက်ကိုယ်စီ
ကိုင်ထားသည့်တပ်ဖွဲ့တွေ ဝင်ပါလာသည်။ လွတ်လပ်ရေးရပြီး တစ်နှစ်အတွင်း
မှာပင် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သည်။
ရန်ကုန်မြို့လယ်ကောင်နှင့် အမြောက်တစ်ကမ်းအကွာတွင် အင်းစိန်တိုက်ပွဲကြီး
ဖြစ်သည်။ လပေါင်းများစွာ ကြာအောင် တိုက်ကြခိုက်ကြသည်။ ကျောင်းတွေ
ပိတ်ထားလိုက်ရပြန်သည်။ ရန်ကုန်တက္ကသိုလ် နယ်မြေအတွင်းမှာ အမြောက်
တပ်ဖွဲ့ နေရာယူကာ အင်းစိန်သမိုင်း လမ်းဆုံအကျော် တိုက်ပွဲဖြစ်ပွားရာ
နေရာသို့ လှမ်းပစ်သည်။ ကောလိပ်ကျောင်းသားတွေ ကျောင်းပိတ်သော်လည်း
အိမ်မပြန်တော့ဘဲ သေနတ်ကိုင်ကာ ရန်ကုန်မြို့ကြီး သူပုန်လက်ထဲ ကျမသွား
အောင် ဝင်တိုက်ပေးကြသည်။ မန္တလေး အပါအဝင် မြို့ကြီး အတော်များများကို
သူပုန်တပ်များက သိမ်းလိုက်သည်။ ရန်ကုန်အစိုးရလို့ အနောက်တိုင်း သတင်းစာ
တွေက ခေါ်ဝေါ်သည်အထိ ပါလီမန်ဒီမိုကရေစီက ယိမ်းယိုင်ခဲ့ရသည်။
စစ်အစိုးရ ခေတ်အဆက်ဆက်တွင် နိုင်ငံရေးသမားများကို သိက္ခာမျိုးစုံချသည်။
ကိုယ့်ဘာသာ အာဏာမက်လို့ လုယူထားတာကို တရားမျှတ သယောင် ဝါဒ
ဖြန့်သည်။ ပြည်သူက မဲပေးရွေးချယ်ထားသော အစိုးရကို ဖြုတ်ချပြီး အတင်းဝင်
အုပ်ချုပ်နေတာကို ဖုံးကွယ်ရင်း ပါတီနိုင်ငံရေးသမားတွေကို လက်ညှိုး
ငေါက်ငေါက်ထိုးကာ "နိုင်ငံရေးသမားတွေ အာဏာလုလို့ တိုင်းပြည်ချောက်ထဲဖို့
လက်နှစ်လုံးပဲ လိုတော့တယ်" လို့ ပြောသော ဗိုလ်ချုပ်ကြီးတွေ ပေါ်ပေါက်လာခဲ့
သည်။ နိုင်ငံရေးသမားတွေကို ထောင်ထဲထည့်ရင်း တိုင်းပြည်ကို ဘယ်လို
ကယ်တင်ခဲ့ရကြောင်း အာဘောင်အာရင်းသန်သန် ပြောတတ်သော ဗိုလ်မှူးကြီး
တွေ ဗိုလ်ချုပ်တွေကြောင့် ပြည်သူအများစု နားဝေတိမ်တောင် ဖြစ်ရသည်။
အဲဒီလိုသာပြောသည် နိုင်ငံရေးသမားတွေ တိုင်းပြည်ကို အုပ်ချုပ်သွားတာ
ဆယ်စုနှစ်တစ်ခုသာသာပဲ ရှိသည်။ စစ်တပ်ခေါင်းဆောင်တွေ အတင်းအကျပ်
အုပ်ချုပ်သွားတာ နှစ်ပေါင်း လေးဆယ်ကျော်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၆၈ နှစ်ပြည့်ခဲ့ပါပြီ။ လွတ်လပ်ရေးရသည်
ဆိုသော်လည်း တကွဲတပြား ဖြစ်နေသော နိုင်ငံရေး အယူအဆများနှင့် ပုဂ္ဂိုလ်ရေး
ဂိုဏ်းဂဏအစွဲ ပြင်းထန်မှုများကြောင့် ပါလီ မန်ဒီမိုကရေစီက သက်ဆိုးမရှည်နိုင်
ဘဲ ၁၉၄၈ - ၁၉၆၂ အတွင်း ၁၄ နှစ်သာ ကြာမြင့်ခဲ့သည်။ ဒါတောင် အိမ်စောင့်
အစိုးရ အမည်ခံ အာဏာသိမ်းပွဲကာလ နှစ်နှစ်ခန့်ကို ပြန်နုတ်လိုက်လျှင် ၁၂ နှစ်
နီးပါးသာရှိသည်။
ဒီတော့ ဘာတွေဖြစ်သလဲ။ တိုင်းပြည် တိုးတက်သင့်သလောက် မတိုးတက်ရုံ
သာမက ပြည်သူတွေပါ အလုပ်အကိုင် ရှားပါးကာ ဆင်းရဲတွင်း နက်ကုန်ကြရ
တော့သည်။ နိုင်ငံတကာတွင် ဖွံ့ဖြိုးတိုးတက်မှုနှုန်း အနည်းဆုံး နိုင်ငံစာရင်း
သွင်းခဲ့ရသည်အထိ စစ်ခေါင်းဆောင် အသွင်ပြောင်းတွေက မိုက်မဲသည်။
အာဏာရှင် စနစ်ကြောင့် အာဏာရှင် ပေါက်စလေးတွေနှင့် အပေါင်းအပါ
စီးပွားရေးသမားတွေသာ ချမ်းသာပြီး လူများစုပြည်သူများက ဆင်းရဲခဲ့သည်။
တကယ်တော့ လွတ်လပ်ရေးသည် နိုင်ငံသားအားလုံးကို တာဝန်ပေးလိုက်ခြင်း
သာ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်း တစ်ခု
တည်းကို ကွက်ပြီး သီးသန့်တာဝန်ပေးခြင်းမျိုး မရှိခဲ့ပါ။ အားလုံး ညီတူမျှတူ
တာဝန်ကိုယ်စီ ရှိကြသည်။ လက်နက်ကိုင် အဖွဲ့အစည်းမို့လို့ အမိန့်နာခံရသည်
ဆိုလျှင် ဆင်ခြေပေးခြင်းသာ ဖြစ်လိမ့်မည်။ ဒီမိုကရေစီအရေး တိုင်းပြည်အရေး
ပြည်သူ့အရေးထက် ပိုမိုအရေးကြီးတာ ဘာမှမရှိ။
မြန်မာ့တပ်မတော်သည် တော်လှန်သော တပ်မတော်အဖြစ်ကနေ ပေါက်ဖွား
လာသည်ဟု ဆိုလျှင် မှားမည်မထင်ပါ။ လွတ်လပ်ရေး မရမီကပင် တပ်မတော်က
အရင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ရေးရပြီးသော အခါတွင်လည်း
လွတ်လပ်သော နိုင်ငံတော်၏ မြေပေါ်မြေအောက်၊ ရေပြင်၊ ဝေဟင်ကိုသာမက
ပြည်သူပြည်သား အပေါင်းတို့၏ အသက်အိုးအိမ် စည်းစိမ်များကို ဆက်လက်
ကာကွယ်စောင့်ရှောက်ရမည်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်သည့် အချိန်
တွင် တာဝန်သိ နိုင်ငံသားများနည်းတူ လုပ်ကိုလုပ်ရမည်။
စာအုပ်အစိမ်းရောင်လေးတွင် ရေးသားထားသော ပုဒ်မ တစ်ခုကြောင့် အဆိုပါ
စာအုပ်ကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက် ရမည်ဟူသော အတွေးအမြင်
အယူအဆဟောင်းကို နှစ်ဟောင်းတွင် ထားခဲ့သင့်ပါကြောင်း လေးစားစွာ
တိုက်တွန်းလိုက်ရပါသည်။ ပြည်သူအားလုံးအတွက် ရေးဆွဲထားသော ဥပဒေကို
ပြည်သူအများစုက ပြင်ဆင်ပေးဖို့ တောင်းဆိုသောအခါ မဆိုင်းမတွ ပြင်ဆင်
ပေးရန် လိုအပ်တာ အမှန်ပင်ဖြစ်သည်။ လုပ်သင့်လုပ်ထိုက်သည်ကို အချိန်မဆွဲ
တွေဝေခြင်းမရှိဘဲ ဆောင်ရွက်ခြင်းသည်သာ လွတ်လပ်သော နိုင်ငံသားတိုင်း၏
တာဝန်အစစ်အမှန် ဖြစ်ပါတော့သည်။
လှမျိုးထွန်း
The Ladies News Journal
Post a Comment