Published on Mon, 12/28/2015
၂၀၁၅ ခုနှစ်က မကြာခင်ရက်ပိုင်းတွင် ကုန်ဆုံးတော့မည်။ ထို့အတူ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်ခဲ့သော ငါးနှစ်သက်တမ်း လက်ရှိအစိုးရ၏ လက်ကျန်သက်တမ်းမှာလည်း ကုန်ဆုံးရန် အချိန်များစွာ မကျန်တော့ပေ။ လက်ရှိအစိုးရ၏ ပြီးခဲ့သည့် ငါးနှစ်သက်တမ်းအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ပေါင်းများစွာအနက် သဘာဝ သယံဇာတများနှင့် ပတ်သက်သော ဝေဖန်စရာများစွာ ပေါ်ပေါက်ခဲ့သည်။ ထို့ပြင် သဘာဝ သယံဇာတများကို စနစ်တကျ မထိန်းသိမ်း မစီမံခြင်းများကြောင့် နစ်နာဆုံးရှုံးခဲ့ရခြင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။ လူ့အသက် သေဆုံးမှုများရှိခဲ့ပြီး သဘာဝ သယံဇာတ ကျိန်စာသင့်ရသည်ဟု ဝေဖန်မှတ်ချက် ပြုကြသည်အထိ ဖြစ်ခဲ့ရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် စံချိန်တင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရသည်။ သစ်အလွန်အကျွံခုတ်၍ သစ်တောများစွာ ပြုန်းတီးရာမှ သဘာဝ ပတ်ဝန်းကျင်ကောင်းများ ထိခိုက်ပျက်စီးခြင်းကြောင့် ပေါ်ပေါက်ခဲ့သော နောက်ဆက်တွဲ ဆိုးကျိုးများပင်ဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်း Komen ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြစ်ချောင်းများ၊ ဆည်တမံကြီးများ ရေကြီးရေလျှံကာ စံချိန်တင် ဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးနီးပါးတွင် ရေဘေးဒုက္ခသည်များ ရှိလာခဲ့ရသည်။ အရေးပေါ် ကယ်ဆယ်ရေး စခန်းများစွာ ဖွင့်လှစ်ခဲ့ရသည်။ နေအိမ်နှင့် စာသင်ကျောင်းများ ပျက်စီးခြင်း၊ လယ်မြေများပျက်စီးခြင်း၊ သီးနှံစိုက်ခင်းများ ပျက်စီးခြင်း စသည့် အခက်အခဲများလည်း ကြုံတွေ့ခဲ့ကြရသည်။
၂၀၀၈ နာဂစ်နောက်ပိုင်း ထပ်မံပေါ်ပေါက်ခဲ့သော သဘာဝဘေးအန္တရာယ် ဘေးဆိုးဖြစ်သည်။ ထို့အတွက် သစ်တော အလွန်အကျွံပြုန်းတီးမှု အပါအ၀င် သဘာဝ ပတ်ဝန်းကျင်နှင့် သဘာဝ သယံဇာတများကို စနစ်တကျ မထိန်းသိမ်းခြင်း၏ အကျိုးဆက်အဖြစ် မှတ်ယူနေကြသည်။ သစ်တောပြုန်းတီးမှုနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ဖောက်ပြန်မှုများကို ဝေဖန်ထောက်ပြမှုများ ရှိသော်လည်း လက်ရှိအစိုးရ လက်ထက်တွင် တရားဝင်သစ်ထုတ်ခွင့်ကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် တစ်နှစ်တည်း၌ပင် သစ်တန်ချိန်ပေါင်း ၂၃ သိန်းကျော်အထိ ခုတ်ခွင့်ပေးခဲ့ပြီး ယင်းပမာဏမှာ စံချိန်တင် ပမာဏအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
တောပြုန်းခြင်း၊ ပြုန်းသလောက် တန်ဖိုးပြန်မရခြင်း၊ အခွန် အပြည့်အ၀မရခြင်း၊ နိုင်ငံမှာ ရာသီဥတု ဖောက်ပြန်ပြီး သဘာဝ ဘေးဒဏ်များကို ခံစားနေရခြင်းကြောင့် သစ်ခုတ်မှုအပေါ် ဝေဖန်နေသည့်ကြားမှ သစ်တန်ချိန် သိန်းချီ ထုတ်ယူခွင့် ပြုခဲ့ခြင်းဖြစ်သည်။ တရားမ၀င် ထုတ်ယူမှုများနှင့်ပေါင်းလျှင် နိုင်ငံအတွက် နစ်နာမှုမှာ များပြားလွန်းလှသည်။
အလားတူပင် သဘာဝ သယံဇာတများနှင့် ပတ်သက်လျှင် ဖားကန့်ဒေသ၌ ကျောက်စိမ်းအလွန်အကျွံ တူးဖော်ခြင်းမှာလည်း ဝေဖန်စရာပင် ဖြစ်သည်။ အောက်တိုဘာလ အတွင်းက Global Witness က ထုတ်ပြန်ခဲ့သည့် မြန်မာ့ကျောက်စိမ်းလောက လျှို့ဝှက်မှုများနှင့် အလွဲသုံးမှုများအကြောင်း ပါဝင်သည့် အစီရင်ခံစာပါ အချက်များက အံ့အားသင့်စရာပင် ဖြစ်သည်။ တရုတ်နိုင်ငံ၏ သွင်းကုန် အချက်အလက်များအရ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကျောက်စိမ်းတင်ပို့သည့် ပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံအထိရှိနေကြောင်းနှင့် Global Witness ၏အစီရင်ခံစာအရမူ အမှန်တကယ် ထုတ်လုပ်သည့် ပမာဏသည် ၃၁ ဘီလျံခန့် ရှိနိုင်ကြောင်း ဖော်ပြခဲ့သည်။ ယင်းပမာဏသည် မြန်မာနိုင်ငံ GDP ၏ ထက်ဝက်ရှိနေပြီး ကျန်းမာရေး အသုံးစရိတ်၏ ၄၆ ဆရှိနေကြောင်းလည်း ဖော်ပြခဲ့သည်။ Global Witness အနေဖြင့် အဆိုပါကျောက်စိမ်းလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူများကို ဖော်ထုတ်ဖွင့်ချခဲ့သည်။
ထို့ပြင် ဖားကန့်ဒေသတွင် စက်ယန္တရားကြီးများ အလုံးအရင်းဖြင့် ကျောက်စိမ်း အလွန်အကျွံ တူးဖော်နေမှု၊ စွန့်ပစ်မြေစာပုံ ပြိုကျမှုများကြောင့် အသက်ဆုံးရှုံးရမှု ဖြစ်စဉ်များ ဆက်လက် ပေါ်ပေါက်ခဲ့ရာ သဘာဝသယံဇာတ အရင်းအမြစ်များစွာကို အလွန်အကျွံ၊ အတားအဆီးမဲ့၊ အထိန်းအကွပ်မဲ့၊ ဥပဒေစည်းကမ်းမဲ့ ထုတ်ယူပါက ပေါ်ပေါက်လာမည့် ဆိုးကျိုးများကို ပိုမိုပူပန်လာကြသည်။
လုံးခင်း၊ ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များကို ပိတ်သိမ်းခြင်း (သို့မဟုတ်) ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း (သို့မဟုတ်) စစ်အုပ်ချုပ်ရေး ထုတ်ပြန် ဆောင်ရွက်ခြင်းများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။ ယင်းအပေါ် အဆိုပါနည်းလမ်းများအား ပြန်လည်သုံးသပ်ရန်နှင့် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
သို့ပါ၍ လက်ရှိအစိုးရမှ အစိုးရသစ်ထံ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များအတွက် ဆွေးနွေးနေဆဲ အကူးအပြောင်းကာလ အပါအ၀င် လာမည့် အစိုးရသစ် သက်တမ်းတွင် အခြားသော ဖြေရှင်းစရာ ပြဿနာများနည်းတူ သဘာဝ သယံဇာတကျိန်စာ မသင့်စေရေးအတွက် အလေးထား ဆောင်ရွက်ပေးသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသား ဖော်ပြအပ်ပါသည်။
(ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)
http://www.news-eleven.com/
Post a Comment