ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးအား တရားရုံးမှ သေဒဏ်ချမှတ်သည့်အပေါ် ကန့်ကွက်သည့် အနေဖြင့် မြန်မာနိုင်ငံရှိ ထိုင်းသံရုံးရှေ့တွင် ဒီဇင်ဘာ ၂၄ ရက် ညနေ(၃း၃၀)နာရီအချိန်တွင် လူအင်အား(၂၀)ဝန်းကျင်က ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ နှစ်ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကာ ထိုင်းအစိုးရအနေဖြင့် တစ်စုံတစ်ရာဖြေရှင်းပေးရန် လိုအပ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ နောင်တော်လေးက ပြောသည်။
“သေဒဏ်ချမှတ်တာတော့ မတရားပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို အနိုင်ကျင့်တာနဲ့ တူတူပါပဲ။ သူတို့နှစ်ယောက်ကို မလွှတ်ပေးဘူးဆိုရင် ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ပြုလုပ်သွားမှာပါ။ ထိုင်းအစိုးရကလည်း နှစ်နိုင်ငံချစ်ကြည်ရေး မပျက်ပြားစေချင်ဘူးဆိုရင် ဖြေရှင်းပေးပါလို့ပြောချင်ပါတယ်။”ဟု နောင်တော်လေးက ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် “we request thai government free zaw linn and win zaw tun၊ ချက်ချင်း လွှတ် ချက်ချင်းလွှတ်”ဟု ကြွေးကြော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်မှုများအား ညနေ (၃း၄၅)နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံလိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသားနှစ်ဦးအသတ်ခံရမှုဖြင့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ (၂)ဦးအား ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် ထိုင်းတရားရုံးမှ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Source - MMK
Yangon Media Group
Yangon Media Group
Post a Comment