0

 Published on Mon, 10/05/2015

ရွှေပြည်သာ စက်မှုဇုန်ရှိ ဟန်ဂျင်း အထည်ချုပ်စက်ရုံရှေ့တွင် ဆန္ဒပြ တောင်းဆိုနေသည့် အလုပ်သမားများအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အလုပ်သမားတစ်ဦး)
လစာကိစ္စ ညှိနှိုင်းမှု အဆင်မပြေသေးသည့်အတွက် ရွှေပြည်သာစက်မှုဇုန်(၁) ဟန်ဂျင်း အထည်ချုပ်စက်ရုံမှ ဆန္ဒပြနေသည့် အလုပ်သမား ၁၀၀၀ ကျော်အနက် အလုပ်သမားအချို့ အစာငတ်ခံ ဆန္ဒပြ တောင်းဆိုနေကြကြောင်း အောက်တိုဘာ ၅ ရက်က အလုပ်သမားများထံမှ စုံစမ်းသိရသည်။

အဆိုပါ စက်ရုံမှ အလုပ်သမား ၁၀၀၀ ကျော်သည် စက်တင်ဘာ ဒုတိယပတ် အစောပိုင်းကတည်းက စက်ရုံတွင်း တောင်းဆိုမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ပြေလည်မှု မရရှိသဖြင့် စက်တင်ဘာ ၂၁ ရက်မှ စတင်ကာ စက်ရုံရှေ့သို့ ထွက်၍ စက်ရုံအလုပ်သမားသမဂ္ဂ ခေါင်းဆောင်များကို အလုပ်မှ ထုတ်ပယ်ခြင်း၊ အစိုးရက သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခလစာသာ ပေးပြီး မူလက ပေးချေသော ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ ရှားပါးစရိတ်နှင့် အခြားခံစားခွင့်များကို ပြန်လည်ပေးချေရန်အတွက် တောင်းဆို ဆန္ဒပြနေကြခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက် နံနက်ပိုင်းမှ စတင်၍ အလုပ်သမား ၂၀ သည် အစာငတ်ခံ ဆန္ဒပြခဲ့ကြကြောင်း သိရပြီး ကျန်အလုပ်သမားများကလည်း စက်ရုံရှေ့တွင် တောင်းဆို ဆန္ဒပြနေကြောင်း သိရသည်။

အစာငတ်ခံ ဆန္ဒပြ တောင်းဆိုနေသည့် ဟန်ဂျင်းအထည်ချုပ်စက်ရုံမှ အလုပ်သမား တစ်ဦးဖြစ်သူ ကိုကျော်ကျော်မြင့်က “ကျွန်တော်တို့ ဒီနေ့ပဲ ခုံသမာဓိကို စာတင်လိုက်ပြီ။ ကျွန်တော်အပါအ၀င် အလုပ်သမား ၂၀ ဒီနေ့ မနက်ကစပြီး အစာငတ်ခံ ဆန္ဒပြတယ်။ တောင်းဆိုမှု အဆင်မပြေတဲ့အတွက် အစာငတ်ခံ ဆန္ဒပြမယ်လို့ အလုပ်သမားတွေကို ကျွန်တော် ပြောလိုက်ပြီး အစာငတ်ခံ တောင်းဆိုမယ့်သူတွေ ထွက်လာပါဆိုတော့ အလုပ်သမား ၂၀ အရှေ့ကို ထွက်လာပါတယ်။ အလုပ်ရှင်ကလည်း ကျွန်တော်တို့ တောင်းဆိုတာကို လိုက်လျောပေးခြင်း မရှိသလို မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး ရုံးကလည်း ခုံသမာဓိကို စာတင်လိုက်လို့ လာပြီး မညှိနှိုင်းပေးဘူး” ဟု The Daily Eleven သတင်းစာကို အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထိုသို့ အလုပ်သမားများ တောင်းဆို ဆန္ဒပြနေသည်မှာ ရက်ပေါင်း ၂၀ နီးပါး ရှိနေပြီ ဖြစ်သော်လည်း တောင်းဆိုမှုများကို စက်ရုံတာဝန်ရှိသူများက လိုက်လျောပေးခြင်း မရှိသေးသလို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး ရုံးကလည်း ပြေလည်မှု ရရှိအောင် ညှိနှိုင်းပေးခြင်း မရှိသည့်အတွက် အောက်တိုဘာ ၅ ရက်တွင် အလုပ်သမား ခုံသမာဓိရုံးသို့ စာပေးပို့ တိုင်ကြားထားကြောင်း သိရသည်။

ယင်းသို့ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိသို့ ဟန်ဂျင်း ဆန္ဒပြ အလုပ်သမားများက တိုင်စာပေးပို့သည့် စာထဲတွင် စက်ရုံသည် အလုပ်သမား ခေါင်းဆောင်များကို အကြိမ်ကြိမ် အလုပ်ထုတ်ခြင်း၊ အလုပ်သမားအဖွဲ့ အစည်းအဝေးများ ကျင်းပရာ၌ အမျိုးမျိုး ပြဿနာရှာခြင်း၊ ညှိနှိုင်းရေးစာ တင်ထားသော်လည်း အလေးနက် မထားခြင်း၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ချုပ်ဆိုထားသော စာချုပ်ကို အကြိမ်ကြိမ် ဖောက်ဖျက်ခြင်း၊ စူပါများနှင့် အလုပ်သမားများကို ခွဲခြားဆက်ဆံခြင်းများ ရှိကြောင်း ခုံသမာဓိသို့ ပေးပို့သည့်စာတွင် ပါဝင်ကြောင်း အလုပ်သမားများထံမှ သိရသည်။

အနိမ့်ဆုံး လုပ်ခလစာ မသတ်မှတ်ခင်က အဆိုပါ စက်ရုံရှိ ၀န်ထမ်းများမှာ လစာငွေ တစ်သိန်းခြောက်သောင်းခန့်နှင့် အခြားခံစားခွင့်များ ရရှိကြောင်း အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပြီးနောက် တစ်နေ့ ကျပ် ၃၆၀၀ နှုန်းဖြင့်သာ ပေးချေတော့သည့်အတွက် အခက်အခဲ ဖြစ်ပေါ်နေရသည်ဟု အလုပ်သမားများက ဆိုကြသည်။  

Writer:
ရှိုင်းလင်းအောင်

http://news-eleven.com/

Post a Comment

 
Top