0


မြစ်ကြီးနားမြို့ ကချင်အမျိုးသားရိုးရာ ယဉ်ကျေးမှုဘက်စုံ အားကစားကွင်း၌ အောက်တိုဘာ ၂ ရက်က ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်ရာတွင် တက်ရောက်လာကြသူများအား တွေ့ရစဉ်(ဓာတ်ပုံ-မျိုးမင်းထက်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ဖြစ်ခဲ့ပါက မြစ်ဆုံရေကာတာနှင့် ပတ်သက်၍ အစိုးရ၊ သက်ဆိုင်ရာ ကုမ္ပဏီများနှင့် မည်သို့သဘောတူညီချက်များ ယူထားသည်ဆိုသည်ကို ပြည်သူကို ပထမဆုံး ချပြမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်အမျိုးသားရိုးရာ ယဉ်ကျေးမှုဘက်စုံ အားကစားကွင်းတွင်  အောက်တိုဘာ ၂ ရက်က ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံး ဟောပြောရာ၌ ကချင်တိုင်းရင်းသူ တစ်ဦးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဖြစ်ခဲ့ပါက မြစ်ဆုံစီမံကိန်းကို မည်ကဲ့သို့ လုပ်ဆောင်မည်ကို သိရှိလိုကြောင်း မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရ ဖြစ်ခဲ့ရင် ပထမဦးဆုံး လုပ်မယ့်ကိစ္စ မြစ်ဆုံရေကာတာနဲ့ ပတ်သက်လို့ အစိုးရ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဘယ်လို သဘောတူညီချက်တွေ ယူထားလည်းဆိုတာ ပြည်သူကို ချပြဖို့ ကျွန်မတို့ လုပ်ပါမယ်။ ကျွန်မတို့
ဒီသဘောတူညီချက်တွေထဲမှာ ဘာပါလဲဆိုတာ လုံးဝမသိပါဘူး။ သဘောတူညီချက်တွေထဲမှာ ဘာပါလဲဆိုတာ မသိဘဲနဲ့ ကျွန်မတို့က ဟိုဟာ လုပ်ပေးမယ်။ ဒီဟာ လုပ်ပေးမယ်လို့ ပြောရလို့ရှိရင် အင်မတန် တာဝန်မဲ့ရာ ရောက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ဒီတော့ အခုထိ မချပြသေးဘူးနော်။ ကျွန်မတို့လည်း လုံးဝမသိဘူး။ ဆိုပါတော့ ဒီစီမံကိန်းကို ရပ်လိုက်တယ်ဆိုရင် ဒါဟာ စီးပွားရေးအရ သဘောတူညီ စာချုပ်များရဲ့ သဘောသဘာဝအရ လျော်ကြေးဆိုတာ ပေးရတယ်။ နစ်နာကြေးဆိုတာ ပေးရတယ်။ ဘယ်လို နစ်နာကြေးတွေလည်း ဘယ်လိုလျော်ကြေးတွေလည်း ဘယ်လောက်ထိ ကျွန်မတို့နိုင်ငံကို ထိခိုက်နိုင်လဲ ကျွန်မတို့ ဘာမှမသိဘူး။ မသိဘဲနဲ့ ကျွန်မက မဲလိုချင်တာနဲ့ ရပါတယ် အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါမယ်လို့ ပြောလို့ရှိရင် လိမ်လည်လှည့်ဖြားပြီးတော့ မဲယူတာပဲ။ အဲဒီလိုမဲတွေ မလိုချင်ဘူး။ ကျွန်မတို့ လုပ်ပေးနိုင်သလောက်ပဲ ကတိပေးမယ်။ လုပ်ပေးနိုင်တာ ကျွန်မတို့  ပြည်သူအများ အားလုံးသိအောင် ချပြမယ်။ ဒီစီမံကိန်းတွေက ဒီလိုဒီလို သဘောတူညီချက်တွေ လုပ်ထားတာ ဖြစ်တယ်။ ကျွန်မတို့တွေက ပြည်သူနဲ့တကွ အတူအဖြေရှာ ရလိမ့်မယ်။ ပြည်သူက အဲဒီလို အဖြေရှာတဲ့ နေရာမှာ ဥာဏ်ပညာ သုံးရမယ်။ ဆင်ခြင်တုံတရား ရှိရမယ်။ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက် စဉ်းစားရမယ်။ ကိုယ့်နိုင်ငံရဲ့ ပစ္စုပ္ပန် ရပ်တည်မှုအတွက် စဉ်းစားရမယ်။ အဲဒါတွေ ပြည်သူမှာလည်း တာဝန် ရှိပါတယ်ဆိုတာကို သေသေချာချာ မှတ်ထားပြီးတော့ ကျွန်မတို့က ထုတ်ပြန်ပေးတဲ့အခါ အားလုံး တစ်ဦးချင်း တစ်ဦးချင်း သေသေချာချာ သုံးသပ်ပြီးတော့ ဘာလုပ်သင့်သလဲဆိုတာ ကျွန်မတို့ကို ကူညီပြီးတော့ အကြံဥာဏ်တွေ ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ကချင်တိုင်းရင်းသား တစ်ဦးက စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် မည်သို့လုပ်ဆောင်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် အဆင့်သုံးဆင့်အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အောက်တိုဘာ ၂ ရက်က မြစ်ကြီးနားမြို့ ကချင်အမျိုးသား ရိုးရာယဉ်ကျေးမှု ဘက်စုံအားကစားကွင်းတွင်  ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ် ဟောပြောစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

“ပထမဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေး လုပ်ရမယ်။ ဒုတိယဆိုရင် ညီလာခံ လုပ်ရမယ်။ တတိယ ဆိုလို့ရှိရင် တကယ့် ဖက်ဒရယ်  ပြည်ထောင်စု ဖြစ်စေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု ပေါ်ပေါက်အောင် လုပ်ရမယ်။ ဒီအဆင့်သုံးဆင့် စလုံးကို ကျွန်မတို့ မှန်မှန်ကန်ကန် ကျော်လွှားသွားနိုင်ပြီဆိုရင် ငြိမ်းချမ်းရေးဟာ မုချမသွေ ရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံးသိကြသည့် အတိုင်းပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါဝင်နိုင်ခဲ့ခြင်း မရှိကြောင်း၊ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများတွင် ဖိတ်ခေါ်ခြင်းလည်း မရှိခဲ့ကြောင်း၊ ပါဝင်နိုင်ခွင့် မရှိသည့် အဖွဲ့အစည်း ဖြစ်နေသည့်အတွက် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်သည်ဟု အပြောမခံရအောင် နေထိုင်နေရကြောင်း၊ တိုင်းရင်းသားများ အကြားတွင် ပြေလည်မည် ဆိုပါက မည်သူလုပ်ပေးသည်ဖြစ်စေ မိမိတို့ အနေဖြင့် လက်ခံကြောင်း၊NLD အနေဖြင့် အစိုးရ မဟုတ်ပါက ငြိမ်းချမ်းရေးကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း၊ မိမိတို့အား တာဝန်ယူစေချင်ပါက တာဝန်ပေးရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကချင်ပြည်နယ် အတွင်းတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ အာဏာရ ပြည်ခိုင်ဖြိုးပါတီ အပါအ၀င် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ကချင်ပြည်နယ် အခြေစိုက် တိုင်းရင်းသား ပါတီများစွာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်မည့် အခြေအနေ ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲသို့ ဒေသခံ တိုင်းရင်းသား အများအပြားတက်ရောက်ခဲ့သည်။

မူလက ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ဟောပြောပွဲအား မြစ်ကြီးနားမြို့ အထင်ကရ နေရာတစ်ခုဖြစ်သည့် မနောကွင်းတွင် ကျင်းပရန် စီစဉ်ထားခဲ့ပြီး မနောကွင်း အသုံးပြုခွင့်အား ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီက ခွင့်ပြုခဲ့သည်။
ထိုသို့ ယဉ်ကျေးမှု ဗဟိုကော်မတီက ခွင့်ပြုခဲ့သော်လည်း ကချင်ပြည်နယ် အစိုးရအဖွဲ့က မနောကွင်းအား အသုံးပြုခွင့်ကို ခွင့်မပြု ရန် သဘောထားပါသည့် တားမြစ်စာအား ယဉ်ကျေးမှု ဗဟိုကော်မတီထံ ပေးပို့ခဲ့ပြီး မနောကွင်း အသုံးပြုခွင့်အား တားမြစ်ခဲ့သည်။

သို့ရာတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ဟောပြောပွဲနှင့် ပတ်သက်၍ တစ်စုံတစ်ရာ တားမြစ်ခြင်း မရှိသော်လည်း ဟောပြောပွဲ ကျင်းပမည့် နှစ်ရက်အလို စက်တင်ဘာ ၃၀ ရက်တွင် မနောကွင်းအတွင်း ပြုလုပ်မည့် ဟောပြောပွဲအား ခွင့်မပြုကြောင်း
စာဖြင့် အကြောင်းကြားခဲ့ပြီး ယဉ်ကျေးမှု ဗဟိုကော်မတီ၏ သဘောထားမပါဘဲ ပြည်နယ်အစိုးရအဖွဲ့ကလည်း မနောကွင်းရှိ ၀င်ပေါက်တံခါး အားလုံးအား သံကြိုးဖြင့်ခတ်၍ ပိတ်ထားသည်အထိ ဖြစ်ပေါ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးကိစ္စဖြင့် ကချင်ပြည်နယ်သို့ လေးကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် လာရောက်စဉ် အဆိုပါ မနောကွင်းကိုပင် အသုံးပြု၍ လူထုဟောပြာပွဲ ပြုလုပ်ခဲ့ပြီး ဒေသခံ အများအပြား တက်ရောက်ခဲ့ကြောင်း သိရသည်။
Writer: 
ကျော်ဇင်ဝင်း၊ မျိုးမင်းထက်၊အောင်ဟိန်းမင်း

http://news-eleven.com/

Post a Comment

 
Top