0


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များအကြား အပြီးသတ် ညှိနှိုင်းသဘောတူပြီးဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရေးထိုးခြင်းနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့သည် စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်ထိ ထိုင်းနိုင်ငံတွင် တွေ့ဆုံ၍ ဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအ၀င် အဖွဲ့ခုနစ်ဖွဲ့က လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့ပြီး ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့(KIO) အပါအ၀င်အဖွဲ့ ၁၁ ဖွဲ့က လတ်တလောတွင် လက်မှတ်မထိုးရန် ဆုံးဖြတ်ခဲ့သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် KIO အဖွဲ့ ပါဝင်လက်မှတ် ရေးထိုးမည့် အချိန်နှင့် ပတ်သက်ပြီး KIO/KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အား ဆက်သွယ်မေးမြန်းရာ ၎င်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တောင်းဆိုထားသည့် လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေး ကိစ္စနှင့် ပတ်သက်ပြီး အစိုးရနှင့် အပြီးသတ် ဆွေးနွေးနိုင်ခြင်း မရှိသေးသောကြောင့် KIO အဖွဲ့က လတ်တလောတွင် ပါဝင်လက်မှတ် မရေးထိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ KIO အဖွဲ့အနေဖြင့် NCA တွင် လက်မှတ် ရေးထိုးလိုကြောင်း ရှင်းပြသည်။

ဗိုလ်ချုပ်ဂွမ်မော်က “အဓိကကတော့ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အားလုံးပါဝင်ရေး ကိစ္စကို အပြီးသတ် ကျွန်တော်တို့ ဆွေးနွေးနိုင်ခြင်း မရှိသေးတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ လက်မှတ်ရေးထိုးတဲ့ နေရာကို အဆင်သင့် မဖြစ်သေးတာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ပါဝင်လာမလဲဆိုရင် အားလုံးပါဝင်ရေးမူကို အားလုံး ပါဝင်နိုင်မလား။ မပါဝင်ဘူးဆိုရင် ရှေ့လုပ်ငန်းစဉ်တွေ ဘယ်လို လုပ်မလဲဆိုတာကို အစိုးရနဲ့ ရှင်းရှင်းလင်းလင်း ညှိနှိုင်းနိုင်တဲ့ အချိန်ကျမှ ဆုံးဖြတ်လို့ ရမှာပါ” ဟု အောက်တိုဘာ ၁ ရက်တွင် ပြောကြားသည်။

KIO/KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က “လွန်ခဲ့တဲ့ နေပြည်တော် ခရီးစဉ်မှာ သမ္မတနဲ့ကာချုပ်နဲ့ ဒီကိစ္စ အသေးစိတ် အပြီးသတ် ဆွေးနွေးဖို့ ကျွန်တော်တို့ ခေါင်းဆောင်တွေ သွားခဲ့တာ။ အဲဒီမှာ အပြီးသတ် မဆွေးနွေးနိုင်ခဲ့ဘူး။ ကာချုပ်နဲ့လည်း မတွေ့ခဲ့ဘူး။ ကျွန်တော်တို့က ဒီကိစ္စကို ဆုံးဖြတ်လို့ မရဘူး ဖြစ်နေပါတယ်။ အဓိက,ကတော့ Single Text ကို လက်မခံတာ မဟုတ်ဘူး။ ဒီ Single Text ကို လက်မှတ်ရေးထိုးတဲ့ အခါမှာ အားလုံးပါဝင်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ တောင်းဆိုချက် မပြည့်စုံလို့
လက်မှတ် မရေးထိုးရတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အစိုးရ တပ်မတော်နှင့် KIO/KIA တို့သည် ၂၀၁၁ ခုနှစ်မှ စတင်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ လေးနှစ်တာ ကာလအတွင်း တိုက်ပွဲပေါင်း ၁၅၀၀ ကျော် ရှိခဲ့ပြီး နှစ်ဖက်တပ်သား အများအပြား သေဆုံး၊ ဒဏ်ရာ ရရှိခဲ့ကြကာ တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ တစ်သိန်းကျော် ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ကြရကြောင်း၊ လက်ရှိတွင်လည်း ကချင်ပြည်နယ် အတွင်း၌ အစိုးရတပ်မတော်နှင့် KIO/KIA ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ပြီး စစ်ရေးတင်းမာမှု ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

နှစ်ဖက်အကြား တိုက်ပွဲများ လျှော့ချရေး ဆွေးနွေးရန် ဖွဲ့စည်းထားသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် KIO/KIA ကိုယ်စားလှယ်များ ပါဝင်သော ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေး အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရန် ပြီးခဲ့သည့် စက်တင်ဘာလက စီစဉ်ခဲ့သော်လည်း တွေ့ဆုံညှိနှိုင်းနိုင်ခြင်း မရှိခဲ့ဘဲ ကချင်ပြည်နယ် မံစီဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နှစ်ဖက်စစ်သားများ သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး ဒေသခံ ပြည်သူများလည်း စစ်ဘေး ဒုက္ခသည် စခန်းများသို့ သွားရောက် နေထိုင်ခဲ့ကြရသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်ပြီး အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့နှင့်နီးစပ်သူ တစ်ဦးက “ဒီဟာက နှစ်ဦးနှစ်ဖက် သေသေချာချာ ညှိနှိုင်းပြီးတော့ အဖြေရှာထားတဲ့ဟာ။ ညှိနှိုင်းပြီးတော့ တိုင်ပင်ပြီးတော့ လုပ်ထားတာ။ တစ်ဖက်တည်း လုပ်ထားတာ မဟုတ်ဘူးလေ။ ဒီဟာကို ထပ်ပြီးတော့ လုပ်စရာလည်း မလိုဘူး ပြင်စရာလည်း မလိုတော့ဘူးလေ။ ကျန်တဲ့သူတွေ ၀င်လာရင် ဥပမာ မွန်၊ ကချင် ရှေ့ဆုံးက ဦးနိုင်ဟံသာတို့ ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးဆောင်ပြီးတော့ ဒီဟာကြီးကို ဆွေးနွေးခဲ့တာပဲလေ။ သူတို့ ဆွေးနွေးခဲ့တာကို သူတို့လက်မခံဘူး ဆိုတော့လည်း ဒါတော့ မပြောတတ်ဘူး။ တစ်ချိန်မှာတော့ သူတို့ ပါလာရမှာပေါ့။ အခု အနေအထားကတော့ တချို့တိုက်ပွဲဖြစ်တယ် ဘာညာ ပြောနေကြတာပေါ့။ ဒါတော့ ရှိတာပေါ့။ အဲဒီဟာကလွဲလို့ ဒီမှာထပ်ပြီး ပြောစရာ ဆွေးနွေးစရာ မရှိတော့ဘူး။ နောက်ထပ်လည်း NCA ကို ပုံစံအသစ် တစ်ခုနဲ့ လာဖို့ မရှိတော့ဘူး” ဟု ပြောကြားသည်။

KIO/KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က “NCA မှာ ကျွန်တော်တို့ မပါဝင်ချင်တာ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ တိုင်းရင်းသားတွေ တောင်းဆိုနေတာက အားလုံးအတူတူ လက်မှတ်ထိုးမယ်လို့ ပြောတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့တွေ အားလုံးက လက်မှတ်ထိုးမယ်လို့ ပြောတာကို အစိုးရက ဘာဖြစ်လို့ လက်မခံတာလည်း ဆိုတာက အဲဒါကို ကျွန်တော်တို့ စဉ်းစားဖို့ လိုပါတယ်” ဟု ပြောကြားသည်။
Writer: 
အောင်ဇော်ထွန်း

http://news-eleven.com/

Post a Comment

 
Top