0

ရန်ကုန်၊ စက်တင်ဘာ ၂၇
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူများ လွတ်လပ်စွာ မဲပေးနိုင်ရန်အတွက် ရွေးကောက်ပွဲပြီးသည့် အချိန်အထိ တပ်မတော်နှင့် နှစ်ဖက်တိုက်ပွဲများကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမည် ဖြစ်ကြောင်း တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA က စက်တင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။
တအာင်းတပ်မတော် အနေနှင့် ခုခံကာကွယ်သည့်စစ်မှအပ ထိပ်တိုက်တွေ့ဆုံသည့် တိုက်ပွဲများကို ရှောင်ရှားသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
NCA စာချုပ် လက်မှတ်ရေးထိုးရန် နီးကပ်လာသည့်အချိန်နှင့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသည့် အချိန်တွင် တအာင်းဒေသသို့ တပ်မတော်မှ ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်လာသောကြောင့် ယင်းကဲ့သို့ သဘောထား ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု PSLF/TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးမိုင်းအိုက်ကျော်က ဆိုသည်။
တအာင်းတပ်မတော် အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မထောက်ခံသော်လည်း ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများကို ထောက်ခံခြင်း၊ နှောင့်ယှက်ဖျက်ဆီးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
သို့သော်လည်း တအာင်းဒေသတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများ အနေနှင့် လွတ်လပ်စွာ ဟောပြောစည်းရုံးခြင်း ပြုလုပ်နိုင်သော်လည်း ဒေသအတွင်းရှိ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ပဋိပက္ခ ဖြစ်ပွားစေမည့် ဟောပြောမှုနှင့် တအာင်းပလောင်လူမျိုးအား နှိမ့်ချပုတ်ခတ်သည့် ဟောပြောမှုများကို လက်ခံမည် မဟုတ်ကြောင်း တအာင်းတပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြပါရှိသည်။
ထို့အပြင် TNLA အနေနှင့် NCA စာချုပ်ကို ထောက်ခံပြီး EAOs အဖွဲ့အစည်း အားလုံးနှင့်အတူ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်သော်လည်း လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော ဘဝတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ကို ချန်လှပ်ပြီး NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း သဘောထားထုတ်ပြန်ထားသည်။
စက်တင်ဘာလဆန်းမှ စတင်၍ ယနေ့အထိ တအာင်းဒေသတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲပေါင်း ၁၆ ကြိမ်ခန့် ဖြစ်ပွားခဲ့ကာ ယခင်လများထက် တိုက်ပွဲဖြစ်ပွားမှုနှုန်း ပိုများလာသည်ဟု PSLF/TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးမိုင်းအိုက်ကျော်က ဆိုသည်။
NCA စာချုပ်ကို အောက်တိုဘာလလယ်တွင် လက်မှတ်ရေးထိုးရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ကနဦး သဘောတူထားသော်လည်း အဆိုပါ လက်မှတ်ရေးထိုးမှုတွင် တအာင်းတပ်မတော် ပါဝင်နိုင်ရန် အစိုးရအနေနှင့် နှစ်ဖက်တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဟု စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော် ဆွေးနွေးပွဲတွင် ပြောကြားထားသည်။
The Voice Weekly

Post a Comment

 
Top