0


          မန္တလေးမြို့ အမရပူရမြို့ရှိ ဦးပိန်တံတားသို့ ယနေ့တွင် နိုင်ငံတော်သမ္မတ လာရောက်ချိန်၌ ချပေးထားသည့် အမှိုက်ပုံး များအား သမ္မတ ပြန်သွားချိန်၌ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြန်လည် သိမ်းယူသွားခဲ့သည်။

          ယနေ့ မွန်းလွဲ (၁)နာရီခွဲကျော်တွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် တောင်သမန်အင်း သာယာလှပရေး၊ ဦးပိန်တံတား ရှေးမူမပျက် ပြင်ဆင်နိုင်ရေး နှင့်ပတ်သက်၍ ကြည့်ရှုလေ့လာမှုများ ပြုလုပ်ခဲ့သည်။

          ““သူတို့က နားလှည့်ပါးရိုက် လုပ်သွားတာ။ သမ္မတလာမှ ဟန်ပြလုပ်တာက ဖြစ်ကို မဖြစ်သင့်ဘူး။ ကျွန်တော် အနေနဲ့ ၂၀၁၁ နှစ်အစပိုင်း လောက်က အမှိုက်ပုံးတွေကို အချိန်မှန် လာသိမ်းဖို့ရာ လခစားနဲ့ ခန့်ထားဘူးတယ်။ နောက်တာ့ ငွေကြေးမတတ်နိုင် တော့လို့ မချနိုင်တော့ဘူး။ သမ္မတမြင်အောင် ချသင့်လို့ ချထားပြီးမှတော့ ဆက်ချပေးတာ ကောင်းပါတယ်””ဟု စိမ်းရောင်စို (Activities) မှ အတွင်းရေးမှူး ဦးမောင်မောင်ဦး ကပြောသည်။

          ဦးပိန်တံတားနှင့် တောင်သမန်အင်း ပတ်ဝန်းကျင်တွင် အမှိုက်ပုံးများချ ထားပေးလို သော်လည်း အမှိုက်ပုံးအား တာဝန်ယူ ထိန်းသိမ်းမည့် အဖွဲ့မရှိခြင်းကြောင့် ပြန်လည် သိမ်းယူရခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

          ““ကျုံးဘေးတို့ မန္တလေးတောင်တို့ သိပ္ပံလမ်းပေါ်နဲ့ လမ်း(၃၀)လို နေရာမျိုး တွေမှာချထားပေးတဲ့ အမှိုက်ပုံး တွေကိုတောင် ဖျက်ဆီးတာ ခိုးယူတာတွေ ဖြစ်နေတယ်။ တောင်သမန်လို လူပြတ်တဲ့နေရာ ဆိုရင် ပိုဆိုးနိုင်တယ်။ အမှိုက်ပုံးကို တာဝန်ယူပြီး ကြည့်မယ်ဆိုရင် ချထားပေးချင်တယ်။ မန္တလေးမြို့ သန့်ရှင်းသာယာရေး အတွက်ပဲ ချပေးချင်တယ်။ ချပေးဖို့လည်း အမှိုက်ပုံးရှိတယ်”” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

http://messengernewsjournal.com

Post a Comment

 
Top