ရန်ကုန်၊ စက်တင်ဘာ ၆
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်သောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၆ ရက်နေ့က ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် လူထုတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
တိုင်းရင်းသားပါတီများ အနေနှင့် ၎င်းတို့ဒေသတွင် NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို မေးခွန်းထုတ်နေကြကြောင်း၊ NLD ပါတီက တိုင်းရင်းသားပါတီများနှင့် ပြိုင်ဆိုင်လို၍ မဟုတ်ဘဲ ကြံ့ခိုင်ရေးပါတီကို ယှဉ်ပြိုင်လိုခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“ကျွန်မတို့က တိုင်းရင်းသားတွေနဲ့ ယှဉ်ပြိုင်ချင်လို့ ပြည်နယ်တွေ၊ တိုင်းတွေမှာ ယှဉ်ပြိုင်နေတာ မဟုတ်ပါဘူး။ အာဏာရထားတဲ့ ပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီက ပြည်နယ်တွေ၊ တိုင်းတွေမှာ ဝင်ပြိုင်နေတာပဲ။ ကျွန်မတို့လည်း ဝင်ပြိုင်ရမယ်၊ မပြိုင်လို့ မဖြစ်ဘူး၊ ဒါဟာ ဒီမိုကရေစီ နိုင်ငံရေးပဲ။ တိုင်းရင်းသားနေရာတွေကို ကျွန်မတို့ ဖဲ့ယူချင်လို့ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်စေချင်သောကြောင့် ပြည်နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများဆုံးရရှိရန် အတွက် တိုင်းဒေသကြီးများ သာမက တိုင်းရင်းသားဒေသ ပြည်နယ်များတွင်ပါ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ကြောင်း၊ ယင်းမှသာ တန်းတူညီမျှသော အုပ်ချုပ်မှုမျိုး ရရှိအောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် စက်တင်ဘာလ ၅ ရက်နေ့မှစ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက်၍ လူထုတွေ့ဆုံ ဟောပြောပွဲများ ကျင်းပလျက်ရှိသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၃၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၆၅ နေရာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ၆၅၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
တိုင်းရင်းသားဒေသများ ဖြစ်သော ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဒေသခံ တိုင်းရင်းသားများကိုသာ ရွေးချယ်ထားကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်များက ပြောဆိုထားသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၁၉ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၅ နေရာ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ၆၂၀ နေရာနှင့် တိုင်းရင်းသားလွှတ်တော် ၂၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

Post a Comment