0


NLD ပါတီမှ ကိုယ်စားလှယ်များ လာရောက် မဲဆွယ်စည်းရုံးခြင်း မလုပ်ရန် တားမြစ်ကြောင်း ထုတ်ပြန်ချက်
ကချင်ပြည်နယ် ပန်ဝါဒေသ၊ ဆဒုံး၊ ကန်ပိုင်တည် ၊ ချီဖွေ၊ ဆောလော်မြို့နယ်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်များ  လာရောက် မဲဆွယ်စည်းရုံးခြင်း မလုပ်ရန် တားမြစ်ကြောင်း ထုတ်ပြန်ချက်ကို စက်တင်ဘာ ၂၂ နေ့စွဲဖြင့်  ပန်ဝါ အခြေစိုက် ကချင်ပြည်နယ် အထူးဒေသ (၁)၊ ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ချုပ် (NDA-K) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။

ဦးဇခုန်တိန့်ယိန်းသည် ကချင်ပြည်နယ် အထူးဒေသ (၁) အဖွဲ့ဥက္ကဋ္ဌဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၄) မှ ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။ ထို့အပြင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သားဖြစ်သူ ဦးဇခုန်ယိန်းဆောင်မှာ စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ချီဖွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ  ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။  ထို့ကြောင့် ၄င်းတို့ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များသို့ NLD ကိုယ်စားလှယ်များ လာရောက် စည်းရုံးခြင်း မပြုရန် ယခုကဲ့သို့ တားမြစ်လိုက်ခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ NLD ပါတီကို တားမြစ်ခဲ့သော်လည်း ဦးဇခုန်တိန့်ယိန်းသည် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅) ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ်များတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မနောတိုင်ပါတီ(စဒက-စည်းလုံညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ) တို့နှင့် မဟာမိတ်အဖြစ် ပူးပေါင်းကာ ယှဉ်ပြိုင်မည့်သူဖြစ်ကြောင်း စုံစမ်းသိရသည်။

NLD ပါတီ ကိုယ်စားလှယ်များသည် စက်တင်ဘာ ၁၉ ရက်တွင် ချီဖွေ၌ သွားရောက်စည်းရုံးဟောပြောခဲ့ပြီး စက်တင်ဘာ ၂၂ ရက်တွင် ပန်ဝါ၌ စည်းရုံးဟောပြောရေးလုပ်ခဲ့ကာ အဆိုပါနေ့ ညပိုင်းမှာပင် ဦးဇခုန်တိန့်ယိန်း၏ တားမြစ်စာ ထွက်လာခြင်း ဖြစ်ကြောင်း သိရသည်။

'' ပြည်နယ် လွှတ်တော်နေရာအားလုံးက တိုင်းရင်းသားတွေပါ။ စက်တင်ဘာ ၁၉ ရက်မှာ ချီဖွေရောက်ပြီး စည်းရုံးတယ်။  တိုင်းရင်းသားတွေလည်း ပါတီကို ထောက်ခံသူ ကြိုဆိုသူတွေအများစုရှိကြပါတယ်။ ၂၂ ရက် ပန်ဝါမှာ ဟောပြောတယ်။ အာလုံးအဆင်ပြေတယ်။ ည ၈ နာရီလောက်ရောက်မှ ဦးဇခုန်တိန့်ယိန်းက တားမြစ်ကြောင်း စာလာပေးတာပါ။ ကျွန်တော်တို့လည်း စာနဲ့ပါသက်ဆိုင်သူက  အကြောင်းကြားတော့ ပြည်နယ်ရုံးကို ပြန်လာရပါတယ်။ တိုင်းရင်းသားတွေ ရင်ထဲမှာလည်း အပြောင်းအလဲတွေအများကြီး ရှိနေတာတွေ့ရပါတယ်။ ကန်ပိုင်တည်နဲ့ ဆဒုံးမှာဆိုရင် တချို့သော လက်အောက်ငယ်သားတွေကြောင့် ဆိုင်းဘုတ်ဗီနိုင်းတွေ ဖျက်ဆီးခံရပါတယ်''ဟု ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်ကျော်ဦးက ပြောကြားသည်။
''ကျွန်တော်တို့ပါတီက မဲဆွဲစည်းရုံးတာ ၂၂ ရက် တားမြစ်ခံရတာ။ ၀ိုင်းမော်၊ ချီဖွေ၊ ဆော့လော် နယ်တွေမှာ စည်းရုံးရေး လာမလုပ်နဲ့ပေါ့။ ဗင်းနိုင်းတို့၊ ဆိုင်းဘုတ်တို့  ရိုက်ချိုးသွားတာပေါ့။ အားလုံးကို ညှိနှိုင်းတိုင်ပင်ဖို့ ကော်မရှင်ရုံးကို ဒီနေ့ပဲအကြောင်းကြားလိုက်ပါတယ်။ အားလုံးညှိနှိုင်းပြီး အဖြေရှာနေတဲ့အချိန်မှာ ပြဿနာ မဖြစ်ချင်ဘူး။  ကော်မရှင်ကတော့ သတိပေးခေါ်ပြောမယ်လို့ပြောတယ်''ဟု ကချင်ပြည်နယ် NLD ပါတီမှ အောင်နိုင်ရေးခေါင်းဆောင် ဦးဝင်းဗိုလ်က ပြောကြားသည်။

ဦးဇခုန်တိန့်ယိမ်းက ယင်းကဲ့သို့ တားမြစ်ခဲ့ခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရာ ရောက်သည့်အတွက် ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၂၉ ရက်တွင် ခေါ်ယူ သတိပေးမည် ဖြစ်ကြောင်း သိရသည်။

 '' ဒီလ ၂၉ ရက်မှာ ပြည်နယ်ကော်မရှင်မှာ ခေါ်ယူသတိပေးဖို့ ဒီနေ့ အကြောင်းကြားလိုက်ပါပြီ။ ဦးဇခုန်တိန့်ယိန်း တစ်ဦးတည်း မဟုတ်ပါဘူး။ ပါတီခေါင်းဆောင်တွေ၊ ကော်မရှင်က လူကြီးတွေပါ ခေါ်ထားတာပါ။ ဒီနေ့မှသိပြီး ဒီနေ့ဆောင်ရွက်ရတာပါ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ညွှန်ကြားချက် တောင်းရသေးတယ်။ ဒီနေ့ပဲ ညွှန်ကြားချက် ကျလာပါတယ်။ ပါတီတွေ စည်းရုံးဆင်းတော့ စာထုတ်ပြီး တားမြစ်တာပါ။ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ထားရင် မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို ၀င်ရောက်အရွေးခံပြီး ဟောပြောစုဝေးခွင့် ရှိပါတယ်။ နေရာခွဲခြားထားတာ မရှိပါဘူး။ ဒီတားမြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ် ညှိနှိုင်းမှုကော်မတီကို တင်ရမယ်။ မပြေလည်ရင် ခရိုင်၊ ပြည်နယ်၊ ဗဟိုညှိနှိုင်းမှုကော်မတီကို အဆင့်ဆင့် တင်ရပါတယ်။ အဲဒီ အဖွဲ့ထဲမှာ ပါတီဦးဆောင်သူတွေ၊ ရပ်မိရပ်ဖတွေ ပါတယ်။ ရွေးကောက်ပွဲမှာ သူဥပဒေနဲ့သူ ရှိပြီးသားပါ။ အခန်း(၁၃)မှာ ပြစ်မှု၊ ပြစ်ဒဏ်၊ တရားမဲ့ပြုကျင့်မှုတွေ ပါပြီးသားပါ။ ဘယ်ဟာ အကျုံးဝင်တယ်ဆိုတာ ဘာတွေလုပ်ထားမှန်း မသိသေးတော့ ခေါ်ယူတွေ့ဆုံမှသာ သိရမှာပါ။ လက်ရှိမှာ မြို့နယ်၊ ခရိုင်ရုံးတွေကိုတော့ ညွန်ကြားထားပါပြီ။ တားမြစ်တာတွေ၊ တားဆီးတာတွေဟာ ပါတီခေါင်ဆောင်သူမှ မဟုတ်ဘူး။ တခြားဘယ်သူမဆို တားဆီးလို့ မရပါဘူး။ အားလုံးက ဥပဒေကို ကျော်လို့မရပါဘူး။ ဥပဒေနဲ့အညီပဲ စည်းရုံးရမှာပါ။ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၏ ကျင့် ၀တ်ဆိုတာ ရှိပါတယ်။ ဒါတွေက ပါတီအားလုံးသဘောတူပြီး အားလုံးလက်မှတ်ထိုးခဲ့ကြတာပဲ''ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက ပြောကြားပါသည်။

ဦးဇခုန်တိန့်ယိန်း၏ တားမြစ်စာတွင် ကချင်ပြည်နယ် အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးတည်ဆောက်ထားသည့် ဧရိယာ(တည်ဆောက်ဆဲနယ်မြေ)ဖြစ်သည့် ၀ိုင်းမော်မြို့နယ်တွင်ပါဝင်သည့် ဆဒုံး၊ ကန်ပိုင်တည်၊ မန်ဝိန်း၊ ဒွန်ဘမ်၊ ခ၀မ်နှင့် ရှိငေါ်ချောင်းရိုးဒေသကျေးရွာများ၊ ချီဖွေမြို့နယ်အတွင်း ပါဝင်သည့်ကျေးရွာများ၊ ဆော့လော်မြို့နယ်အတွင်း ပါဝင်သည့်ကျေးရွာများတွင် အစိုးရ အပြောင်းအလဲပြုလုပ်ရေး ရည်ရွယ်ဆောင်ရွက်နေခြင်းမရှိသဖြင့် မရှိသေးသဖြင့် နောက်ဆုတ်သွားကြပါရန် အကြောင်းကြားအပ်ပါသည်ဟု ပါဝင်ခဲ့သည်။ ယင်းစာတွင် နယ်မြေဒေသနှင့်နယ်မြေဒေသတွင်းနေထိုင်ကြသူများကို လူမျိုးဘာသာ မခွဲခြားဘဲ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကတိက၀တ်များ ဖော်ဆောင်ဆဲဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီရေးကောက်ပွဲကြီးအတွက် ပါတီများ၊ လူပုဂ္ဂိုလ်ကြီးများ များပြားစွာလှုပ်ရှားစည်းရုံးလာကြသော်လည်း မိမိတို့လက်ခံရန်အသင့်မဖြစ်သေးသဖြင့် စည်းရုံးလှုပ်ရှားမှုများကို တားမြစ်ကြောင်း ဖော်ပြထားသည်။

NLD ပါတီသည် ကချင်ပြည်နယ်အတွင်း နေရာပေါင်း ၇၀ ကို ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်အတွက် ချီဖွေမြို့နယ်မဲဆန္ဒနယ် အမှတ် (၁)တွင် ဦးဒေါင်ဟောင်း၊ အမှတ်(၂)တွင် ဦးခေါဘောမ်၊ ပြည်သူ့လွှတ်တော်အတွက် ဦးမင်းနိုင်၊ ဆော့လော်မြို့နယ်တွင် ပြည်နယ်လွှတ်တော် အမှတ်(၁)တွင် ဦးဆန်းဝေဒေါင်လွန်း၊ အမှတ်(၂)တွင် ဦးဆာကီး၊ ပြည်သူ့လွှတ်တော်တွင် ဦးကျော်လှိုင်နှင့် ယင်းမြို့နယ်များကိုယ်စားပြု အမျိုးသားလွှတ်တော်တွင် ဦးကျော်ကျော်ဦးတို့က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဦးဇခုန်တိန့်ယိန်းသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ခွဲထွက်လာခဲ့သူ ဖြစ်ပြီး KIA ခေါင်းဆောင်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော မျိုးနွယ်စု ပြဿနာကို အခြေခံကာ ဦးလယောက်ဇေလွန်း အပါအ၀င် အခြားသူများနှင့် အတူ တရုတ်နိုင်ငံသို့ တိမ်းရှောင်ခဲ့သူဖြစ်သည်။ သို့သော် ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ) နှင့် အဆက်အသွယ် ရရှိခဲ့ပြီး ၁၉၇၉ ခုနှစ် နောက်ပိုင်းတွင် ကချင်ပြည်နယ် မြောက်ပိုင်း ပန်ဝါ၊ ကန်ပိုက်တည်ဒေသများတွင် အခြေစိုက် လှုပ်ရှားသော ဗကပ ၁၀၁ စစ်ဒေသအဖွဲ့၏ စစ်ဒေသမှူး ဖြစ်လာခဲ့သည်။ ၁၉၈၉ ခုနှစ် ဧပြီလတွင် ဗကပဋ္ဌာနချုပ် ပန်ဆန်းကို ဒေသခံ '၀' အဖွဲ့များက အာဏာသိမ်းယူခဲ့ပြီး ဗကပ ဗဟိုကော်မတီဝင်များနှင့် ရဲဘော်အများစု ၁၀၁ စစ်ဒေသသို့ ရောက်ရှိ စုစည်းခဲ့ကြသည်။ သို့သော် ဦးဇခုန်တိန့်ယိမ်းက နေထိုင်ခွင့်သာပြုခဲ့ပြီး အခြားတစ်ဖက်တွင်လည်း အစိုးရနှင့် ငြိမ်းချမ်းရေး ရယူရန် ခြေလှမ်း ပြင်ခဲ့သည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာတွင် ၁၀၁ စစ်ဒေသတပ်ဖွဲ့ကို ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) အဖြစ် ပြောင်းလဲလိုက်ပြီး ဥက္ကဋ္ဌ တာဝန်ကို ဦးဇခုန်တိန့်ယိမ်းက ရယူခဲ့သည်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာ တတိယပတ်တွင် ၁၀၁ စစ်ဒေသတွင်း ရောက်ရှိနေသည့် ဗကပ ဗဟိုကော်မတီဝင်များနှင့် ရဲဘော်များကို ပန်ဝါဒေသမှ မောင်းထုတ် ဖယ်ရှားခဲ့သည်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုနှင့် တည်ဆောက်ရေးအဖွဲ့ (န၀တ) က NDA-K ကို မတရား အသင်းအဖြစ် ဖယ်ရှားပေးခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်း အစိုးရနှင့် ပထမဆုံး ငြိမ်းချမ်းရေး ရယူသည့် အဖွဲ့ ဖြစ်လာသည်။ ထို့နောက် န၀တအစိုးရက NDA-K ကို ကချင်ပြည်နယ် အထူးဒေသ(၁) အဖြစ် သတ်မှတ်ပေးခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ပြုလုပ်သည့် အမျိုးသား ညီလာခံသို့ NDA-K မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် နည်းတူ ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြစ်ကြီးနားတို့တွင် ရုံးခွဲများဖွင့်ကာ ဖားကန့်၊ မိုင်းရှူး၊ မိုးကုတ်ဒေသများ၌ ကျောက်မျက် လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့်အပြင် သစ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်း အစရှိသည်တို့ကို လုပ်ကိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ် စက်တင်ဘာလအတွင်းက NDA-K အဖွဲ့အတွင်း အာဏာသိမ်းယူရန် ကြိုးပမ်းမှု တစ်ရပ် ပေါ်ပေါက်ခဲ့သည်။ အဆိုပါ ကြိုးပမ်းမှုမှာ NDA-K ကို တည်ထောင်စဉ်က ပါဝင်ခဲ့သော ဦးလယောက်ဇေလွန်းက ဦးဇခုန်တိန့်ယိန်းကို ဖယ်ရှားရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပြီး ဦးလယောက်ဇေလွန်းနှင့်အဖွဲ့ အရေးနိမ့်ခဲ့သည်။ ထိုအချိန်နောက်ပိုင်း NDA-K အဖွဲ့ကို ဦးဇခုန်တိန့်ယိန်းက ဆက်လက် ထိန်းချုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံခဲ့သည်။ ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ဖြစ်စဉ် ပေါ်ပေါက်ချိန်တွင် KIA အပါအ၀င် ကိုးကန့်၊ '၀' နှင့် မိုင်းလားအဖွဲ့များက လက်မခံခဲ့သော်လည်း ဦးဇခုန်တိန့်ယိန်းက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို အစိုးရ အစီအစဉ်အတိုင်း လုပ်ဆောင်ရန် လက်ခံခဲ့သည်။ ထို့အတူ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသို့ ကိုယ်တိုင် ၀င်ရောက်ယှဉ်ပြိုင်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ပါသည်။
http://news-eleven.com/

Post a Comment

 
Top