0
          အားနည်းသည့် တိုင်းရင်းသားများ အပေါ် အလေးထား အားပေးကူညီ လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုလ (၂၄) ရက်နေ့တွင် ပြောကြားလိုက်သည်။
          တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကယားပြည်နယ် ဆီဆိုင်နှင့် ဘန်းယဉ် တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
          ““တိုင်းပြည် တည်ငြိမ်အေးချမ်းရေး အတွက် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား အားလုံး အေးအတူပူအမျှ တူညီသည့် အကျိုးခံစားခွင့်များ ရရှိအောင် လုပ်ဆောင်ပေး နေပါတယ်””ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
          ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်း လျှောက်လှမ်းရာတွင်လည်း ခိုင်ခိုင်မာမာ ဖြစ်စေရေး တပ်မတော် အနေဖြင့် ပါဝင်ကူညီ လုပ်ဆောင်နေကြောင်း၊ ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန် တပ်မတော် အနေဖြင့် စွမ်းရည်မြင့်မားရန် ကြိုးပမ်း လုပ်ဆောင် ရမည်ဖြစ်ကြောင်း စစ်သည် တစ်ဦးချင်းမှစ၍ တပ်များ၏ စွမ်းရည်ရှိအောင် စွမ်းရည် တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
          ““ကျွန်တော်တို့ ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့်မှာရရှိထားတဲ့ သဘောတူညီချက် (၃၁) ချက်ရှိပါတယ်။ အဲဒီလို အချက် တွေထဲမှ တကယ် အကောင်အထည်ဖော် နိုင်တာ သုံးချက်ပဲ ရှိပါတယ်။ ကျန်တဲ့ အချက်တွေကတော့ အပစ်အခတ် ရပ်စဲရေး လုပ်ပြီး ၂၀၀၈ ခုနှစ်ကနေ လက်ရှိအချိန်ထိ ဘာမှ မလုပ်နိုင် သေးပါဘူး။ မလုပ်နိုင်တာ ကတော့ လုံခြုံရေးအရ တပ်မတော်ကခွင့် မပြုတဲ့အတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ အကျိုးရှိအောင်လို့ တိတိကျကျ အကောင်အထည် ဖော်ဖို့လိုအပ် ပါတယ်””  ဟု ရှမ်းပြည်နယ် တောင်ပိုင်း တပ်မတော် (RCSS/SSA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှ က ပြောသည်။
          RCSS/SSA အနေဖြင့် ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် သဘောတူညီချက်များမှ ဆက်ဆံရေး ရုံးများဖွင့်လှစ်ခြင်း၊ လက်နက်မပါဘဲ လွတ်လပ်စွာ သွားလာခွင့်ရရှိခြင်း၊ လက်နက်မပါဘဲ ပြည်သူလူထုများနှင့် နိုင်ငံရေး ပါတီတို့နှင့် တွေ့ဆုံခွင့် ရရှိခြင်းတို့ဖြစ်ကြောင်း RCSS/SSA မှသိရသည်။
          လာမည့် နိုဝင်ဘာလ အတွင်းပြုလုပ်မည့် ရွေးကောက်ပွဲတွင်လည်း အခြေခံစဉ်း စားသင့်သည့် အချက်များအပေါ် မူတည်၍ မှန်ကန်စွာ ရွေးချယ် မဲပေးကြရမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ကို ခိုင်ခိုင်မာမာ ဖြစ်စေလိုကြောင်း တပ်မတော် အနေဖြင့်လည်း ဥပဒေနှင့်အညီ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောသည်။
http://messengernewsjournal.com/

Post a Comment

 
Top