အစိုးရအမိန့်ဖြင့် မိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက်ကွန်ရက်များ ဖြတ်တောက်ခြင်း၊ အင်တာနက် စာမျက်နှာ အချို့အား ပိတ်ဆို့ခြင်းနှင့် ရွေးကောက်ပွဲ ကာလအတွင်း အစိုးရအနေဖြင့် ဆက်သွယ်ရေးကွန်ရက် ပိတ်ဆို့ခြင်း လုပ်ငန်းစဉ်များအစား အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာမှုများကို တားမြစ်နိုင်ရန်သာ ကြိုတင်ပြင်ဆင် ထားသင့်ကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ထုတ်ပြန်သည့် မြန်မာ့အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများကို စောင့်ကြည့်ခြင်း အစီရင်ခံစာတွင် အကြံပြုထားသည်။
မြန်မာအစိုးရက ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံသားများကို သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ (ICT-Information and Communication Technology) အသုံးပြု၍ စောင့်ကြည့်မှုများ ပြုလုပ်နေသည်မှာ ကာလကြာမြင့်နေပြီဖြစ်ပြီး ထိုသို့စောင့်ကြည့် နေမှုများကို ကန့်သတ်ရန် လုပ်ဆောင်သင့်ကြောင်းနှင့် လူ့အခွင့်အရေးများကို လေးစားမှုရှိသော ဥပဒေနှင့်အညီ ကြားဖြတ်ရယူခြင်းစနစ် ကျင့်သုံးခြင်းနှင့် အင်တာနက်ကို လွတ်လပ်စွာ အသုံးပြုခွင့်ပြုခြင်းတို့ကို ဆက်လက်ထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံအား ခေတ်သစ်ကာလ၏ တင်းကျပ်စွာ စောင့်ကြည့်သည့် နိုင်ငံတစ်ခုအဖြစ် မရောက်ရှိစေရန် လုပ်ဆောင်သင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မိုဘိုင်းဖုန်း အသုံးပြုမှုများ ယခုနှစ်ပိုင်းအတွင်း တိုးတက်လာခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် နည်းပညာ နားလည်တတ်မြောက်နှုန်း (Digital Literacy) သည် လွန်စွာနိမ့်ပါးသည်ကို တွေ့ရသည်။ ယင်းအချက်သည် နိုင်ငံတကာ ဥပဒေနှင့် စံချိန်စံညွှန်းများမှ နားလည်လက်ခံထားသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေးဆိုင်ရာ သဘောတရားများကို အကျွမ်းတ၀င် မရှိခြင်းကို ပြသနေသည်။ အဆိုပါ အခြေအနေတွင် အစိုးရအနေနှင့် လုပ်ဆောင်သင့်သည့် အချက်များအဖြစ် လုံလောက်သည့် အကာအကွယ်ပေးမှု များနှင့်အတူ အိုင်စီတီ ကဏ္ဍအတွက် အကြောင်းအကျိုး ဆီလျော်မှုရှိသည့် မူဝါဒဘောင်တစ်ရပ် တည်ဆောက်ရန်၊ အိုင်စီတီကဏ္ဍတွင် တာဝန်ယူမှုရှိသော စီးပွားရေး ကျင့်စဉ်များအတွက် ကြောင်းကျိုးဆီလျော်သည့် မူဘောင်နှင့် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် သင့်လျော်သော ကာကွယ်ပေးမှုများ ပါရှိမှု သေချာစေရန်၊ အိုင်စီတီဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း ပြုပြင်ပြောင်းလဲရေးများကို တိုးမြှင့်လုပ်ဆောင်ရန်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အသင်းဖွဲ့စည်းခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ မြေယာအသုံး ပြုမှုနှင့် စီမံမှုဆိုင်ရာ ကိစ္စရပ်များနှင့် အလုပ်သမား ကိစ္စရပ်များတွင် ပိုမိုကျယ်ပြန့်သော တရားဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အထက်ပါ အချက်များအပြင် အချက်အလက် ကာကွယ်ရေး စနစ်များနှင့် ဆိုက်ဘာလုံခြုံရေးစနစ် တိုးတက်ကောင်းမွန် လာစေရန်၊ ခေတ်ကာလနှင့် လျော်ညီသော သတင်းလွတ်လပ်ခွင့် ဥပဒေတစ်ခုဖြင့် လွတ်လပ်ပွင့်လင်းသည့် ဆက်သွယ်ရေးများ ရှိရေးအတွက် တာဝန်ယူ လုပ်ဆောင်လျက်ရှိကြောင်း ပြသရန်နှင့် အစိုးရတစ်ဖွဲ့လုံးတွင် အဓိပ္ပာယ် ပြည့်ဝသည့် ပွင့်လင်းမြင်သာသော စနစ်များ တည်ဆောက်ရန်၊ မြန်မာနိုင်ငံ တစ်ဝန်းလုံး ဆက်သွယ်ရေး ၀န်ဆောင်မှုများ ရရှိရေး အကောင်အထည်ဖော်မည့် အစီအစဉ်အား အရှိန်တိုးမြှင့် လုပ်ဆောင်ရန်၊ အသုံးပြုသူများ၏ ဒီဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်နှုန်း တိုးပွားစေရန်နှင့် အိုင်စီတီ နည်းပညာများကို မှန်ကန်စွာ သုံးစွဲရန်အတွက် အသိပညာပေးခြင်း လုပ်ဆောင်ရန်နှင့် လုပ်ငန်းများကြောင့် နစ်နာမှုများရှိပါက မည်သူမဆို တိုင်ကြားနိုင်သည့် ယန္တရားများကို ကုမ္ပဏီများက ထားရှိပေးရမည့် လိုအပ်ချက်တို့ကို လိုက်နာစေရန်နှင့် အဆိုပါ ယန္တရားများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ထုတ်ပြန်ပေးရန် အပါအ၀င် အိုင်စီတီကဏ္ဍတွင် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုင်ရာ အလေ့အထများကို လိုက်နာမှုများ အားကောင်းစေရန် အစိုးရက လုပ်ဆောင်သင့်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာအစိုးရ အနေဖြင့် လူ့အခွင့်အရေး အလေးထားမှုများကို အခြေခံကာ တောင်းခံမှုများ ပြုလုပ်ရန်နှင့် အခွင့်အရေးများကို ထည့်သွင်းစဉ်းစားရန် ၎င်းတို့တွင် တာဝန်ရှိသည်ကို နားလည်စေရန် စောင့်ကြည့်ခွင့် တောင်းခံနိုင်သည့် အခွင့်အာဏာ ပေးထားသည့် အဖွဲ့အစည်းတိုင်းအား အစိုးရအနေနှင့် ကြိုတင်လေ့ကျင့် သင်ကြားမှုများ ဆောင်ရွက်ပေးသင့်ပြီး တရားသူကြီးများကိုလည်း ကြိုတင်လေ့ကျင့် သင်ကြားမှုများ လုပ်ဆောင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဥပဒရေးဆွဲ ပြဋ္ဌာန်းမှုနှင့်အတူ လက်တွေ့တွင် မည်သို့လုပ်ကိုင်ရမည်ကို အသေးစိတ် ဖော်ပြပါရှိသည့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ (Code of Practice) ချမှတ်၍ ဥပဒေတစ်ခုထက် ပိုရှိသည့် အနေအထားတွင် (ဥပမာအားဖြင့် ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော် လုံခြုံရေးဥပဒေ၊ မူးယစ်တားဆီး ကာကွယ်ရေးဥပဒေ၊ ဆိုက်ဘာ လုံခြုံရေးဥပဒေ စသည်ဖြင့်) လူ့အခွင့်အရေးကို ကာကွယ်ပေးသည့် အချက်အလက်များသည် တစ်ခုနှင့်တစ်ခု ကိုက်ညီမှု ရှိရမည်ဖြစ်ပြီး မည်သည့်အခြေအနေတွင် မည်သည့်ဥပဒေကို ဦးစားပေးကျင့်သုံး ရမည်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးအပ်နေသည့် ကုမ္ပဏီများအနေနှင့် သုံးစွဲသူများက တရားရေးအရ စောင့်ကြပ်ကြည့်ရှုမှု မခံရဘဲ တိုက်ရိုက်စောင့်ကြည့်မှုမျိုး လုပ်ဆောင်နိုင်ရန် ၎င်းတို့၏ ဆက်သွယ်ရေးကိရိယာ အခြေခံ အဆောက်အအုံများအား ပြောင်းလဲပြုပြင်ခိုင်းခြင်းမျိုး မရှိသင့်ဘဲ ဆက်သွယ်ရေး ၀န်ဆောင်မှု ပေးသူများအား အချက်အလက် သို့မဟုတ် ဆက်သွယ်ရေး လမ်းကြောင်းများအား ၀င်ရောက်ရယူရန် တောင်းဆိုမှုတိုင်းသည် စာဖြင့်ရေးသား တောင်းဆိုရမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အတူ တောင်းဆိုသည့် အစိုးရ အဖွဲ့အစည်းအမည်၊ တောင်းဆိုသူအမည်၊ ရာထူး၊ ခွင့်ပြုလက်မှတ်တို့ အပါအ၀င် တောင်းဆိုမှုတိုင်းအတွက် ဥပဒေကြောင်းအရ လိုအပ်မှု ရှင်းလင်းချက် တစ်ပါတည်း ပါရှိရမည်ဖြစ်ပြီး တောင်းဆိုမှုကို စာဖြင့်ရေးသား တောင်းဆိုရန် လိုသော်လည်း ဥပဒေအားဖြင့် ခွင့်ပြုသည့် အချို့ခြွင်းချက်များ ရှိနိုင်ပြီး အရေးပေါ် အခြေအနေ၊ အသက်အန္တရာယ် ချက်ချင်းကျရောက် လာနိုင်သည့် အခြေအနေ စသည်တို့တွင် စာဖြင့်ရှင်းလင်းချက် မလုပ်နိုင်မီ နှုတ်ဖြင့် ခွင့်ပြုချက် ရယူခြင်းမျိုးကို လက်ခံရမည်ဖြစ်သည်။
ဆက်သွယ်ရေး ၀န်ဆောင်မှု ပေးသူများ အနေနှင့် တောင်းဆိုမှုအပေါ် ရှင်းလင်းချက်၊ တောင်းဆိုပိုင်ခွင့်နှင့် တောင်းဆိုမှုများသည် ပြည်တွင်းဥပဒေ စည်းမျဉ်းစည်းကမ်းများ (နိုင်ငံတကာက လက်ခံသည့် လူ့အခွင့်အရေး ကာကွယ်မှုများနှင့် ကိုက်ညီမှုရှိရမည်) နှင့် ကိုက်ညီမှုမရှိဟု ထင်မြင်ပါက ပြင်ဆင်ဖြည့်စွက်ပေးရန် တောင်းဆိုပိုင်ခွင့် ရှိရမည်ဖြစ်ပြီး နိုင်ငံနယ်နိမိတ် ကျော်လွန်စောင့်ကြည့်မှုမျိုးနှင့် နိုင်ငံခြား တရားရေးအာဏာ အတွင်းတွင် ဆက်သွယ်ရေးလိုင်းများအား ကြားဖြတ်နားထောင်ခြင်းများကို ခွင့်ပြုသည့် ဥပဒေများသည် ပြဿနာရှိနိုင်ကာ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အနေဖြင့် ၎င်းသည် စောင့်ကြည့်မှု ခံရခြင်း ရှိ၊ မရှိ သိရှိရန် မလွယ်ကူသဖြင့် မှန်ကန်မှုရရှိအောင် ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ ဥပဒေမူဘောင်များသည် ယနေ့ခေတ် နည်းပညာများအတွက် ရေးဆွဲထားခြင်းမျိုး မဟုတ်ဘဲ ယခင်စစ်အစိုးရ လက်ထက်က စိတ်ဝင်စားမှု နည်းခဲ့သော နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့် အချက်များလည်း ပါဝင်နေသည်။ ထို့ပြင် ဆက်သွယ်ရေးကဏ္ဍကို ကန့်သတ်ရန် ဥပဒေများအတွင်း ထည့်သွင်းကာ ရည်ရွယ်လုပ်ဆောင် ခဲ့သလို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်ဘက်ဖြစ်ပေါ် လာအောင် လုပ်ဆောင်ကာ ကြီးထွားလာနေသော ဆက်သွယ်ရေး ကဏ္ဍ၏ တည်ရှိဖြစ်ပေါ်နေမှုအား လွယ်လွယ်ကူကူ လက်မခံနိုင်ခြင်းသည် အဆိုပါ ခေတ်ကာလ အကျိုးဆက်များ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိအခြေအနေတွင် မြန်မာအစိုးရက ဆက်သွယ်ရေး နည်းလမ်းများအား စောင့်ကြည့်သည့် စည်းမျဉ်းဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေစတင် ရေးဆွဲနေပြီး အခွင့်အရေးကို အလေးထားသည့် တရားဥပဒေနှင့်အညီ ဆက်သွယ်ရေး ကြားဖြတ်နားထောင်ခြင်း စံပုံစံတွင် ရှိသင့်သည့် လက္ခဏာရပ်များ ဖြစ်သည့် ကြိုတင်သဘောတူရန် လိုအပ်ချက်ထားရှိခြင်း၊ ခွင့်ပြုသည့် လုပ်ငန်းစဉ်ထားရှိခြင်း၊ စောင့်ကြပ် ကြည့်ရှုသူများ ထားရှိခြင်း၊ စောင့်ကြည့်ခံရသူများအား အသိပေးခြင်း၊ ဖြေရှင်းချက် ရယူပိုင်ခွင့်ပေးခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ဥပဒေများကို ပြန်လည်သုံးသပ်ရန် စည်းကမ်းချက် ထားရှိခြင်း စသည့် အခြေခံ ထည့်သွင်း စဉ်းစားသင့်သည့် အချက်များကို လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“အိုင်စီတီကဏ္ဍက မြန်မာနိုင်ငံကို ဆက်သွယ်စေတယ်။ ပြောင်းလဲစေတယ်။ ပညာသင်ကြားခွင့်၊ ကျန်းမာရေးနဲ့ သတင်းအချက်အလက်၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ အုပ်ချုပ်ခွင့်တွေမှာ ပါဝင်ခွင့် အစရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ နှစ်သက်စရာတွေ ရနိုင်ဖို့ အခွင့်အလမ်းတွေ အများကြီး ယူဆောင်လာပေးတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးကို ကွန်ရက်တွေ ချိတ်ဆက်တဲ့အခါမှာ ကတိုက်ကရိုက်နဲ့ အမြန်လုပ်ရတဲ့ အတွက် စိန်ခေါ်မှုတွေ ကြုံရပါတယ်။ အထူးသဖြင့်တော့ ပြည့်စုံလုံလောက်တဲ့ မူဝါဒနဲ့ ဥပဒေဆိုင်ရာ မူဘောင်တွေ ဒါမှမဟုတ် ထိရောက်စိုးမိုးတဲ့ အလုပ်သမားနဲ့ လုံခြုံစိတ်ချရတဲ့ ဥပဒေတွေ မရှိတာပဲ ဖြစ်ပါတယ်” ဟု MCRB မှ ဒါရိုက်တာ ဗစ်ကီဘိုမန်က ဆိုသည်။
အထက်ပါ အချက်များအပြင် မြန်မာနိုင်ငံတွင် အိုင်စီတီကဏ္ဍမှ ထွက်ပေါ်လာနိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု အန္တရာယ် အများစုအတွက် ခေတ်ကာလနှင့် လျော်ညီသော ဥပဒေများ မရှိသေးဘဲ ခေတ်မီဥပဒေ မူဘောင်များ လိုအပ်နေသည့် ကိစ္စရပ်များတွင် ဥပဒေနှင့်အညီ ကြားဖြတ်ရယူခြင်း၊ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက် လုံခြုံရေး၊ သတင်းအချက်အလက် ရယူအသုံးပြုနိုင်ခွင့်၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသည့် အဖွဲ့အစည်းများ၊ ဆိုက်ဘာလုံခြုံရေး၊ အချက်အလက် လုံခြုံရေးနှင့် ဆိုက်ဘာမှုခင်းများ စသည်တို့တွင် ဥပဒေများ လိုအပ်နေသည်။ မြန်မာနိုင်ငံတွင် လစ်ဟာနေသော စည်းမျဉ်း စည်းကမ်းများ အတွက် အခြားနေရာ ဒေသများတွင် ကျင့်သုံးသော အဆိုး၊ အကောင်း အတွေ့အကြုံများမှ သင်ခန်းစာယူပြီး လူ့အခွင့်အရေးဆိုင်ရာ အချက်များကို အခြေခံသည့် ချဉ်းကပ်မှုဖြင့် ဖြည့်ဆည်း ဆောင်ရွက်ရန် လိုအပ်နေသည်။
သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ ဖွံ့ဖြိုးလာခြင်း အန္တရာယ်များတွင် ကိုယ်ရေး ကိုယ်တာ အချက်အလက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းမျိုးစုံဖြင့် ဖြစ်ပွားနိုင်သော ဆိုက်ဘာ မှုခင်းများ - ဥပမာ ကလေးငယ်များအား လိင်မှုဆိုင်ရာ စော်ကားသည့်ပုံများ၊ တစ်ပါးသူကို နစ်နာစေလိုသော ဆန္ဒဖြင့် ညစ်ညမ်းဗီဒီယိုများ ရိုက်ကူးဖြန့်ဝေခြင်း၊ ဆိုက်ဘာ အနိုင်ကျင့်မှုများ၊ နှောင့်ယှက်ခြင်းနှင့် အမုန်းစကား ပြောဆိုခြင်းများ ပါဝင်နေသည်။
“မြန်မာနိုင်ငံက အိုင်စီတီကဏ္ဍမှာ ကြုံတဲ့စိန်ခေါ်မှုတွေကတော့ ဥပဒေမူဘောင်တွေက နည်းပညာ ခေတ်သစ်အတွက် ဆွဲထားတာ မဟုတ်သလို နိုင်ငံတကာ စံချိန် စံညွှန်းနဲ့ မညီတာတွေပဲ ဖြစ်ပါတယ်။ စစ်အစိုးရ လက်ထက်ကတည်းက စိတ်ဝင်စားမှုနည်းခဲ့တဲ့ ဆက်သွယ်ရေးကဏ္ဍကို ကန့်သတ်ဖို့ ဥပဒေတွေထဲမှာ ထည့်သွင်းပြီး ရည်ရွယ်လုပ်ဆောင်ခဲ့သလို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်ဘက် ဖြစ်လာအောင် လုပ်ဆောင်ပြီး ကြီးထွားလာနေတဲ့ ဆက်သွယ်ရေးကဏ္ဍရဲ့ တည်ရှိဖြစ်ပေါ်နေမှုကို လွယ်လွယ်ကူကူ လက်မခံနိုင်တာက အဲဒီခေတ်ကာလ၏ အကျိုးဆက်များပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လစ်ဟာနေတဲ့ စည်းမျဉ်း စည်းကမ်းတွေအတွက် အခြားနေရာ ဒေသတွေမှာ ကျင့်သုံးနေတဲ့ အဆိုး၊ အကောင်း အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး အခွင့်အရေးတွေကို အခြေခံတဲ့ ချဉ်းကပ်မှုတွေနဲ့ ဖြည့်ဆည်း ဆောင်ရွက်ဖို့ လိုအပ်နေတယ်” ဟု ဗြိတိန်နိုင်ငံအခြေစိုက် Institute for Human Rights and Business မှ Margaret Weachenfeld က ပြောကြားသည်။
http://news-eleven.com/
Post a Comment