Eleven Media Group၏ CEO ဒေါက်တာသန်းထွဋ်အောင်အား တိုက်ခိုက်မှုတွင် ပါဝင်သဖြင့် ဖမ်းဆီးထားသည့် အမျိုး သားနှစ်ဦးအား စက်တင်ဘာ ၇ ရက်က ဗဟန်း မြို့နယ်တရားရုံး၌ စတုတ္ထအကြိမ်မြောက်ရုံး ထုတ်ခဲ့သည်။
အမှတ်(၁)တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် (ရန်ကုန်) မှ သန်းထိုက်အောင်ကိစ္စနှင့် ပတ်သက်ပြီး ဗဟန်းတရားရုံးကိုသာ အကြောင်းကြားမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။
“သန်းထိုက်အောင်ကိစ္စနဲ့ပတ်သက်ပြီးတော့ တပ်ကပဲ တရားရုံးကို အကြောင်းကြားမှာပါ။ ကျွန်တော်တို့ အနေနဲ့ မသိရဘူး။ ကျန်တဲ့သူတွေကိုတော့ စုံစမ်းဖော်ထုတ်နေပါတယ်” ဟု ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင် ကြည်က ပြောကြားသည်။
အဆိုပါရုံးချိန်းတွင် အမှုနှင့် ပတ်သက်၍ တရားရုံးမှတရားလိုအဖြစ် တင်သွင်းခံထားရသော CEO ၏ အထွေထွေမန်နေဂျာဦးထိန်လင်း က အမှုနှင့်ပတ်သက်ပြီး တရားလိုအဖြစ် ဆက်လက်အစစ်ဆေးခံရန် ဆန္ဒမရှိကြောင်း တင်ပြစာကို မြို့နယ်တရားသူကြီးထံသို့ လျှောက်ထားခဲ့သည်။
ထို့ပြင် ဖမ်းဆီးခံထားရသော မျိုးမြင့် အောင် (ခ) စပိုက်ဒါ၏ အကျိုးဆောင်ရှေ့နေအဖြစ် ဦးသန်းထိုက်နှင့် ဒေါ်ပွင့်ဖြူသင်းတို့က လည်းကောင်း၊ ရန်နိုင်(ခ)တီကောင်၏ အကျိုးဆောင်ရှေ့နေအဖြစ် ဦးလှဖေ ကလည်းကောင်း အမှုအတွက် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းတို့က ကိုယ်စားလှယ်လျှောက် ထားစာကို တရားသူကြီးထံ တင်သွင်းသည်။
ဆက်လက်၍ အမှုစစ် မြို့နယ်တရား သူကြီးက Eleven Media Group အနေဖြင့် တရားရုံး၏ ဆောင်ရွက်ချက်ဟာ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းသွားနေတာဖြစ်ကြောင်း၊ ဆောင်ရွက်ချက်များမှားနေသည်ဟု ထင်နေပါက အထက်တရားရုံးသို့တင်ပြနိုင်ကြောင်း နှင့် အများပြည်သူထင်ယောင်ထင်မှား ဖြစ်စေမည့် အရေးအသားမျိုးများကို သတိထားစေချင်ကြောင်း တရားခွင်တွင် ပြောကြားသည်။
ယင်းနောက် တရားသူကြီးက အမှုအား စက်တင်ဘာ ၂၁ ရက်၊ နံနက် ၁၁ နာရီတွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုခဲ့ပြီး အဆိုပါရုံးချိန်းတွင် နံပါတ် (၁) တရားလိုပြသက်သေအဖြစ်တင်သွင်းခံထားရသော အထွေထွေမန်နေဂျာ ဦးထိန်းလင်း၏ လျှောက်ထားမှုကိစ္စ ပြန်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ဦးထိန်လင်းက တရားရုံးသို့ လျှောက်ထားသောစာတွင် ဗဟန်း စခန်းမှတာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ ရောက်ရှိလာရာတွင် ကျွန်တော်ဦးထိန်လင်းက ရဲစခန်းတာဝန်ရှိသူများကို မြင်တွေ့ကြားသိရသည့် အချက်အလက်များကို ပြောပြခဲ့ကြောင်း၊ တာဝန်ရှိသူများက ရေးမှတ်ကာ လက်မှတ်ထိုးခိုင်းသဖြင့် လက်မှတ်ရေးထိုးခဲ့ရခြင်းဖြစ်ကြောင်း ပါရှိသည်။
ယင်းနောက်ပိုင်းတွင် ဗဟန်းရဲစခန်းမှ ကျွန်တော့်အား ခေါ်ယူစစ်ဆေးရာတွင်လည်း သိရသည့် အချက်အလက်များကို ပြောဆိုခဲ့ပါကြောင်း၊ သက်ဆိုင်ရာရဲစခန်းမှ တရားရုံးတွင် သက်သေအဖြစ် ခေါ်ယူမည်ဖြစ်ကြောင်း အစစ်ဆေးခံပေးရန်ပြောကြားသည့်အပေါ် ကျွန်တော်က အစစ်ခံပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါကြောင်း၊ သို့ရာတွင် တရားရုံးသို့ တရားခံများအား တရားစွဲဆိုတင်ပို့သည့်အခါ ကျွန်တော်က တရားလိုအဖြစ်ပါဝင်နေကြောင်း သိရှိရပါကြောင်း၊ ကျွန်တော်သည် အထက်ဖော်ပြပါ အခင်းဖြစ်ကိစ္စနှင့် ပတ်သက်၍ ဗဟန်းရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း မရှိပါ၊ နစ်နာသူမှာ ကျွန်တော်လည်း မဟုတ်ပါ၊ ကျွန်တော်သည် Eleven Media Group ၏ ၀န်ထမ်းသာဖြစ်ပါကြောင်း၊ ကျွန်တော့်အား အခင်းဖြစ်သည့် ကိစ္စနှင့်ပတ်သက်၍ တိုင်ကြားရန် ကုမ္ပဏီလူကြီးများက ညွှန်ကြားခဲ့ခြင်း မရှိကြောင်း ဖော်ပြပါရှိသည်။
သို့ဖြစ်ပါ၍ ယခုအမှုအား တရားလိုအဖြစ် အစစ်ခံရန် ဆန္ဒမရှိပါသဖြင့် ကျွန်တော်၏ လျှောက်ထားမှုအား ခွင့်ပြုပေးရန် လျှောက်ထားအပ်ပါကြောင်းတို့ဖြစ်သည်။
ပြီးခဲ့သည့်ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီ ၀န်းကျင်က ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်း၊ မင်းလမ်းမှတ်တိုင်အနီး ဖြစ်ပွားခဲ့သော Eleven Media Group ၏ CEO ဖြစ်သူ ဒေါက်တာ သန်းထွဋ်အောင်အား အမျိုးသားငါးဦး ပါဝင် သောအဖွဲ့မှ ကုန်းသီးဖြင့် အနီးကပ်ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင် ၁၄ ရက် ညပိုင်းနှင့် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတို့တွင် ကျူးလွန်ရာ၌ ပါဝင်သော မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါနှင့် ရန်နိုင် (ခေါ်) တီကောင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ယင်းနောက်အမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိဘဲ ကျူးလွန်ရာတွင်ပါဝင်သော အခြားသူများကိုလည်း ထပ်မံဖမ်းဆီးရမိခြင်း ရှိတော့ဘဲ ဇူလိုင် ၁၈ ရက်နှင့် ဇူလိုင် ၂၀ ရက် တို့တွင် Eleven Media Group အနေဖြင့် စုံစမ်းသိရှိရသော အချက်အလက်များအရ ကျူးလွန်ရာတွင် သန်းထိုက်အောင် ဆိုသူပါဝင်ကြောင်း ရဲတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့ရသည်။
ယင်းနှင့်ပက်သက်၍ သြဂုတ် ၁၁ ရက် က အမှုအားဒုတိယအကြိမ်ရုံးထုတ်ခဲ့ရာတွင် CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံခဲ့သူများအနက် တတိယ တရားခံဖြစ်သူ သန်းထိုက်အောင်မှာ အမှတ် (၁) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် (ရန်ကုန်) မှဖြစ်ကြောင်း အမှုစစ်မြို့နယ် တရားသူကြီးမှ ပြောကြားခဲ့သည်။
ထို့ပြင် သန်းထိုက်အောင်ကို ဖမ်းဆီးရမိရေးနှင့် စစ်ဆေးခြင်းကို စစ်တရားရုံးက ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်ကို တပ်မတော်မှ တရားရုံးသို့ အကြောင်းပြန်စာပေးပို့ခဲ့ကြောင်း သိရသည်။
“အမှုနဲ့ပတ်သက်ပြီး ကျန်ရှိသူတွေကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးမှု အခြေအနေတွေ တိတိကျကျမသိရသေးပါဘူး။ ဒီအမှုဖြစ်စဉ်မှာ သန်းထိုက်အောင်က စပိုက်ဒါ (ခ) မျိုး မြင့်အောင်ကိုပြောတဲ့ ‘အဘ’ ဆိုတာနဲ့ပတ်သက်ပြီး တပ်တွေမှာ ဘယ်သူ့ကိုပဲ ‘အဘ’လို့ ခေါ်တယ်ဆိုတာ သိနိုင်ပါတယ်။ စရဖက သန်းထိုက်အောင်ကို ဖမ်းမိမမိကိစ္စအတွက် သက်ဆိုင်ရာ တပ်မှူးဆီအကြောင်းကြားစာ ပေးပို့ မေးမြန်းသွားပါမယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားပါသည်။
ဗဟန်းမြို့နယ်တရားရုံးတွင် ဖမ်းဆီးရမိထားသူ နှစ်ဦးအား ပြစ်မှုကြီးအမှတ် ၃၅၄/ ၁၅၊ ပုဒ်မ ၄၄၀/ ၁၄၄ ဖြင့် အမှုဖွင့် ရမန်ယူထားခြင်း ဖြစ်ပြီး ဇူလိုင် ၂၈ ရက်တွင် ဗဟန်း မြို့နယ်တရားရုံး၌ စတင်ရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
http://news-eleven.com/

Post a Comment