0

ပြစ်မှုကျူးလွန်သူ တင်မြင့် ရဲများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့် ၎င်းတည်းခိုခဲ့သော အခန်းအား တွေ့ရစဉ်
သန်လျင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့် တရားခံပြေး တင်မြင့်မှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နှစ်ကြိမ်တိုင် လွတ်မြောက်ခဲ့သူဖြစ်ပြီး ယခင်က ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သတ်မှု အပါအ၀င် မုဒိမ်းမှု၊ လုယက်မှုတို့အပြင် ရာဇ၀တ်မှုပေါင်းများစွာ ကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရသည်။

တရားခံတင်မြင့် အနေဖြင့် ၂၀၁၄ ခုနှစ် မေလတွင် သန်လျင်မြို့နယ်၌ပင် အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်မှုကြောင့်၂၀၁၅ ခုနှစ် စက်တင်ဘာတွင် တရားခံပြေးအဖြစ် ကြေညာထားခံရပြီး စက်တင်ဘာ ၂ ရက်တွင် ၎င်းတိမ်းရှောင်နေသည့် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ သဘာဝတည်းခိုခန်း၌ ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးရာ ဓားဖြင့်ပြန်လည်ခုခံ ထိုးသတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့နှစ်ဦးဖြစ်သည့် ရဲအုပ်အောင်နိုင်နှင့် တပ်ကြပ်သူရလွင်တို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဒီလူက ဒုစရိုက်မှုတွေ အများကြီးကို ကျူးလွန်ခဲ့သူ တစ်ယောက်ပါ။ လူသတ်မှုနဲ့ ထောင်ကျပြီး ၂၀၀၈ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတယ်။ လွတ်လာပြန်တော့လည်း ပြစ်မှုတွေ ထပ်ကျူးလွန်တယ်။ မုဒိမ်းမှုတွေ၊ လုယက်မှုတွေနဲ့ ဒုစရိုက်မှုပေါင်း များစွာကိုလည်း ထပ်မံကျူးလွန်လို့ ထောင်ကျခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာ သမ္မတလွတ်ငြိမ်းခွင့်နဲ့ပဲ ပြန်လွတ်လာတယ်။ အဲဒီလိုလွတ်ပြီး အခုလို ပြစ်မှုကို ထပ်မံကျူးလွန်ခြင်း ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။   

ပြစ်မှုကျူးလွန်သူ တင်မြင့်မှာ အသက် (၄၇)နှစ်ရှိပြီဖြစ်ပြီး ၎င်းကို ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မွေးဖွားခဲ့ပြီး လူငယ်ဘ၀ကပင် ရန်ကုန်ဘူတာကြီး၌ ဒုစရိုက်သမားများနှင့် ပူးပေါင်းကာ ခိုး၊ ဆိုး၊ လု၊ နှိုက် စသည့် အမှုပေါင်းများစွာကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရသည်။

တင်မြင့်သည် ၁၉၉၀ ခုနှစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးပြီး လုယက်မှုကျူးလွန်ခဲ့ကာ ပဲခူးမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ၎င်းထွက်ပြေးတိမ်းရှောင်မှုအား လိုက်လံဖမ်းဆီးသည့် ဝေါမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် သာကေတမြို့နယ်ရှိ ၎င်းမိန်းမနေအိမ်၌ ထပ်မံတိမ်းရှောင်နေစဉ် သာကေတမြို့မ ရဲစခန်းနှင့် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းတို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ကာ ၎င်းအား ပဲခူးစစ်ခုံရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အမိန့်ချမှတ်ခံခဲ့ရပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် သံခြေချင်းအားဖြုတ်ကာ အစောင့်ရဲအား ရိုက်နှိက်ကာ ထွက်ပြေးခဲ့ပြီး ယင်းနေ့၌ပင် တင်မြင့်အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းထောင့်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်၊ မြင်းခြံနှင့် အိုးဖိုထောင်တို့တွင် ပြစ်ဒဏ်ကျခံစေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ထိုသို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် တင်မြင့်သည် သာကေတမြို့နယ်ရှိ ၎င်းမိန်းမနေအိမ်၌ ပြန်လည်နေထိုင်နေစဉ် မယားပါသမီးအား အဓမ္မပြုရန် ကြံစဉ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်ရင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် လုယက်မှုများ ထပ်မံကျူးလွန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရှိရသည်။ ထို့နောက် ၎င်းအား တောင်ဒဂုံမြို့နယ်၌ လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၎င်းကျူးလွန်ခဲ့သည် ပြစ်မှုများအတွက် ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ထောင်ကျနေစဉ်အတွင်း၌ပင် မြင်းခြံမြို့နယ်ရှိ ရဲဘက်စခန်းတွင် ထိန်းသိမ်းခံထားရစဉ် သံခြေချင်းအား ဖျက်ဆီးကာ ထွက်ပြေးရန် ကြံစည်ခဲ့မှုဖြင့် ထောင်ဒဏ်လေးလ ထပ်မံတိုးမြှင့်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးလိုက်တိုင်း ခိုး၊ ဆိုး၊ လု၊ နှိုက်မှုတွေ ပိုဖြစ်လာတယ်။ အဲဒီလိုပြစ်မှုတွေ ဖြစ်လိုက်တိုင်းလည်း ပြန်လွတ်လာတဲ့သူတွေကပဲ ကျူးလွန်တာများတယ်။ အခုလို လူမျိုးကျတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နှစ်ကြိမ်တောင် လွှတ်ပေးတယ်။ ဒုစရိုက်မှု မကျူးလွန်ဘဲ အစိုးရကို ဆန္ဒပြတဲ့သူတွေ၊ နိုင်ငံရေးသမားတွေဆိုရင် ဘယ်တော့မှ မလွှတ်ပေးဘူး” ဟု သာကေတမြို့နယ်တွင် နေထိုင်သည့် ကိုတေဇက ပြောကြားသည်။

လက်ရှိတွင် တင်မြင့်အား ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို သတ်ခဲ့သည့် အမှုအတွက် သန်လျင်မြို့မ ရဲစခန်းတွင် (ပ)၅၆၃/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။

သမ္မတဦးသိန်းစိန် လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများမှာ ၂၀၁၁ ခုနှစ် မေ ၁၆ ရက်က အကျဉ်းသား ၅၅ ဦး၊ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် အကျဉ်းသား ၂၄၁ ဦး၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်တွင် အကျဉ်းသား ၃၀၂ ဦး၊ ၂၀၁၂ ခုနှစ် ဇူလိုင် ၃ ရက်တွင် အကျဉ်းသား ၄၆ ဦး၊ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် အကျဉ်းသား ၈၈ ဦး၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် အကျဉ်းသားအချို့အား လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဧပြီ ၁၃ ရက်တွင် အကျဉ်းသား ၆၉ ဦး၊ ၂၀၁၃ ခုနှစ် မေ ၁၇ ရက်တွင် ၂၃ ဦး၊ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်တွင် တစ်နိုင်ငံလုံးမှ အကျဉ်းသား ထောင်ဂဏန်းခန့်နှင့် ၂၀၁၅  ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ရာဇ၀တ်အကျဉ်းသား အများစု ပါဝင်သည့် အကျဉ်းသား ၆၉၀၀ ကျော်ကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။
Writer: 
အောင်ကျော်ထက်၊ ရှိုင်းလင်းအောင်

Post a Comment

 
Top