ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရေပူဆရာတော်အား လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲဝန်ထမ်းက ကျည်အပြည့် ပါသည့် သေနတ်ဖြင့် ချိန်ရွယ်မှုအား ရဲချုပ်ထံသို့ ယခုရက်ပိုင်းအတွင်း တိုင်ကြားသွားမည် ဖြစ်ကြောင်း ဆရာတော်၏ ဒကာများထံမှ သိရသည်။
စက်တင်ဘာလ(၁၄) ရက်နေ့ မွန်းလွဲ (၁) နာရီခန့်တွင် စတင်စစ်ဆေးခဲ့သော တရားမ၀င် ကျောက်မျက် ဥပဒေအား စွဲချက်တင်မည်၊ မတင်မည်အား အမိန့်ချမည့် ရုံးချိန်း၌ ဆရာတော်အား စွဲချက်တင်သည်ဟု ဆိုသော အမိန့်ချမှတ် လိုက်စဉ်တွင် ရေပူဆရာတော်က ခရိုင်တရားသူကြီးနှင့် ခရိုင်တရားရုံးအား ယုံကြည်မှု မရှိသောကြောင့် သပိတ်မှောက်လိုက်ပြီး တရားခွင်မှ ထထွက်လိုက်စဉ် အနီးရှိ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော အစောင့်ရဲဝန်ထမ်းက ကိုင်ဆောင်ထားသော သေနတ်အား မောင်းချိန် လိုက်ပြီးနောက် ဆရာတော်အား ထိုးချိန်လိုက်ခြင်းကို ကျေနပ်မှုမရှိသဖြင့် ရဲချုပ်(နေပြည်တော်)ထံသို့ တိုင်ကြား သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (မိုးကုတ်) အတွင်းရေးမှူး ကိုစိုးဌေးထံမှ သိရသည်။
““ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြင်ဦးလွင် မြို့နယ် ရဲမှူးကိုလည်း တွေ့ဆုံပြီး မေးခွန်း ထုတ်သွားပါမယ်။ အပ်တိုတစ်ချောင်း တောင်မပါတဲ့ ဆရာတော်ကို အခုလို ကျည်ထည့်ထားတဲ့ သေနတ်ကို မောင်းချိန်ပြီး ချိန်ရွယ်တဲ့ ကိစ္စက လုံးဝမဖြစ်သင့်တဲ့ ဖြစ်စဉ်တစ်ခုပါ။ အဲဒီအတွက် သက်ဆိုင်ရာကို တိုင်ကြားသွားမယ်””ဟု ကိုစိုးဌေးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နောက်ပိုင်းတွင် မိုးကုတ်မြို့ရှိ အထင်ကရ ဆရာတော်ကြီး များက ပြင်ဦးလွင်ခရိုင် တရားသူကြီး၊ ဥပဒေအကြံပေး အရာရှိနှင့် ဆရာတော်အား ဦးဆောင် တိုင်တန်းခဲ့သူများအား ဘာသာရေးအရ ကြဉ်လိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည်။
““ဆရာတော်ကြီး တွေကလည်း သူတို့ ဆွမ်းကိစ္စပင့်တာတို့ ဘာတို့ကအစ လုံးဝ မပတ်သက်တော့ကြောင်း ဘာသာရေးအရ ပယ်ထုတ် လိုက်တယ်။ မိုးကုတ်မြို့က သံဃာတော်တော်များ ပါဝင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဆရာတော် အမူကို ဘယ်လို ဆက်လက် ဆောင်ရွက်မလဲ ဆိုတာကိုလည်း ဥပဒေတတ်ကျွမ်းတဲ့ သူတွေ၊ လက်ရှိ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ဆက်လက် လုပ်ဆောင် သွားမှာပါ””ကိုစိုးဌေးက ပြောသည်။
သေနတ်ဖြင့် ချိန်ရွယ်မှု၊ မတရားအမိန့် ချမှတ်သည့် ပြင်ဦးလွင်ခရိုင် တရားသူကြီး တို့အား ပြင်ဦးလွင်မြို့တွင် ရေပူရွာဒေသခံ များအပြင် ဆရာတော်၏ ဒကာရင်းများက ဆန္ဒပြသွားရန်လည်း ရှိကြောင်း သိရသည်။
အဆိုပါ ရေပူဆရာတော်အား တရားမ၀င် သစ်တောဥပဒေနှင့် သာသနာတော် ညှိုးနွမ်းစေမှုတို့ဖြင့် စက်တင်ဘာလ (၁၆) ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်သည်။
Post a Comment