ယခုမနက် ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာထိုင်နေကြသည်ဆိုပါစို့။ လက်ဖက်ရည်ဆိုင်က ကျွန်တော်တို့ အမြဲတမ်းထိုင်နေကျဆိုင်။ မနက်မိုးလင်းလျှင် အဖွဲ့သားတွေဆုံနေကျနေရာ။ သို့တိုင် လက်ဖက်ရည်၏အရသာနှင့်ဆိုင်၏ဝန်ဆောင်မှု က ကျဆင်းလာနေခဲ့တာကြာပြီ။ ယခုမနက်ကတော့ သည်းမခံနိုင် စရာဖြစ်သည်။ လက်ဖက်ရည်၏ အရသာကဆိုးလှသည်။ စားပွဲက ညစ်ပတ်ပေကျံနေသည်။ စားပွဲ ထိုးကလည်း ရိုင်းစိုင်းစွာဆက်ဆံ သည်။ ကျွန်တော်တို့ဘာလုပ်ကြ မည်လဲ။
(၁) လက်ဖက်ရည်ကိုဆက် မသောက်တော့ဘဲ ထထွက်လာ ပြီး ဆိုင်ပြောင်းထိုင်မည်လား၊ (သို့မဟုတ်) (၂) ဆိုင်ပိုင်ရှင်ကို ဆိုင်၏အရည်အသွေး ဘယ်လောက်ကျနေပြီဆိုတာကို အသိပေးပြီး ပြုပြင်ပြောင်းလဲဖို့ သင် တောင်းဆိုမည်လား၊ (သို့မဟုတ်) (၃) တစ်နေ့နေ့ ပြန်ကောင်းလာလိမ့်မည်ကိုမျှော်လင့်လျက် ထိုင်နေကျဆိုင်ကို သစ္စာရှိစွာဖြင့်အတွန့်မတက်ဘဲဆက်ထိုင်မည်လား။
အဖြေနံပါတ်(၁)ကိုရွေး ချယ်လျှင် သင်ဆိုင်သစ်တစ်ဆိုင် ကိုထပ်ရှာဖွေရမည်။ ထိုဆိုင်က ကောင်းချင်ကောင်းမည်။ ကောင်းချင်မှလည်းကောင်းမည်။
အဖြေနံပါတ် (၃)ကိုရွေး ချယ်လျှင်တော့ ဘယ်တော့ပြန် ကောင်းလာမည်မှန်းမသိရသည့် အခြေအနေကို သင်ရင်ဆိုင်ရမည်။
အဖြေနံပါတ်(၂) ကိုရွေး ချယ်လျှင်တော့ စားသုံးသူ၏ အခွင့်အရေးကိုအသုံးပြုခွင့်ရပြီး ဆိုင်ရှင်ကို သင်တောင်းဆိုနိုင်သည်။ သို့သော် မျက်နှာချင်းဆိုင် ဝေဖန်ဖို့အတွက် ရဲစွမ်းသတ္တိတော့ သင့်မှာလိုအပ်လိမ့်မည်။
ထွက်ခွာ၊ ဝေဖန်၊ သစ္စာခံ (Exit, Voice and Loyalty) ဆို သည့်စီးပွားရေးနှင့်နိုင်ငံရေးဆိုင် ရာအယူအဆကို ဂျာမန်လူမျိုး နိုင်ငံရေးနှင့် ဘောဂဗေဒပညာရှင် အယ်လ်ဘာတိုအိုဟာ့ခ်ျမန်းက ၁၉၇၀ ပြည့်နှစ်က ရေးသားပြုစုခဲ့ သည်။ ကုန်ပစ္စည်းများ၊ အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊ အစိုးရအဖွဲ့အစည်းများ၏ အရည်အသွေးများ ကျဆင်းလာသည့် အခါ စားသုံးသူများ၊ အဖွဲ့ဝင်များ နှင့် နိုင်ငံသားများ၏ တုံ့ပြန်ပုံ များကို အခြေခံတွေးခေါ်ထား သည့် အယူအဆဖြစ်သည်။
အဖွဲ့အစည်းတစ်ခု (သို့ မဟုတ်) နိုင်ငံတစ်နိုင်ငံ၏ အရည် အသွေးများကျဆင်းလာသည့် အခါ အချို့သောသူများက ထွက် ခွာမှု (Exit)ဖြင့် တုံ့ပြန်ကြသည်။ ထိုအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက် ခြင်း (သို့မဟုတ်) ထိုနိုင်ငံ၏နိုင်ငံရေးမှာဝင်မပါတော့ခြင်းများဖြင့် တုံ့ပြန်ကြသည်။
ဒုတိယအမျိုးကတော့ ကိုယ် မကြိုက်သည့်အခြေအနေကို ဝေဖန်မှု (Voice)ပြုလုပ်ခြင်းဖြစ် သည်။ ဝေဖန်ခြင်းများ၊ တောင်း ဆိုခြင်းများ၊ ဆန္ဒပြခြင်းများ ပြု လုပ်ကြသည်။ မိမိလုပ်ချင်သည့် အခြေအနေကို ရဖို့အတွက် တောင်းဆိုလှုပ်ရှားကြခြင်းဖြစ် သည်။
တတိယနည်းလမ်းကတော့ အကြွင်းမဲ့သစ္စာခံမှု (Loyalty)ဖြစ် သည်။ အခြေအနေဆိုးဝါးနေ သည့်တိုင် သစ္စာခံမှုကိုအလံလွှင့် ထူပြီး နှုတ်ဆိတ်နေခြင်းဖြစ်သည်။ အယ်လ်ကာတိုအိုအာ့ခ်ျမန်း၏ အယူအဆကို နောက်ပိုင်းမှာ အာဏာနိုင်ငံရေးကိုသုံးသပ်စရာ သီအိုရီအဖြစ် အသုံးပြုလာခဲ့ကြ သည်။
အာဏာရှင်များအုပ်စိုး သည့်နိုင်ငံများမှာတော့ ပြည်သူ တို့ကိုရွေးချယ်ခွင့်နှစ်မျိုးသာပေး လေ့ရှိသည်။ မကျေနပ်လျှင် နိုင်ငံ ရေးမှာ လုံးဝဝင်မပါနှင့်ဆိုသည့် ထွက်ခွာမှု(Exit)နှင့် အကြွင်းမဲ့ သစ္စာခံဆိုသည့် (Loyalty)ဖြစ် သည်။ ‘ထွက်ခွာမှု’၏အခြေအနေ တစ်ခုကတော့ အစုလိုက်အပြုံ လိုက် အခြားတိုင်းပြည်များသို့ တိမ်းရှောင်နေကြရခြင်းဖြစ်သည်။ ပြည်တွင်းမှာ ထုတ်ဖော်ဝေဖန်မှု (Voice) ကိုလုပ်ခွင့်မရကြပါ။ အကြွင်းမဲ့သစ္စာခံကြသူများကတော့ အလွန်အမင်းကြောက်တတ်သူများနှင့် ကိုယ်ကျိုးစီးပွား ခံစားနေကြသူများဖြစ်သည်။
ထွက်ခွာမှုနှင့် ဝေဖန်မှုကြား မှာလည်း ပြောင်းပြန်အချိုးကျနေ သည်။ ထွက်ခွာမှုများလျှင် ဝေဖန် မှုကနည်းသွားသည်။ ဝေဖန်ခွင့် များလာလျှင်လည်း ထွက်ခွာမှုက ကျဆင်းသွားပြန်သည်။ တစ်ဖန် ဝေဖန်မှုနှင့် သစ္စာခံမှုကြားမှာ လည်း ပြောင်းပြန်အချိုးကျသည်။ ဝေဖန်မှုရှိလျှင် အကြွင်းမဲ့သစ္စာခံ မှုလျော့ကျသည်။ ဝေဖန်မှုမရှိ လျှင်တော့ အကြွင်းမဲ့သစ္စာခံမှုကသာ မင်းမူလိမ့်မည်။ ထွက်ခွာ၊ ဝေဖန်၊ သစ္စာခံ (Exit, Voice& Loya-lty)အယူအဆဖြင့် အခြေအနေအတော်များများကို သုံးသပ်၍ရသည်။
ပညာရှင်အချို့ကထွက်ခွာ၊ ဝေဖန်၊ သစ္စာခံချဉ်းကပ်နည်းဖြင့် ဥပဒေအချို့ကိုသုံးသပ်ကြသည်။ ပြည်သူများက ဥပဒေတစ်ခုကို မနှစ်သက်သည့်အခါ ထိုဥပဒေကို အသိအမှတ်မပြုဘဲ မသိကျိုးကျွံ ပြုဖို့ ကြိုးစားကြသည်။ ထွက်ခွာ မှု (Exit)နည်းလမ်းဖြစ်သည်။ အချို့ပြည်သူများကတော့ ထို ဥပဒေကိုမနှစ်သက်သည့်တိုင် ရေငုံနှုတ်ပိတ်ပြီး ဆုပ်ကိုင်ထား ကြသည်။ အကြွင်းမဲ့သစ္စာခံမှု (Loyalty) နည်းလမ်းဖြစ်သည်။ အချို့ပြည်သူများကတော့ အခြေ အနေပေးသည့်အခါ ဥပဒေကို ပြု ပြင်ပြောင်းလဲဖို့အတွက် တောင်း ဆိုမှုများ၊ ဆန္ဒပြမှုများနှင့် ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ကြပါသည်။ ဝေဖန်မှု (Voice)နည်းလမ်း ဖြစ်ပါသည်။
အဖွဲ့အစည်းတစ်ခု(သို့မ ဟုတ်) လူ့အဖွဲ့အစည်းတစ်ခု အပြုသဘောဆောင်သည့် ပြုပြင် ပြောင်းလဲမှုလုပ်နိုင်ရန် ဝေဖန်လှုပ်ရှားသည့် ယဉ်ကျေးမှုထွန်းကားဖို့ လိုအပ်ပါသည်။ ဝေဖန်မှု၊ တောင်း ဆိုမှုမရှိလျှင် စိတ်ပျက်ထွက်ခွာမှု နှင့် အကြွင်းမဲ့သစ္စာခံမှုတို့က လူ့ အဖွဲ့အစည်းအနာဂတ်ကိုဆိတ် သုဉ်းစေသည်။
ပြုပြင်ပြောင်းလဲမှုလုပ်နေ သည့်နိုင်ငံများ၏ အစိုးရအဖွဲ့များ ကို စောင့်ကြည့်ရာမှာလည်း ထွက်ခွာ၊ ဝေဖန်၊ သစ္စာခံချဉ်းကပ်နည်းကိုအသုံးပြု၍ရပါသည်။ ပြုပြင် ပြောင်းလဲမှုကိုမယုံကြည်၍ နှုတ် ဆိတ်ပြီးထွက်ခွာသွားမည်လား။ ကိုယ့်အဖွဲ့အစည်းအလုပ်လုပ် တာအကုန်မှန်သည်ဟု မျက်စိ မှိတ်သစ္စာခံယုံကြည်မည်လား။ အားနည်းချက်များကို ဝေဖန် ထောက်ပြတောင်းဆိုပြီး ရှေ့ ဆက်သွားမည်လားဆိုသည်ကို ရွေးချယ်ကြရပါသည်။ ပြုပြင် ပြောင်းလဲမှုပြုလုပ်နေသည့် အစိုး ရအဖွဲ့ဝင်များရွေးချယ်ကြရမည် ဖြစ်သည်။
နိုင်ငံရေးပါတီများအတွက် လည်း ထွက်ခွာ၊ ဝေဖန်၊ သစ္စာခံ ချည်းကပ်နည်းကိုအသုံးပြု၍ရ သည်။ ပိုမိုတက်ကြွပွင့်လင်းပြီး အပြုသဘောဆောင်သည့် ယဉ် ကျေးမှုကိုဖန်တီးနိုင်ရန်နှုတ်ဆိတ်ထွက်ခွာခြင်းနှင့် အကြွင်းမဲ့သစ္စာ ခံခြင်းတို့ကို ရှောင်ရှားပြီး ဝေဖန် တောင်းဆိုသည့်ချဉ်းကပ်နည်း ကိုကျင့်သုံးကြရသည်။
လူ့အဖွဲ့အစည်းအတွင်းက အစုအဖွဲ့များအားလုံးက ကိုယ့် ကိုယ်ကိုယ် အပြုသဘောဆောင် သည့်ဝေဖန်မှုများပြုလုပ်နိုင်ခဲ့ လျှင် ဆန့်ကျင်ဘက်ဖြစ်နေသည့် အစွန်းတရားများကို တဖြည်းဖြည်းချုပ်ငြိမ်းနိုင်ပါလိမ့်မည်။
နောက်ဆုံးတော့ ကျွန်တော် တို့အားလုံး အလုပ်လုပ်နေကြ သည်မှာ တိုင်းပြည်၏အနာဂတ် အတွက်ဖြစ်သည်။ ကျွန်တော်တို့ အားလုံးအကြားမှာ ဆုံမှတ်တစ်ခု တော့ရှိနေသည်မှာ အသေအချာ ဖြစ်ပါသည်။ လက်ဖက်ရည်က ညံ့ဖျင်းနေသည်။ ဝန်ဆောင်မှုက အားနည်းလှသည်။ လက်ဖက် ရည်ဆိုင်ပိုင်ရှင်ကို ဝေဖန်တောင်း ဆိုဖို့အတွက် ကျွန်တော်တို့စားပွဲ ကထကြပါစို့။ ဆိုင်ပိုင်ရှင်က ကျွန်တော်တို့၏တောင်းဆိုမှုကို တလေးတစားနားထောင်ပြုပြင် ပေးပါမည်လား။။
Aye Chan Mon Credit To: 7 Day Daily
Post a Comment