0

မကွေးတိုင်းအတွင်းရှိ မုန်းချောင်းရေလှောင်တမံနှင့်ကြီးအုံကြီးဝရေလှောင်တ မံတို့တွင် ရေများဆက်လက်မြင့်တက်နေသော်လည်း စိုးရိမ်ရန် မလိုသေးကြောင်း မကွေးတိုင်း ဆည်မြောင်းဦးစီးဌာနမှသတင်းရရှိသည်။
မုန်းတမံတွင်ရေပိုလွှဲထက်ရေအမြင့် ၆ပေကျော်နေပြီးကြီးအုံကြီးဝ တမံတွင် ရေပိုလွှဲထက်၇ပေစီ အသီးသီးကျော်လွန်နေကြောင်း မကွေးတိုင်းဆည်မြောင်းဦးစီးဌာန၊ဦးစီးအရာရှိ ဦးစိုးမင်းလွင်က တနင်္ဂနွေနေ့မွန်းလွဲပိုင်းကပြောကြားသည်။
"မုန်းတမံက ၆.၇ပေကျော်နေပြီး ကြီးအုံကြီးဝ မှာက ၇.၃ ပေ ကျော်နေပါတယ်။ပုံမှန်လောက်ပဲကျော်နေတာပါ။ရေအ၀င်ကလဲ ဖြည်းဖြည်းချင်းပဲတိုးနေတာပါ။ ပေနှစ်ဆယ်လောက်ကျော်ရင်တော့ သတိထားရတော့မှာပေါ့၊ခုထိတော့ စိတ်ပူစရာမရှိပါဘူး။ ဧရာဝတီမြစ်ရေကတော့ တက်နေတာရှိတာပေါ့"ဟု ဦးစီးအရာရှိ ဦးစိုးမင်းလွင်က ပြောသည်။
မုန်းချောင်းတမံနှင့်ကြီးအုံကြီးဝတမံတို့သည် သြဂုတ်လအတွင်းက မိုးရေများပြီး ဧရာဝတီမြစ်ရေမြှင့်တက်ချိန်က ရေပိုလွှဲထက် ၃၅ပေကျော်လွန်ရောက်ရှိခဲ့သော ဆည်များဖြစ်ကြောင်း ဦးစိုးမင်းလွင်က ဆက်ပြောသည်။
"ပေနှစ်ဆယ်ကျော်အထိ စိတ်ပူစရာမရှိပါဘူး။ ပေနှစ်ဆယ်ကျော်ရင်တော့ စသတိထားရမှာပါ။ ခုလိုရေတိုးပုံမျိုးလောက်နဲ့တော့ ရုတ်တရက် ရေမကြီးနိုင်ပါဘူး။ ချင်းပြည်နယ်မှာလည်း မိုးက ပုံမှန်လောက်ပဲ ရွာတယ်လို့သိထားပါတယ်။မြစ်ရေထောက်မထောက်ပေါ်လဲအများကြီး မူတည်ပါတယ်"ဟု ဦးစိုမင်းလွင်က ပြောသည်။
မုန်းချောင်းရေလှောင်တမံသည် သြဂုတ်လအတွင်းက ရေဘေးဆိုးရွားစွာဖြစ်ခဲ့သော စေတုတ္တရာမြို့အနီးတွင်တည်ရှိပြီး ကြီးအုံကြီးဝရေလှောင်တမံသည် ပွင့်ဖြူမြို့အနီးတွင် တည်ရှိသည်။
ဓာတ်ပုံ - စိုးလင်းအောင်
7Day News Journal

Post a Comment

 
Top