0

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဦးဆောင်ကျင်းပခဲ့တဲ့ AYA BANK အလွတ်တန်း ဖူဆယ်ပြိုင်ပွဲဝင် YG FC အသင်းမှ ကစားသမားတွေ၊ အသင်းအုပ်ချုပ်တဲ့ သူတွေနဲ့ နည်းပြအဖွဲ့ကို အသင်းပိုင်ရှင်က ငွေမပေးချေဘဲ လိမ်လည် ထွက်ပြေးသွားမှုတစ်ခု ဖူဆယ်လောကမှာ ပထမဦးဆုံးအကြိမ် ဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီအသင်းထံမှ သိရပါတယ်။
အဲ့ဒီအလွတ်တန်း ဖူဆယ်ပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ YG FC အသင်းပိုင်ရှင် ဦးကျော်ကျော်ဇင်က တာချီလိတ်မြို့မှ ကစားသမား ငါးဦးအပါအဝင် ကစားသမားတွေ၊ အုပ်ချုပ်သူနဲ့ နည်းပြတွေကို ပြိုင်ပွဲပြီးဆုံးအောင် ယှဉ်ပြိုင်စေခဲ့ပေမယ့် ပြိုင်ပွဲအပြီးမှာ လစာငွေလည်း မပေးချေ၊ တာချီလိတ်မြို့မှ ကစားသမားတွေ တည်းခိုနေထိုင်တဲ့ ဟိုတယ် ကုန်ကျစရိတ်တွေ ကိုလည်း မရှင်းပေးဘဲ တိမ်းရှောင်နေတယ်လို့ အဲ့ဒီအသင်း နည်းပြ ဦကျော်ဇင်ညွှန့်က ပြောပါတယ်။
ရန်ကုန်မြို့မှ ကစားသမားတွေ နည်းပြအဖွဲ့တွေ အပြင် တာချီလိတ်မြို့မှ ကစားသမားငါးဦး တို့ကို သြဂုတ်လ ၁၇ ရက်နေ့မှ စပြီး မြောက်ဒဂုံမြို့နယ်ရှိ Great Glory ဟိုတယ်မှာ တည်းခိုနေထိုင်စေပြီး သုံးရက်မြောက်တဲ့နေ့မှာ အခန်းခ ကျပ် ၁၅ သိန်းကျော်ကို မရှင်းပေးတာကြောင့် ဆက်သွယ်ခဲ့ရာ ဖြေရှင်းချက်အမျိုးမျိုးနဲ့ တိမ်းရှောင်နေခဲ့ပြီး သြဂုတ်လ ၂၈ ရက်နေ့က သူ၏ဖုန်းကို ဆက်သွယ်ခဲ့ရာ မိသားစုနဲ့ပဲ တွေ့ဆုံခဲ့ပြီး ပြန်မလာသေးဘူးလို့ ဖြေကြားခဲ့တယ်လို့ Great Glory ဟိုတယ်မှ မန်နေဂျာ ဦးရာဇာမိုးက ဆိုပါတယ်။
“ကျွန်တော်တို့အနေနဲ့ ပထမတည်းတဲ့ ဟိုတယ်မှာလည်း ကိုယ့်ဘာသာစားရတယ်။ နောက် ဒီကိုရောက်လာတယ်။ ပိုက်ဆံတွေလည်း လာမပေးဘူး။ ကျွန်တော်တို့ရမယ့် ငွေက ငါးယောက်အတွက် ဆိုရင် ၁၂ သိန်းပါ။ ဒီငွေလည်းမရဘူး။ အခုအချိန်မှာ အိမ်ပြန်ဖို့တောင် စရိတ်မရှိဘူး။ အိမ်ကနေ ပြန်တောင်းထားရတယ်။ အခုချိန်မှာ နေတာထိုင်တာကို Great Glory ဟိုတယ်က ကူညီထားတယ်” လို့ YG FC အသင်းခေါင်းဆောင် ဇော်မျိုးထိုက်က ပြောပါတယ်။
ကျန်ကစားသမား ၁၂ ဦး ၊ နည်းပြနဲ့ အုပ်ချုပ်သူသုံးဦးတို့ကို ပေးချေရမယ့် ငွေကြေးမှာ ကျပ် ၁၆ သိန်း လောက်ရှိကာ အုပ်စုပွဲစဉ် ပြီးဆုံးကတည်းက ဦးကျော်ကျော်ဇင်နဲ့ အဆက်အသွယ် မရတော့ဘူးလို့ YG FC အသင်းအုပ်ချုပ်သူ ဦးတင်မောင်ဌေးက ဆိုပါတယ်။
YG FC အသင်းဟာ အလွတ်တန်း ဖူဆယ်ပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခဲ့ရပေမယ့် မြန်မာ့လက်ရွေးစင် အသင်းအတွက် ကစားသမားတစ်ဦး၊ ယူ ၂၃ အသင်းအတွက် ကစားသမား တစ်ဦးနဲ့ ယူ ၁၉ အသင်းအတွက် ကစားသမား တစ်ဦး ရွေးချယ်ခံရတယ်လို့ အသင်းနည်းပြ ဦးကျော်ဇင်ညွှန့်က ပြောပါတယ်။

The Voice Weekly

Post a Comment

 
Top