မြန်မာ့ဓလေ့ထုံးတမ်းမှာ လက်ထပ်ထိမ်းမြားခြင်းကို ‘သိမ်မွေ့ပြီး အရေးကြီးတဲ့ လူမှုရေးကိစ္စ’ အဖြစ် ဖွင့်ဆိုပါတယ်။
လက်ထပ်ထိမ်းမြားခြင်းဟာ လူမှုရေးကိစ္စပါပဲ။ လူမှုရေးကိစ္စတိုင်းဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆင်ခြင်တုံတရားနဲ့ သက်ဆိုင်ပါတယ်။ လူမှုရေး ပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဆင်ခြင်တုံတရားကပဲ ဦးဆောင်ရမှာဖြစ်ပြီး ဥပဒေ၊ အမိန့်၊ အာဏာတွေနဲ့ ဆုံးဖြတ်ရင် ဘေးထွက်ဆိုးကျိုး ပိုများပါမယ်။
ပြီးခဲ့တဲ့ ကာလတွေမှာ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာကို ဓလေ့ထုံးတမ်း အစဉ်အလာများအတိုင်း ကျင့်သုံးခဲ့ပါတယ်။ လွတ်လပ်မှု ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ အဲဒီ လွတ်လပ်မှုဟာ ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်မှာ နိဂုံးချုပ်သွားပါပြီ။
တစ်ဦးတစ်ယောက်ချင်းစီရဲ့ လူမှုရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ လွတ်လပ်မှု ကင်းမဲ့သွားသလို အိမ်ထောင်တစ်ခုရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို ကိုယ်နဲ့ မသက်ဆိုင်သူများက ၀င်ရောက်ထိပါးလာတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ့်ခင်ပွန်း၊ ကိုယ့်ဇနီးသည်ဟာ ကိုယ့်သဘောဆန္ဒ မပါဝင်ဘဲ အချိန်မရွေး ထောင်ထဲရောက်သွားနိုင်တာကို အိမ်ထောင်သည်တိုင်း ရင်ဆိုင်ရပါတော့မယ်။
■ နောက်ဆုံးလက်ကျန် မျိုးစောင့်ဥပဒေ
အရပ်ခေါ် မျိုးစောင့်ဥပဒေ လေးမျိုးထဲက ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ ကို သြဂုတ် ၃၁ ရက်မှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ ဒဂုံစီးတီး စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ တောင်းဆိုချက်ကို လိုက်လျောအပြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ မဘသအဖွဲ့က သမ္မတ ဦးသိန်းစိန်ကို အရေးကြီးဆုံးနှစ်ခု တောင်းဆိုခဲ့ပါတယ်။ ပထမတစ်ခုက မျိုးစောင့်ဥပဒေလေးရပ် ပြဋ္ဌာန်းပေးဖို့ ဖြစ်ပါတယ်။ ဒုတိယတစ်ခုက ဒဂုံစီးတီး စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ပါ။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြုလုပ်ဖို့ လပိုင်းအလိုမှာ မဘသအဖွဲ့ရဲ့ တောင်းဆိုချက်နှစ်ရပ်လုံး ပြည့်စုံစေခဲ့ပါတယ်။
မျိုးစောင့်ဥပဒေ လေးခုထဲက ‘လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ’ ကို ၂၀၁၅ ခုနှစ် မေ ၁၉ ရက်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။
သြဂုတ် ၂၆ ရက်မှာ ‘ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ’ ထွက်ပါတယ်။ အဲဒီနေ့မှာပဲ ‘မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ’ ထွက်ခဲ့ပါတယ်။
‘မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ’ ဟာ ၁၉၅၄ ခုနှစ် ‘ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းနှင့် အမွေဆက်ခံမှု အက်ဥပဒေ’ ကို ချေဖျက်ပြီး အသစ် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
ဒီဥပဒေက မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများနဲ့ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ယောက်ျားတို့ ထိမ်းမြားခြင်းနဲ့ သက်ဆိုင်ပါတယ်။
ဘာသာခြားနဲ့ လက်ထပ်ချိန်မှာ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဆုံးရှုံး ထိပါးမှု ဖြစ်နေတာကို ကာကွယ်ပေးနိုင်ဖို့ လုပ်ဆောင်တာ ဖြစ်တာကြောင့် ဒီဥပဒေကို ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။
ဒီအတိုင်းပဲ ‘လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ’ နဲ့ ‘ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ’ နှစ်ရပ်ကိုလည်း ကန့်ကွက်စရာ အကြောင်း မရှိပါဘူး။
ဒါပေမဲ့ ‘တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ မှာတော့ ပြောစရာ ရှိလာပါတယ်။
ဘာကြောင့်လဲဆိုရင် ဒီဥပဒေဟာ မြန်မာနိုင်ငံတွင်းမှာ သာမက နိုင်ငံ ပြင်ပမှာ နေထိုင်သူ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်နေလို့ ဖြစ်ပါတယ်။
■ တစ်လင် တစ်မယား စနစ် ကျင့်သုံးရေး ဥပဒေ
မြန်မာနိုင်ငံဟာ တစ်လင် တစ်မယား စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီအတွက် အရင်က သီးခြား ဥပဒေ မရှိခဲ့ပါဘူး။ အခု ရှိလာပါပြီ။
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေတွေအရ လက်ထပ်ထိမ်းမြားခြင်းဆိုတာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ လောကီကိစ္စ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ အရှေ့ ခုနစ်အိမ်၊ အနောက် ခုနစ်အိမ်၊ ပုဆိုးတန်းတင် အကြင်လင်မယားလို့ သတ်မှတ်ခဲ့တာပါ။
တစ်ဖက်မှာလည်း မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေက မယားပြိုင် စနစ်ကို ခွင့်ပြုထားပါတယ်။ လင်ပြိုင်စနစ်ကို ခွင့်မပြုပါဘူး။
ခရစ်ယာန်၊ ဟိန္ဒူနဲ့ အစ္စလာမ် ဘာသာတွေရဲ့ လက်ထပ်ခြင်းက ဘာသာရေး ဆိုင်ရာနဲ့ သက်ဆိုင်ပြီး မြန်မာဓလေ့ ထုံးတမ်းဥပဒေတွေနဲ့ ဆန့်ကျင်ပါတယ်။
ဒီလို ဆန့်ကျင်နေတာကို အကြောင်းပြုပြီး မျိုးစောင့် ဥပဒေတွေကို ပြဋ္ဌာန်းဖို့ မဘသ အဖွဲ့က တွန်းအားပေးခဲ့ပါ။
၁၈၇၂ ခုနှစ် ခရစ်ယာန် ဥပဒေ၊ ၁၉၅၅ ခုနှစ် ဟိန္ဒူ ဥပဒေ၊ ၁၉၅၃ ခုနှစ် အစ္စလာမ် ဥပဒေတွေအရ အဲဒီ ဘာသာဝင်တွေရဲ့ လက်ထပ်ထိမ်းမြားခြင်းတွေမှာ ဘာသာရေး ဆရာတွေရဲ့ အခန်းကဏ္ဍ အရေးပါပြီး ဘာသာအလိုက် ပြဋ္ဌာန်းထားတဲ့ ဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်ကြရပါတယ်။
မြန်မာဗုဒ္ခဘာသာဝင်တွေရဲ့ လက်ထပ်ထိမ်းမြားခြင်းမှာ သံဃာတွေ ၀င်စွက်ဖက်လို့ မရပါဘူး။
သံဃာတွေဟာ လက်ထပ်ပေးခွင့် မရှိသလို၊ ကွာရှင်းပြတ်စဲပေးခွင့် မရှိပါဘူး။
အခြားဘာသာဝင်တွေ သက်ဆိုင်ရာ ဘာသာရေး ဥပဒေနဲ့ လူမှုရေးရာ လက်ထပ်ထိမ်းမြားခြင်းကို လုပ်ဆောင်နေချိန်မှာ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ ဘာသာရေးနဲ့ လူမှုရေးကို စည်းခြားထားတာကြောင့် ဒါကို မဘသ အဖွဲ့က ပြင်လိုပါတယ်။
သူတို့ ပြင်လိုတဲ့ အချက်က ဥပဒေ သုံးခုနဲ့ လုံလောက်ပါတယ်။ တစ်လင် တစ်မယားစနစ် ကျင့်သုံးရေး ဥပဒေက မုချလိုအပ်တဲ့ အရာ မဟုတ်ပါဘူး။
မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ မယားပြိုင် စနစ်ကို ခွင့်ပြုထားတယ် ဆိုပေမယ့် မယားပြိုင် ထားလို့ ဖြစ်လာမယ့် အကျိုးဆက်တွေကို ကာကွယ်ပေးထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ ရာဇသတ်ကြီး ဥပဒေတွေ ရှိထားပြီး ဖြစ်ပါတယ်။
ဒီလို ရှိထားချိန်မှာ တစ်လင် တစ်မယားစနစ် ကျင့်သုံးရေး ဥပဒေကို ထပ်ပြဋ္ဌာန်းလိုက်တာကြောင့် ဥပဒေအရ အငြင်းပွားစရာတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်လာပြီး လူမှုရေးဆိုင်ရာ ဆိုးကျိုးတွေဖြစ်ဖို့ တွန်းအားပေးလိုက်ပါတယ်။
■ ဥပဒေ၏ ရည်ရွယ်ချက်
ရိုးရှင်းပုံ အသွင်ဆောင်ထားတဲ့ ‘တစ်လင် တစ်မယားစနစ် ကျင့်သုံးရေး ဥပဒေ’ ဟာ အကောင်းထက် အဆိုးဖြစ်ဖို့ ပိုများပါတယ်။
ဥပဒေရဲ့ ရည်ရွယ်ချက် လေးရပ် ရှိပါတယ်။
(က) ဥပဒေနှင့် အညီ ထိမ်းမြားကြသော လင်နှင့် မယားတို့သည် တစ်ဦးအပေါ် တစ်ဦး သစ္စာရှိစွာဖြင့် သာယာချမ်းမြေ့သော အိမ်ထောင် တည်ဆောက်နိုင်စေရန်၊
(ခ) တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဖြင့် အမျိုးသမီးများ တရားမ၀င် မယားအဖြစ် ရောက်ရှိခြင်းမှ ကာကွယ်ရန်၊
(ဂ) အိမ်ထောင်ဖက် တစ်ဦးထက် ပို၍ ယူခြင်းကြောင့် ဖြစ်ပွားနိုင်သည့် အိမ်ထောင်ရေး ပြဿနာ နှင့် အိမ်ထောင်ရေး မှုခင်းများကို တားဆီးရန်၊
(ဃ) အမျိုးသား၊ အမျိုးသမီးများ၏ ကိုယ်ကျင့်တရား ပိုမိုထိန်းသိမ်း နိုင်ကြစေရန်လို့ ဆိုပါတယ်။
(ခ) တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဖြင့် အမျိုးသမီးများ တရားမ၀င် မယားအဖြစ် ရောက်ရှိခြင်းမှ ကာကွယ်ရန်၊
(ဂ) အိမ်ထောင်ဖက် တစ်ဦးထက် ပို၍ ယူခြင်းကြောင့် ဖြစ်ပွားနိုင်သည့် အိမ်ထောင်ရေး ပြဿနာ နှင့် အိမ်ထောင်ရေး မှုခင်းများကို တားဆီးရန်၊
(ဃ) အမျိုးသား၊ အမျိုးသမီးများ၏ ကိုယ်ကျင့်တရား ပိုမိုထိန်းသိမ်း နိုင်ကြစေရန်လို့ ဆိုပါတယ်။
■ တားမြစ်ချက်နှင့် ပြစ်ဒဏ်
ဥပဒေမှာ တားမြစ်ချက် သုံးရပ် ပါဝင်ပါတယ်။
ပထမ အချက်က တစ်ဦး ဒါမှမဟုတ် တစ်ဦးထက် ပိုပြီး အိမ်ထောင်ပြုထားသူ ဘယ်သူမဆို နောက်ထပ် လက်ထပ်ထိမ်းမြားခွင့် မရှိတော့ပါဘူး။
ဒုတိယ တစ်ချက်က နောက်ထပ် အိမ်ထောင်ပြုမယ် ဆိုရင် အရင် အိမ်ထောင်နဲ့ ကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း အထောက်အထား တင်ပြနိုင်မှ ထပ်မံထိမ်းမြားခွင့် ရှိပါတယ်။
တတိယ တစ်ချက်က ဘယ်သူမဆို ဥပဒေ တစ်ရပ်ရပ်အရ ဖြစ်စေ၊ ကိုးကွယ်ရာ ဘာသာအရ ဖြစ်စေ၊ ဓလေ့ထုံးတမ်းအရ ဖြစ်စေ ထိမ်းမြားမှု အတည်ဖြစ်နေချိန်မှာ ထပ်ပြီး ထိမ်းမြားမှု၊ လင်မယားအဖြစ် တရားမ၀င် ပေါင်းသင်းနေထိုင်နိုင်မှု မလုပ်ရတော့ပါဘူး။
ဆိုလိုတာက အိမ်ထောင် တစ်ခု၊ ဇနီး တစ်ဦးပဲ ရှိရမှာ ဖြစ်သလို မယားပြိုင်၊ လင်ပြိုင်နဲ့ (အပျော်သဘော) တရားမ၀င် ပေါင်းဖက်မှု ဘယ်ပုံစံကိုမှ အိမ်ထောင်သည်တွေကို ခွင့်မပြုဘူးလို့ ပြောတာပါ။
ဒီတားမြစ်ချက် သုံးရပ်ကို ဖောက်ဖျက်မယ် ဆိုရင် ရင်ဆိုင်ရမယ့် ပြစ်ဒဏ်ထောင်ဒဏ် အနည်းဆုံး ခုနစ်နှစ်ကနေ ၁၀ နှစ်အထိ ရှိပါတယ်။
တရားဝင် ထိမ်းမြားမှု ရှိနေချိန်မှာ နောက်ထပ် အိမ်ထောင်ပြုမယ်၊ တရားမ၀င် ပေါင်းသင်းနေထိုင်မယ် ဆိုရင် ထောင်ခုနစ်နှစ် ကျပါမယ်။
တကယ်လို့ ကိုယ့်မှာ အိမ်ထောင်ရှိနေတာကို ထိန်ချန်ပြီး နောက်ထပ် အိမ်ထောင်ပြုမယ် ဆိုရင် ထောင် ၁၀ နှစ် ကျပါမယ်။
■ အရင်နဲ့ ဘာကွာသွားလဲ
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ မယားပြိုင် စနစ်ကို ခွင့်ပြုထားပြီး နှစ်လင် တစ်မယား လင်ပြိုင်စနစ်ကို ခွင့်ပြုမထားပါဘူး။
ဒါပေမဲ့ အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ ဒီဥပဒေ မတိုင်ခင် မယားပြိုင် ထားတာတွေ၊ လင်ပြိုင် ထားခဲ့တာတွေကို တရားဝင် ခွင့်ပြုလိုက်ပါတယ်။
ဒါ့အပြင် အရင် ဥပဒေတွေအရ မယားပြိုင်၊ လင်ပြိုင် ကိစ္စတွေမှာ အမှုအခင်း ဖြစ်လာရင် ထောင်ချလို့ မရပါဘူး။ အခုတော့ ယောက်ျားကိုရော၊ မိန်းမကိုပါ ထောင်ချလို့ ရပါတယ်။
မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်အထက် လူဦးရေ၏ အိမ်ထောင်ရေး အခြေအနေပြ ညွှန်းကိန်း (source - dop)
အရင်က လင်ပြိုင်ထားခြင်း ခွင့်မပြုဘူး ဆိုပေမယ့် အိမ်ထောင်ရှိ အမျိုးသမီး တစ်ဦးက နောက်ယောက်ျား တစ်ဦးနဲ့ တရားမ၀င် နေထိုင်တဲ့အခါ အမျိုးသမီးကို ထောင်ချလို့ မရပါဘူး။ မယားခိုးမှုနဲ့ နောက်ယောကျာ်းကို အရင်ယောက်ျားက တရားစွဲလို့ ရပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပြဋ္ဌာန်းချက်အရ မယားခိုးမှုတွေမှာ မိန်းမဖြစ်သူကို သက်သေအဖြစ် တင်သွင်းရတဲ့အတွက် တရားခံဖြစ်လေ့ မရှိပါဘူး။
နောက်တစ်ပိုင်းက ကွာရှင်းပြတ်စဲခြင်း ကိစ္စ ဖြစ်ပါတယ်။
အိမ်ထောင်ရှိလျက်နဲ့ တရားမ၀င် နောက်ထပ် ပေါင်းသင်းနေထိုင်သူ ယောက်ျား ဒါမှမဟုတ် မိန်းမဟာ ဒီဥပဒေအရ အိမ်ထောင်ရေးပြစ်မှု ကျူးလွန်တယ်လို့ ထင်ရှားရင် ကျန်တဲ့ယောက်ျား ဒါမှမဟုတ် မိန်းမက ကွာရှင်းလို့ ရပါတယ်။
ဒါကလည်း အရင်နဲ့ မတူတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
အရင်ကတော့ ယောက်ျားက နောက်အိမ်ထောင်ပြုရင် ပထမ မယားကြီးက ကွာရှင်းခွင့် တောင်းဆိုပိုင်ခွင့် ရှိပါတယ်။ ကွာရှင်းပိုင်ခွင့်ကို တောင်းဆိုနိုင်တာပါ။ ကွာရှင်းလို့ ရတဲ့ ပုံစံ မဟုတ်ပါဘူး။ အခု ဥပဒေမှာတော့ လုံးဝကွာရှင်းလို့ ရပါတယ်။ အိမ်ထောင်ရှိလျက်နဲ့ မိန်းမက နောက်ယောက်ျားယူရင် ယောက်ျားက ကွာရှင်းခွင့်ကို အရင်ကလည်း ရပါတယ်။
အခု ကွာရှင်းခွင့်ရမယ့် အပြင် ဒီဥပဒေအရ အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူဟာ အိမ်ထောင်တစ်ခုမှာ နှစ်ဦးပိုင်ဆိုင်ထားတဲ့ အရာအားလုံးကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရဆိုရင် ဒီလို ကွာရှင်းမှုမှာထက် ၀က်စီခွဲဝေပိုင်ခွင့် ရှိပါတယ်။ အခုတော့ အိမ်ထောင်ရေးပြစ်မှု ကျူးလွန်တဲ့သူဟာ ကိုယ်ရမယ့် ဝေစုကိုပါ စွန့်လွှတ်ရပါမယ်။
ဒီလို စွန့်လွှတ်မှုမှာ နှစ်ဦးပိုင် ပစ္စည်းရော၊ အမွေရော စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အိမ်ထောင်ပြုပြီး ဖြစ်တဲ့ ယောက်ျား ဒါမှမဟုတ် မိန်းမရဲ့ နောက်မိန်းမ (အရပ်ခေါ် မယားငယ်)၊ ယောက်ျား (အရပ်ခေါ် လင်ငယ်)ဟာလည်း ပထမ အိမ်ထောင်ကနေ ဘာမှ အမွေဆက်ခံခွင့်ရမှာ မဟုတ်ပါဘူး။
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာတော့ မယားပြိုင် စနစ်ကို ခွင့်ပြုထားတဲ့အတွက် ပထမ အိမ်ထောင်က မိန်းမရော၊ နောက်ယူတဲ့ အရပ်ခေါ် မယားငယ်ပါ ယောက်ျားရဲ့ အမွေကို အချိုးကျ ဆက်ခံပိုင်ခွင့် ရှိပါတယ်။
အရေးကြီးဆုံး အချက်တစ်ခုက တရားမ၀င် ထိမ်းမြားခြင်းက ရလာတဲ့ ကလေးတွေရဲ့ ခံစားပိုင်ခွင့် ဖြစ်ပါတယ်။
ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ ‘တရားမ၀င် ထိမ်းမြားလက်ထပ်ခြင်း သို့မဟုတ် ထိန်ချန်ထိမ်းမြား လက်ထပ်ခြင်းကြောင့် ရရှိလာသော သား၊ သမီးများသည် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ဆုံးရှုံးခြင်း မရှိစေရ’ လို့ပဲ ဖော်ပြထားပါတယ်။
ဘယ်လို အကျိုးခံစားခွင့် ရှိမလဲ ဆိုတာကို တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။
ဒါ့အပြင် ပထမ အိမ်ထောင်နဲ့ ရရှိတဲ့ သားသမီးတွေနဲ့ ပတ်သက်ပြီးလည်း တိတိကျကျ ပြဋ္ဌာန်းထားတာ မရှိပါဘူး။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၈၈ မှာ သားသမီးစရိတ်ကို တရားဝင် သတ်မှတ်ထားပြီး တရားဝင် အိမ်ထောင်ကဖြစ်စေ၊ တရားမ၀င် အိမ်ထောင်ကဖြစ်စေ မွေးတဲ့ ကလေးတိုင်းဟာ ဖခင်ဆီကနေ ရပိုင်ခွင့် တောင်းယူလို့ ရပါတယ်။
■ ဥပဒေဆိုင်ရာ ရှုပ်ထွေးမှု
အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ ပြည့်စုံခြင်း မရှိတဲ့အပြင် ကန့်သတ်ချက်တွေကိုလည်း တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။
နည်းဥပဒေနဲ့ လိုက်ပြီး ထိန်းညှိလို့ ရတယ် ဆိုပေမယ့် မလိုအပ်ဘဲ အလျင်စလို ပြဋ္ဌာန်းလိုက်တဲ့ အတွက် ပထမ အချက်က ဥပဒေဆိုင်ရာ ရှုပ်ထွေးမှု ဖြစ်လာနိုင်ပါတယ်။ ဒုတိယ အချက်က လူမှုရေးဆိုင်ရာ ရှုပ်ထွေးမှုတွေ ဖြစ်လာပါမယ်။
ဥပဒေ ရှုပ်ထွေးမှု အပိုင်းမှာ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်လို့ အရင်က ရှိထားပြီး ဓလေ့ထုံးတမ်း ဥပဒေတွေကို ဖျက်သိမ်းတယ်လို့ မဆိုထားပါဘူး။
တစ်ဖက်မှာလည်း ဓလေ့ထုံးတမ်း ဥပဒေတွေ ဆက်ရှိနေတယ် ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်။ ဒါကြောင့် ဒီဥပဒေကြောင့် ဖြစ်လာတဲ့ အမှုအခင်းတွေကို ဖြေရှင်းတဲ့အခါ ဘယ်ဥပဒေနဲ့ ဆုံးဖြတ်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ပြောဆိုထားတာ မရှိပါဘူး။
ဘာကြောင့်လဲဆိုရင် အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုထားတာကြောင့် ဗုဒ္ခဘာသာဝင် မဟုတ်တဲ့ အခြားဓလေ့ ထုံးတမ်း ဥပဒေတွေနဲ့ ဥပဒေဆိုင်ရာ ပဋိပက္ခ ဖြစ်လာနိုင်ပါတယ်။
အဲဒီ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရင်တောင် ဥပဒေ ယိုပေါက်တွေကြောင့် အိမ်ထောင်ရှိ ယောက်ျား၊ မိန်းမတိုင်း စိုးရိမ်ရမယ့် အချက်တွေ ရှိလာပါတယ်။
■ ဘာတွေ စိုးရိမ်စရာ ရှိလဲ
ဥပဒေပါ ပြဋ္ဌာန်းချက်အရ ပြစ်ဒဏ်ဟာ ထောင်ဒဏ် အနည်းဆုံး ခုနစ်နှစ်ကနေ ၁၀ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လို့ ရတဲ့ အမှုတွေဟာ ရဲအရေးပိုင်တဲ့ အမှုတွေ ဖြစ်သလို ၀ရမ်းမပါဘဲ ဖမ်းလို့ရတဲ့အမှု ဖြစ်ပါတယ်။
အခု ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာလည်း လုပ်ထုံးလုပ်နည်း သီးခြားဖွင့်ဆိုထားတာ မရှိတဲ့အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ရဲအရေးပိုင်တဲ့ အမှု ဖြစ်ပါတယ်။
ဒါ့အပြင် အာမခံပေးလို့ မရသလို ကျေအေးခွင့် မရှိပါဘူး။ ပိုဆိုးတဲ့ အချက်က ဘယ်သူမဆို တိုင်ကြားနိုင်ပြီး ဘယ်သူမဆို တရားစွဲဆိုပိုင်ခွင့် ရှိပါတယ်။
ဒါ့အပြင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ အရ သတင်းပေး တိုင်ကြားချက် ရတာနဲ့ ပုဒ်မ ၁၅၆ အရ ရဲက လွတ်လပ်စွာ စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိပါတယ်။
ဒါကြောင့် အိမ်ထောင်သည် ယောက်ျား ဒါမှမဟုတ် မိန်းမတစ်ဦးဦးရဲ့ အိမ်ထောင်ဖက်ဟာ အခြားသူ တစ်ဦးဦးနဲ့ (အပျော်သဘော ဖြစ်စေ၊ တစ်ကြိမ်တစ်ခါ ဖြစ်စေ) တရားမ၀င် ပေါင်းသင်းနေထိုင် နေတယ်ဆိုတဲ့ သတင်းပေး တိုင်ချက်ရတာနဲ့ ရဲက အချိန်မရွေး၊ နေရာမရွေး ၀င်ရောက်စစ်ဆေး ဖမ်းဆီးပိုင်ခွင့် ရှိနေပါတယ်။
တရားစွဲဆိုတဲ့ အခါမှာလည်း သက်ဆိုင်ရာ အိမ်ထောင်သည်ယောက်ျား ဒါမှမဟုတ် မိန်းမရဲ့ တရားဝင် အိမ်ထောင်ဖက် ယောက်ျား ဒါမှမဟုတ် မိန်းမက ဥပဒေနဲ့ မဟုတ်ဘဲ လူမှုရေးဆိုင်ရာ အခြားနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင်တောင် ဖြေရှင်းလို့ မရတော့ပါဘူး။
သက်ဆိုင်ရာ ကာယကံရှင် မဟုတ်ဘဲ သတင်းပေးသူက တရားလို လုပ်နိုင်တာကို အခု ဥပဒေမှာ သီးခြားဖွင့်ဆိုထားတာ မရှိပေမယ့် ‘မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ’ မှာ ပြဋ္ဌာန်းထားပါတယ်။
အိမ်ထောင်သည် တစ်ဦးက အိမ်ထောင်ရေး ပြစ်မှုတစ်ခု ကျူးလွန်သည် ဖြစ်စေ၊ ကျူးလွန်တယ်လို့ ယူဆစရာရှိသည် ဖြစ်စေ သူ့ကို ဘယ်သူမဆို တိုင်ကြားပြီး တရားစွဲနိုင်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
■ ထောင်ချောက်တွေ ပေါ်လာမယ်
အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ အိမ်ထောင်သည် အားလုံးကို ခြိမ်းခြောက်လိုက်တာပါ။
အိမ်ထောင်ရေး မပြေလည်ပေမယ့် ကွာရှင်းခြင်း မပြုဘဲ နားလည်မှုနဲ့ အိမ်ထောင်တည်ဆောက်ထားတဲ့ သူတွေကိုလည်း ဒီဥပဒေက ရိုက်ခတ်လာပါမယ်။ အိမ်ထောင်ရေး မပြေလည်မှုကို နားလည်မှုနဲ့ ဆက်တည်ဆောက်ထားတယ်၊ တစ်ချိန်တည်းမှာပဲ လောကီသဘောအရ တရားဝင် အိမ်ထောင်ဖက် မဟုတ်သူ တစ်ဦးနဲ့ အပြင်မှာ တွဲနေမယ်ဆိုရင် အဲဒီသူအတွက် အန္တရာယ် ရှိလာပါတယ်။
နောက်တစ်ပိုင်းက ဒီဥပဒေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ထောင်ချောက်တွေ ဖြစ်လာပါလိမ့်မယ်။
အဲဒီ ထောင်ချောက်တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တိုင်းမှာ ဖြစ်လာမှာပါ။
မိန်းမရှုပ်တဲ့ ယောက်ျားတွေ၊ ယောက်ျားရှုပ်တဲ့ မိန်းမတွေကို ဒီဥပဒေနဲ့ ခြိမ်းခြောက် အကြပ်ကိုင်လို့ ရပါတယ်။
ဒါပေမဲ့ မိန်းမ မရှုပ်တဲ့ အိမ်ထောင်သည် ယောက်ျား၊ ယောက်ျား မရှုပ်တဲ့ မိန်းမတွေလည်း ဒီဥပဒေနဲ့ ခြိမ်းခြောက် အကြပ်ကိုင်လို့ ရနေပါတယ်။
ပြဋ္ဌာန်းထားတဲ့ ဥပဒေ ပုံစံအရ လက်ထပ်စာချုပ် မရှိသူတောင် အခြားသူ တစ်ဦးက လက်ထောက်ချ ချောက်တွန်းလို့ လူမှုရေး ရှုပ်ထွေးမှု ကြုံရမယ့် ပုံစံမျိုး ဖြစ်နေပါတယ်။
နောက်ပြီး အိမ်ထောင်သည် ယောက်ျား ဒါမှမဟုတ် မိန်းမ တစ်ဦးဦးကို ဖြားယောင်းလို့ ဖြစ်စေ၊ ကြိုတင် အကွက်ချ စီစဉ်လို့ ဖြစ်စေ ဥပဒေကို အသုံးပြုပြီး ခြိမ်းခြောက် ငွေညှစ်၊ နာမည်ပျက်အောင်၊ စီးပွားပျက်အောင်၊ မိသားစု ပြိုကွဲအောင် လုပ်ဖို့ အလွယ်တကူ ဖြစ်လာနိုင်ပါတယ်။ ဒီလို အလွယ်တကူ ဖြစ်အောင်လည်း ဥပဒေက ခွင့်ပြုပေးထားပါတယ်။
ဥပမာ အနေနဲ့ ဒီဥပဒေ ပြဋ္ဌာန်းချက်အရ အိမ်ထောင်ရှိသူ အမျိုးသား တစ်ဦးကို အမျိုးသမီး တစ်ဦးက လှည့်ဖြားပြီး ဆွဲဆောင်မှု လုပ်မယ်၊ ပြီးတဲ့အခါ ခြိမ်းခြောက် အကျပ်ကိုင်မှု လုပ်မယ်ဆိုရင် အဲဒီ အမျိုးသားနဲ့ ကြံရာပါ ဖြစ်နေတဲ့ အမျိုးသမီးကို အရေးယူပိုင်ခွင့် မရှိပါဘူး။ တရားရင်ဆိုင်ရပြီ ဆိုရင်တော့ အိမ်ထောင်သည် အမျိုးသား ထောင်ကျပါမယ်။
ဒီအခါ တရားဝင် အိမ်ထောင်ဖက် မဟုတ်တဲ့ အခြား အမျိုးသား တစ်ဦးက ဥပဒေကို ကိုင်ပြီး အိမ်ထောင်သည် အမျိုးသားကို အလွယ်တကူ ခြိမ်းခြောက် အကျပ်ကိုင်နိုင်မယ့် အပြင် အဲဒီ အိမ်ထောင်သည် အမျိုးသားရဲ့ စီးပွားဥစ္စာ၊ မိသားစု ပြိုကွဲအောင်လည်း လုပ်ပိုင်ခွင့် ရှိပါတယ်။
ဒီအတိုင်းပဲ အိမ်ထောင်သည် အမျိုးသမီး တစ်ဦးကိုလည်း အခြား အမျိုးသား တစ်ဦးက ဒီအတိုင်း အကျပ်ကိုင် ခြိမ်းခြောက်လို့ ရနေပါတယ်။ ဒီလိုဖြစ်လို့ အဲဒီ အမျိုးသားကို အိမ်ထောင်သည် အမျိုးသားက မယားခိုးမှုနဲ့ တရားစွဲရင် ခြိမ်းခြောက် အကျပ်ကိုင်တဲ့ အမျိုးသားကို ထောင်ချလို့ ရနိုင်ပါတယ်။ တစ်ဖက်မှာလည်း သူ့ဇနီးသည်ဟာ သူရဲ့ တိုင်တန်းချက် အရပဲ အခု ဥပဒေအရ ထောင်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။
အရင်ကလည်း ဒီလို လူမှုရေးဆိုင်ရာ ခြိမ်းခြောက် အကျပ်ကိုင်မှုတွေ၊ ပြဿနာတွေ ရှိခဲ့ပေမယ့် ဆင်ခြင်တုံ တရားနဲ့ပဲ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အခုချိန်မှာတော့ ထောင်ကျလောက်တဲ့ အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ သီးခြားဥပဒေ ရှိလာတယ်၊ ဒါ့အပြင် ဒီဥပဒေကို သက်ဆိုင်ရာ ကာကယံရှင်တွေ မဟုတ်ဘဲ ဘယ်သူမဆို ၀င်ရောက်သုံးစွဲနိုင်တဲ့ လူ့အဖွဲ့အစည်းအတွင်း ရှုပ်ထွေးမှုတွေ ပိုဖြစ်လာမှာပါ။
■ တစ်လင် တစ်မယား စနစ် ကျင့်သုံးရေး ဥပဒေလိုသလား
မြန်မာနိုင်ငံမှာ အိမ်ထောင်ရေး ဖောက်ပြန်သူ ဒါမှမဟုတ် ကွာရှင်းပြတ်စဲမှုတွေ အဆမတန် တိုးပွားနေတာလည်း မဟုတ်ပါဘူး။
၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်း ရလာဒ်တွေအရ အသက် ၁၅ နှစ်အထက် မြန်မာ့လူဦးရေ ၃၅ ဒသမ ၅ သန်းကျော် ရှိပါတယ်။
ဒီလူဦးရေရဲ့ အမျိုးသား ၆၁ ရာခိုင်နှုန်းက အိမ်ထောင်သည်တွေဖြစ်ပြီး အမျိုးသမီး ၅၈ ရာခိုင်နှုန်းက အိမ်ထောင်သည် ဖြစ်ပါတယ်။ အိမ်ထောင်မရှိ လူပျို အရေအတွက်က အမျိုးသား ၃၂ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး ၃၀ ရာခိုင်နှုန်း ရှိနေပါတယ်။
အိမ်ထောင်ရှိ လူဦးရေ အားလုံးကို ခြုံကြည့်ရင်လည်း ကွဲကွာမှုနှုန်းက အမျိုးသားဘက်မှာရော၊ အမျိုးသမီးဘက်မှာ အများဆုံး သုံးရာခိုင်နှုန်းထက် မပိုတာကို တွေ့ရပါတယ်။ ဒါဟာ စိုးရိမ်စရာ အခြေအနေ မဟုတ်ပါဘူး။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ အိမ်ထောင်မရှိသူ လူပျို၊ အပျို ပမာဏဟာ မတိမ်းမယိမ်း ရှိနေပါတယ်။ တစ်ဖက်ဖက်က သိသာတဲ့ လွှမ်းမိုးမှု မရှိပါဘူး။
သန်းခေါင်စာရင်း ရလဒ်တွေကို ကြည့်ရင်ပဲ မြန်မာနိုင်ငံရဲ့ အိမ်ထောင်ရေး အချိုးအစားဟာ ရှိတဲ့ လူဦးရေနဲ့ ဖြစ်ပေါ်နေတဲ့ အနေအထား အချိုးညီမှု ရှိတယ်လို့ ယူဆနိုင်ပါတယ်။
ဒီလို အချိုးညီမှု ရှိနေတာဟာ လူမှုရေး ပြဿနာတွေကို ဆင်ခြင်တုံတရားနဲ့ ထိန်းချုပ်လုပ်ကိုင်နေကြလို့ ဖြစ်ပါတယ်။
ဒါပေမဲ့ အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ လူမှုရေးပြဿနာကို ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်တာထက် ဥပဒေ၊ အမိန့်အာဏာတွေအတိုင်း ဆုံးဖြတ်တာတွေ ဖြစ်လာတော့မှာပါ။ ဒါဆိုရင် မြန်မာ့လူဦးရေရဲ့ အိမ်ထောင်ရေး အခြေအနေ ညွှန်းကိန်း မတည်မငြိမ် ဖြစ်လာပါလိမ့်မယ်။
အနိမ့်ဆုံးတော့ အိမ်ထောင် မပြုခြင်းက အကောင်းဆုံးဆိုတဲ့ အယူအဆ လူငယ်တွေကြားထဲ ၀င်လာပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ လက်မထပ်ဘဲ အတူနေခြင်း (Living Together) ဓလေ့ ထွန်းကားလာပါလိမ့်မယ်။
ဒီအတွက် အခုချိန်မှာ တစ်လင် တစ်မယားစနစ် ကျင့်သုံးရေး ဥပဒေဟာ အရေးတကြီး လိုအပ်တဲ့ အရာ မဟုတ်ပါဘူး။
■ ဥပဒေ ပြင်ရန်လို
‘တစ်လင် တစ်မယား စနစ် ကျင့်သုံးခြင်း ဥပဒေ’ ကို ဆက်ထားမယ် ဆိုရင်တော့ ဥပဒေကို ပြင်ဆင်ရပါလိမ့်မယ်။
ပထမဆုံး ပြင်ဆင်ရမှာက ပြစ်ဒဏ် ဖြစ်ပါတယ်။ အခု ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာ သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ဟာ မျိုးစောင့်ဥပဒေ လေးခုထဲမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။
ဒုတိယ ပြင်ဆင်ရမှာက ကန့်သတ်ချက်နဲ့ လုပ်ထုံးလုပ်နည်းတွေ ဖြစ်ပါတယ်။
ရဲအရေးပိုင်ခွင့်နဲ့ ၀ရမ်းမပါဘဲ လွတ်လပ်စွာ ဖမ်းဆီးခွင့်၊ အာမခံ မပေးခြင်း၊ နစ်နာသူ ကာကယံရှင်ရဲ့ တိုင်တန်းမှု၊ တရားစွဲဆိုမှု မဟုတ်ဘဲ ဘယ်သူမဆို တိုင်တန်း၊ တရားလိုလုပ်ပြီး အရေးယူပိုင်ခွင့် ရနေတာကို အတိအကျ ကန့်သတ်ရပါမယ်။ သက်ဆိုင်ရာ ကာကယံရှင် တစ်ဦးတည်းသာ တရားလို ဖြစ်သင့်ပါတယ်။
သေချာတာက အခု ပြဋ္ဌာန်းထားတဲ့ ဥပဒေကြောင့် လူမှုရေး ရှုပ်ထွေးမှု ပိုများလာနိုင်ပါတယ်။ အိမ်ထောင်မြဲဖို့ထက် ကွဲဖို့အတွက် တွန်းအားပေးသလို ဖြစ်နေပါတယ်။ လက်တွေ့ အခြေအနေတွေနဲ့လည်း ကိုက်ညီမှု မရှိပါဘူး။ အထူးသဖြင့် ဒီဥပဒေဟာ ပြည်သူတွေကြားထဲမှာ အကြေအလည် ဆွေးနွေးမှု အားနည်းခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေနဲ့ အကြေအလည် ဆွေးနွေးပြီးမှ ပြင်ဆင်ရပါလိမ့်မယ်။
မဟုတ်ရင်တော့ ဥပဒေရဲ့ သက်ရောက်မှုထက် လူ့အဖွဲ့အစည်းအတွင်း ရှုပ်ထွေးမှုတွေသာ ပိုဖြစ်လာပါမယ်။ ဒီအတိုင်းပဲ ဥပဒေကို လက်တစ်လုံးခြား လုပ်သူတွေ ပိုများလာပြီး မြန်မာ့လူ့ဘောင် အဖွဲ့အစည်းဟာ နာကြဉ်း ၀မ်းနည်းမှုတွေနဲ့ပဲ ရောပြွန်းနေပါလိမ့်မယ်။
Writer:
နေထွန်းနိုင်
နေထွန်းနိုင်
သြဂုတ် ၃၁ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည့် တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ
Post a Comment