(စက်တင်ဘာ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)
မြန်မာနိုင်ငံ ရှေ့ခရီးအတွက် ၂၀၁၅ ရွေးကောက်ပွဲသည် လည်းကောင်း၊ နှစ်ပေါင်း ၆၀ ကျော် မငြိမ်းချမ်းနိုင်သေးသည့် အခြေအနေများမှ စစ်မှန်သော ငြိမ်းချမ်းရေးသည် လည်းကောင်း အဆင့်အလိုက် အရေးကြီးနေသည်။
နှစ်ပေါင်းများစွာ အာဏာရှင်စနစ် ကြီးစိုးခဲ့မှုကြောင့် အဘက်ဘက်က ယိုယွင်းနေသော နိုင်ငံအတွက် အပြောင်းအလဲများ ဖော်ဆောင်ရာတွင်လည်း အဓိက အရေးကြီးဆုံး ကိစ္စများကို ဦးစားပေး အကောင်အထည်ဖော်ကာ ထိုမှတစ်ဆင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲအလွန် ကာလမှ စတင်ကာ အပြောင်းအလဲ လမ်းကြောင်းတစ်ခုအား စတင် ဖော်ဆောင်ခဲ့ရာ၌ ယခုအခါ ငါးနှစ်တာ သက်တမ်းတစ်ရပ် ပြီးဆုံးတော့မည် ဖြစ်သည်။ ထို့အတွက် ပြီိးခဲ့သည့် လေးနှစ်ကျော် ကာလအတွင်း တွေ့ကြုံရင်ဆိုင် ဖြတ်သန်းခဲ့မှုများအရ မြန်မာနိုင်ငံ၏ စစ်မှန်သော ဒီမိုကရေစီစနစ် ရရှိနိုင်ရန်အတွက် လည်းကောင်း၊ စီးပွားရေး၊ လူမှုရေးနှင့် ကမ္ဘာ့နိုင်ငံများ
အလယ်တွင် နိုင်ငံပုံရိပ် ကောင်းမွန်ရန် မည်သို့သော လုပ်ငန်းစဉ်များ ပိုမို လိုအပ်နေသည်ကို မျက်မြင်ဖြတ်သန်းခဲ့ကြပြီး ဖြစ်သည်။
သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ၊ ပွင့်လင်းသည့် အစိုးရတစ်ရပ် အဖြစ်မှသည် ပြည်သူကိုယ်စားပြုသည့် ပြည်သူ့ အစိုးရစစ်စစ် ပေါ်ပေါက်ရန် ပိုမို လိုအပ်နေသည်ကိုလည်း မြင်တွေ့နိုင်မည် ဖြစ်သည်။
စက်တင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က သန့်ရှင်းသည့် အစိုးရ၊ ကောင်းမွန်သည့် အစိုးရ၊ ပွင့်လင်းသည့် အစိုးရဖြစ်အောင် အမြဲတိုက်တွန်း နှိုးဆော်နေသော်လည်း အားရကျေနပ်မှု မရှိသေးကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
လက်တွေ့ ဖြစ်ပျက်နေမှုများအပေါ် ကိုယ်တိုင်သိအောင် လုပ်ရန်၊ ပြည်သူလူထု အသံကို နားထောင်ရန်နှင့် ဝေဖန်မှုများအပေါ် လက်ခံသုံးသပ်ရန် ဖြစ်ပြီး သို့မှသာ အမှားအမှန်ကို ခွဲခြားသိရှိ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း သမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။
လာမည့် ရက်ပေါင်း ၄၀ ကျော်တွင် ၂၀၁၅ ရွေးကောက်ပွဲ ပြုလုပ်တော့မည် ဖြစ်သည်။ ရွေးကောက်ပွဲမှတစ်ဆင့် အရေးပါသော အပြောင်းအလဲများနှင့် ဖြေရှင်းရန် ကျန်ရှိနေသေးသော ပြဿနာများကို ဆက်လက် အဖြေရှာကြရဦးမည် ဖြစ်သည်။
ထို့အတွက် ၂၀၁၅ ရွေးကောက်ပွဲ မှန်ကန်မျှတမှုသည် လည်းကောင်း၊ မဲဆန္ဒရှင် ပြည်သူများ၏ မှန်ကန်သော ရွေးချယ်မဲပေးမှုသည် လည်းကောင်း လွန်စွာ အရေးကြီးနေသည်။ ၂၀၁၅ ရွေးကောက်ပွဲ အလွန်တွင် ပေါ်ပေါက်လာမည့် အစိုးရမှာ မည်သို့သော အစိုးရမျိုးဖြစ်ရန် လိုအပ်ကြောင်းကိုလည်း ခေတ်စနစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးသည့် ပြည်သူများအားလုံး အသိပင် ဖြစ်သည်။
ပြည်သူက ထိန်းချုပ်နိုင်သည့် အစိုးရ ဖြစ်လာမှသာ ပြည်သူ့အကျိုးကို လုပ်ဆောင်မည်ဖြစ်ပြီး ဒီမိုကရေစီ စနစ်တွင်မူ ပြည်သူကို မကြည့်သည့် အစိုးရသည် ပြုတ်ကျသွားမည် ဖြစ်ကြောင်း၊ အစိုးရတစ်ခု တာဝန်ကျေစေရန်အတွက် ပြည်သူများက ယင်းအစိုးရကို ထိန်းချုပ်ထားနိုင်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ခန္တီးမြို့ခံများနှင့် တွေ့ဆုံသည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
ထို့ပြင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အာဏာရှင်စနစ်မှ တာဝန်ယူမှု စနစ်ကို အဓိက ပြောင်းလဲလိုကြောင်းလည်း ဆက်လက် ပြောကြားထားသည်။
သို့ပါ၍ ၂၀၁၅ ရွေးကောက်ပွဲ မှတစ်ဆင့် ပေါ်ပေါက်လာမည့် အစိုးရသည် မည်သို့သော အစိုးရ ဖြစ်သင့်သည်ကို ပြည်သူများ ရွေးချယ်ရတော့မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Eleven Media Group
Post a Comment