0
      ညီအစ်ကို တော်စပ်သည့် အဓိက ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းကို အနိုင်ယှဉ်ပြိုင်မည်ဟု ဧရာဝတီတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဆန်းမြင့်က ပြောသည်။
      “ကျွန်တော့်ရဲ့ အဓိကပြိုင်ဘက်ကတော့ ကြံ့ခိုင်ရေး ပါတီပါပဲ။ သူနဲ့ကလည်း ညီအစ်ကို တော်စပ်ပါတယ်။ သို့သော် ပုဂ္ဂိုလ်ရေး အခက်အခဲ ဘာမှမရှိဘူး။ ဒါပေမဲ့ ယုံကြည်ချက်ခြင်းကတော့ မတူးဘူးပေါ့လေ။ ကျွန်တော်ကတော့ အနိုင်ပြိုင်မှာပါ”ဟု ၎င်းက ပြောသည်။
      ဦးဆန်းမြင့်သည် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ယုံကြည်အပ်နှံမှု ဖောက်ဖျက်သည်ဟု ဆိုကာ ထောင်ဒဏ် (၁၃)နှစ် ချမှတ်ခံထားရသော သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်၏ အစ်ကိုရင်းလည်း ဖြစ်သည်။
      ၎င်းနှင့် ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းမှာ ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေး မန်နေဂျာ (အငြိမ်းစား) ဦးမြင့်သိန်းဖြစ်ပြီး အခြားပြိုင်ဘက် ပါတီလေးခုရှိသည်။
      “ကျွန်တော်တို့ကတော့ တရားဥပဒေ စိုးမိုးရေးလိုလားတယ်။ အဲဒီတော့ ဥပဒေစိုးမိုးမှု မရှိဘူး။ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရဘူး ဆိုပေမယ့်လည်း လက်တွေ့မှာ ထင်သာမြင်သာကြီးတွေ ဖြစ်နေတယ်။ အဲဒီလို အခြေနေတွေ မဖြစ်အောင် လွှတ်တော်ထဲ ရောက်သွားရင် တိုက်တွန်း တင်ပြသွားဖို့တွေ ရှိတယ်”ဟု ဦးဆန်းမြင့်က ပြောသည်။
      ဦးဆန်းဆင့် အနေဖြင့် ယခုကဲ့သို့ NLD ပါတီမှ ၀င်ရောက် ယှဉ်ပြိုင်သည်ကို မသိရှိသေးသော်လည်း အပြောင်းအလဲ လိုချင်သူ တစ်ယောက်အနေဖြင့် လက်ခံမည်ဟု ယုံကြည်ထားသည်ဟုလည်း ၎င်းက ပြောသည်။
      ဦးဆန်းမြင့်နှင့် အခြားယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များမှာ ပြည်ခိုင်ဖြိုးပါတီမှ ဦးမြင့်သိန်း အပါအ၀င် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားပြု ဦးဝင်းထိန်၊ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ ကိုယ်စားပြု ဒေါ်သန်းမြင့်ကြည်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုမှ မောင်ညို၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဒေါ်ခင်ချိုမွန်တို့ ဖြစ်သည်။
http://messengernewsjournal.com/

Post a Comment

 
Top