0

Published on Sun, 09/20/2015 - 02:53
ရမည်းသင်းမြို့မှ ဒေသခံတစ်ဦးက ဗိုလ်ချုပ်ပုံပါသည့် ပိုက်ဆံများကို ဒေါ်အောင်ဆန်းစုကြည်အား ပန်းကုံးအဖြစ် သီပေးရန် စောင့်ဆိုင်းနေစဉ်
ပါတီကိုယ်စားလှယ်များ အနိုင်ရရှိရေးအတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယှဉ်ပြိုင်မည့် ရမည်းသင်းမြို့တွင် စက်တင်ဘာ ၁၉ ရက်က ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးပွဲအား ဒေသခံများ၊ အနီးပတ်ဝန်းကျင်မှ ဒေသခံများ၊ ကျောင်းသူကျောင်းသားများ၊ ၀န်ထမ်းများပါ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲ တက်ရောက်သူဦးရေမှာ ၅၀၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတွေအနေနဲ့ မဲပေးနိုင်ဖို့အတွက် မဲစာရင်းတွေ ကြည့်ဖို့လိုပါတယ်။ ကိုယ့်အနာဂတ်နှင့် သက်ဆိုင်သည့်အတွက် ရွေးကောက်ပွဲတွင် မဲပေးကြရန် လိုအပ်ပါတယ်။ ကိုယ့်ရဲ့မဲတစ်ပြားက ဘယ်သူက အုပ်ချုပ်သွားမလဲဆိုတာကို ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။
ထို့ပြင် ပြည်သူများ၏ မဲများ မပြန့်ရန် အရေးကြီးကြောင်း၊ မဲပြန့်မှုမရှိမှသာ အပြောင်းအလဲကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုပါက အစိုးရကို ပြောင်းရမည်ဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ်စားလှယ်ကို မကြည့်ဘဲ ပါတီကိုမဲပေးဖို့ ပြောနေရခြင်းဖြစ်ကြောင်း၊ ဒါကြောင့် မဲပေးဖို့ ပြည်သူတွေဆီက တောင်းခံနေရခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
“ပြည်သူတွေရဲ့ဘ၀လုံခြုံဖို့အတွက် ကျွန်မတစ်ယောက်တည်း လုပ်လို့မရပါဘူး။ ပြည်သူတွေ ပါဝင်မှရမှာပါ။ နိုင်ငံကို စောင့်ရှောက်တဲ့ ဒီမိုကရေစီစနစ်ကို အတတ်နိုင်ဆုံး ထူထောင်ပါ့မယ်။ အဲဒီလိုဖြစ်မှသာ ပြည်သူတွေကို စောင့်ရှောက်နိုင်မှာပါ။ ကျွန်မအနေနဲ့ အားလုံးကို စောင့်ရှောက်နိုင်မှာတော့ မဟုတ်ဘူး။ ကတိလွယ်လွယ်ပေးလို့တော့ မဖြစ်ဘူး။ ကတိမတည်ဘူး ဖြစ်သွားဦးမှာ။ မဲစာရင်းမပါတဲ့ သူတွေအနေနဲ့ ၂၇ ရက်အထိ ပြင်လို့ရမှာပါ။ ရွေးကောက်ပွဲကော်မရှင်က မဲပေးနိုင်သူတွေကို ကတ်ပြားတွေ ထုတ်ပေးထားမယ်လို့ ထုတ်ပြန်ထားတာ ရှိပါတယ်။ ကော်မရှင်နဲ့တွေ့ဆုံဆွေးနွေးသွားဖို့တော့ ရှိပါတယ်။ ဒါကြောင့်လဲ မဲစာရင်းအတွက် အသိပညာပေးမှုတွေကို တတ်နိုင်သလောက် လုပ်နေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
“၁၉၉၀ တုန်းက NLD ကို မဲပေးတာ အဟောသိကံ ဖြစ်တယ်လို့ ပြောကြတာရှိပါတယ်။ တကယ်တော့ အဟောသိကံ မဖြစ်ခဲ့ပါဘူး။ အဲဒီလိုပေးခဲ့လို့ ကမ္ဘာကသိခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့လို့ ဒီမိုကရေစီစနစ် ရှင်သန်နေတာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ပုံအောပြီး မဲပေးရင် အဲဒီလိုမဖြစ်နိုင်ပါဘူး။ မရေမရာတွေ မလုပ်ပါနဲ့။ ကျွန်မတို့ပါတီကို မဲပေးလိုက်ပါ”ဟု တက်ရောက်လာသူများအား စည်းရုံးပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ဘာသာရေးနဲ့ နိုင်ငံရေးကို တွဲမလုပ်ရဘူးဆိုတာ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားပါတယ်။ ကျွန်မအနေနဲ့လည်း စည်းရုံးရေး ဆောင်ရွက်ရာမှာ ဘာသာရေးကို နိုင်ငံရေးနဲ့ တွဲမပြောပါဘူး။ ဘာသာရေးနဲ့ နိုင်ငံရေးကို မတွဲပါဘူး။ ဖွဲ့စည်းပုံကို ကျော်ပြီး မလုပ်ပါဘူး။ ပြည်သူတွေရဲ့ ဘ၀လုံခြုံဖို့ကို အစိုးရက လုပ်ပေးရမှာပါ” ဟု ဒေသခံများအား ပြောကြားသည်။
ပညာရေး၊ ကျန်းမာရေးနိမ့်ကျနေမှုနှင့် ပတ်သက်ပြီး ပြည်သူတစ်ဦးက မေးမြန်းမှုအား “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပညာရေးနှင့် ကျန်းမာရေးကို အလေးထားပါတယ်။ လူကြီးတွေအနေနဲ့ ပြည်ပမှာ ကျောင်းထားတို့၊ ကျန်းမာရေးသွားကုတာ တို့ကတော့ အမှန်အတိုင်းဆို မလုပ်သင့်ဘူး။ ပြည်သူတွေအတွက် မစဉ်းစားရင်တောင် ကိုယ့်သိက္ခာအတွက် စဉ်းစားသင့်တာပေါ့” ဟု ပြောကြားသည်။
ရမည်းသင်းမြို့ဒေသခံတစ်ဦးက “ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံတွေကို မုန့်ရောင်းပြီး စုထားတာပါ။ အမေစုကို ပန်းကုံးအဖြစ် သီပြီး ပေးဖို့ စုထားခဲ့တာပါ။ အမေစုကိုပဲ အားပေးနေမှာပါ”ဟု ပြောကြားသည်။

Post a Comment

 
Top