0

Published on Sun, 09/20/2015 - 04:40
ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း ဒုတိယအကြိမ် ကြေညာခဲ့သည့် အခြေခံမဲစာရင်းများတွင် ယခင်အကြိမ်က ပြင်ဆင်ခဲ့သော မိသားစုများ၌ အမှားပိုများနေကြောင်း မဲစာရင်းစစ်ဆေးနေသူများထံမှ သိရသည်။
ထို့အပြင် ရေစကြိုမြို့နယ်တွင်း အချို့ ရပ်/ကျေးကော်မရှင်ရုံးများတွင် မဲစာရင်းမှားယွင်းမှုအား ပြင်ဆင်ရန် ပုံစံစာရွက်များ ထုတ်ပေးခြင်းမရှိဘဲ မှတ်စုစာအုပ်များဖြင့် ရေးမှတ်ယူခြင်း ရှိနေခြင်းကြောင်း၊ အဆိုပါ အခြေအနေနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေစကြိုမြို့နယ် တာဝန်ရှိသူများမှ ကော်မရှင်အား ကန့်ကွက်မှုပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
“ဦးတို့မိသားစုမှာ အရင်မဲစာရင်းမှာ မှားတဲ့သူတွေကို ပြင်ခဲ့တယ်။ အခုမဲစာရင်းကျ အဲဒီလူတွေကမှန်ပြီး အရင်မှန်ခဲ့တဲ့သူတွေမှာ မှတ်ပုံတင်လွဲတာတွေနဲ့ အခြားအမှားတွေ ပြန်ဖြစ်နေတယ်။ ရပ်/ကျေးကော်မရှင်မှာ အမှားပြင်ဆင်မှုလုပ်ဖို့ရာ ရုံးကလူတွေက မှတ်စုစာအုပ်နဲ့ မှတ်ယူတယ်။ ပုံစံထုတ်မပေးဘူး။ နောင် မဲစာရင်းမှားလို့ မဲပေးခွင့်မရတဲ့အခါ ပုံစံနဲ့ မလျှောက်ခဲ့လို့ဆိုတာမျိုး မဖြစ်ရအောင် ဦးတို့က မြို့နယ်ကော်မရှင်ကို ကန့်ကွက်မှုတွေ လုပ်သွားမယ်။ ပုံစံစာရွက်တွေနဲ့ အမှားပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ တောင်းဆိုသွားမယ်” ဟု ရေစကြိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာကျော်ငွေက ပြောကြားသည်။
ရေစကြိုမြို့နယ်အတွင်း ရွှေ့ပြောင်းနေထိုင်နေသည့် မှတ်ပုံတင်ရှိပြီး မဲစာရင်းတွင် မပါရှိသူအချို့မှာ မဲပေးပိုင်ခွင့်တောင်းဆိုရာ၌ အိမ်ထောင်စုစာရင်းတွင် မပါဝင်ခြင်းကြောင့် မဲပေးပိုင်ခွင့် လျှောက်ထားခြင်းအား ငြင်းပယ်ခံနေရကြောင်းလည်း မဲစာရင်းစိစစ်နေသူများထံမှ သိရသည်။
လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရေစကြို မြို့နယ်အတွင်း ပြုလုပ်မည့် အမျိုးသားလွှတ်တော် အမှတ် (၁၀) မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း လေးဦး၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ငါးဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တွင် လေးဦးနှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တွင် လေးဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ရေစကြို မြို့နယ်၏ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရေစကြိုမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇၆၄၈၄ ဦးရှိကြောင်း သိရသည်။

Post a Comment

 
Top