ဘူဒါပက်စ်၊ စက်တင်ဘာ ၈
ဆီးရီးယားနှင့် အီရတ်အပါအဝင် အရှေ့အလယ်ပိုင်းဒေသမှ အကြမ်းဖက်မှုများနှင့် စစ်မီးများကို ရှောင်ရှားလာသော ရွှေ့ပြောင်းဒုက္ခသည် ရာပေါင်းများစွာသည် ဥရောပတိုက်၊ ဆားဘီးယားနှင့် ဟန်ဂေရီ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ဟန်ဂေရီ ရဲတပ်ဖွဲ့က ပိတ်ပင်တားဆီးထားသော အတားအဆီး အဟန့်အတားများကို မရမက ဖြတ်ကျော်ကာ ဟန်ဂေရီမြို့တော် ဘူဒါပက်စ်ဆီသို့ ဦးတည်လမ်းလျှောက် သွားခဲ့ကြရာ ရဲနှင့် ထိပ်တိုက်ပဋိပက္ခ ဖြစ်ပေါ်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
Reuters သတင်းဌာန၏ ဗီဒီယို မှတ်တမ်းတွင်မူ ရွှေ့ပြောင်းဒုက္ခသည်များနှင့် ဟန်ဂေရီ ရဲတပ်ဖွဲ့အကြား ထိပ်တိုက် ပဋိပက္ခဖြစ်ပွားခဲ့ရာ ဟန်ဂေရီရဲတပ်ဖွဲ့က ငရုတ်ကောင်း ဖြန်းဆေးဖြင့် ပက်ဖျန်းခဲ့ရသည်ကို တွေ့မြင်ရသည်။
ထိပ်တိုက် ပဋိပက္ခမှာ Roszke နယ်စပ်မြို့ ဒုက္ခသည်စခန်းတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဒုက္ခသည် ရာပေါင်းများစွာက သတ်မှတ်ထားသည့် စည်းမျဉ်းကို ဖြတ်ကျော်ကာ ဘူဒါဘက်စ်မြို့ရှိရာသို့ လမ်းလျှောက်သွားကြသည်။
အဝေးပြေးလမ်းမကြီးအတိုင်း လမ်းလျှောက်သွားသော ဒုက္ခသည်များကို ဟန်ဂေရီ ရဲတပ်ဖွဲ့က ဘေးပတ်လည်မှ ဝိုင်းရံစောင့်ရှောက်ခဲ့ကြောင်း၊ ထို့နောက် နာရီပိုင်းအကြာတွင် နားလည်မှုရယူကာ ဘတ်စ်ကားဖြင့် ကြိုဆိုရေးစင်တာရှိရာသို့ လိုက်ပါသွားကြကြောင်း သတင်းထောက်များက ဆိုသည်။
မကြာသေးခင် ရက်ပိုင်းကလည်း ဟန်ဂေရီတွင် အခြေချနေထိုင်မည့် ကိစ္စကို ငြင်းဆန်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ဂျာမနီနိုင်ငံ ဘာလင်နှင့် ဖရန့်ဖတ်မြို့သို့သာ ဦးတည် သွားရောက်လိုသည့် ဒုက္ခသည်များနှင့် ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွားခဲ့သေးသည်။
ဟန်ဂေရီနိုင်ငံသည် အရှေ့အလယ် ပိုင်းနှင့် အာဖရိကမှ ထွက်ပြေးလာကာ အခြားဥရောပနိုင်ငံကြီးများဆီသို့ သွား ရောက်လိုသည့် ဒုက္ခသည်များစုပြုံဝင် ရောက်မှုကို အစွမ်းကုန် ရင်ဆိုင်ဖြေရှင်း နေရသည်။
တနင်္လာနေ့ကလည်း ဟန်ဂေရီ ကာကွယ်ရေးဝန်ကြီး ကက်စ်ဘာဟန်ဒီသည် နယ်စပ်ဒေသသို့ ရွှေ့ပြောင်း ဒုက္ခသည်များ ဝင်ရောက်လာနိုင်ခြင်း မရှိစေရန် အုတ်တံတိုင်း တည်ဆောက်သည် ဟူသော စွပ်စွဲချက်များကြောင့် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
ဟန်ဂေရီနိုင်ငံသည် မြောက်ဘက်ရှိ ဥရောပနိုင်ငံကြီးများ ဆီသို့ ဦးတည် သွားရောက်မည့် ရွှေ့ပြောင်းဒုက္ခသည်များကို အစပိုင်းကတည်းက ပိတ်ဆို့ ဟန့်တားခဲ့ပြီး ၎င်းတို့အနေနှင့် ဥရောပသမဂ္ဂ၏ စည်းမျဉ်း စည်းကမ်းအတိုင်း ဘူဒါပက်စ်တွင် မှတ်ပုံတင်ကာ နေထိုင်ကြရန် တိုက်တွန်းခဲ့သည်။
သို့သော်လည်း အဆမတန် ဝင်ရောက်လာသည့် ဒုက္ခသည် ဦးရေကြောင့် မနိုင်မနင်းဖြစ်ကာ အဆိုပါ စည်းမျဉ်း သတ်မှတ်ချက်များကို ပြီးခဲ့သည့် သောကြာနေ့က ပယ်ချပေးခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်အတွင်း ဟန်ဂေရီမှတစ်ဆင့် သြစတြီးယားနှင့် ဂျာမနီနိုင်ငံသို့ ရွှေ့ပြောင်းဒုက္ခသည် နှစ်သောင်းကျော်ခန့် ဝင်ရောက်သွားခဲ့ပြီး
ယခုသတင်းပတ် အတွင်း၌လည်း သောင်းနှင့်ချီ၍ ထပ်မံဝင်ရောက်လိမ့်မည်ဟု ဥရောပ အာဏာပိုင်များက ခန့်မှန်းထားသည်။
ယခုသတင်းပတ် အတွင်း၌လည်း သောင်းနှင့်ချီ၍ ထပ်မံဝင်ရောက်လိမ့်မည်ဟု ဥရောပ အာဏာပိုင်များက ခန့်မှန်းထားသည်။
ဂျာမနီအဓိပတိ အန်ဂလာမာကယ် ကမူ ဒုက္ခသည်များ ဝင်ရောက်မှုမှာ သည်းထိတ်ရင်ဖို အနေအထားမျိုး ဖြစ်လာပြီး ယင်းဖြစ်ရပ်က လာမည့်နှစ်များ အတွင်း ဂျာမနီနိုင်ငံကို အပြောင်းအလဲ ဖြစ်စေလိမ့်မည်ဟု ထုတ်ဖော် ပြောဆိုထားသည်။
Post a Comment