0

စက်တင်ဘာ ၈ ရက်က စင်ကာပူဘဏ္ဍာရေး အချက်အချာ ခရိုင်၌ ၀န်ကြီးချုပ် လီရှန်လွန်း (ယာ) က လူထုနှင့် တွေ့ဆုံနေစဉ် (Photo:AFP)
အတိုက်အခံပါတီ၏ လူထုစုဝေးပွဲများတွင် တက်ရောက်သူ အရေအတွက် မြင့်မားခဲ့သောကြောင့် ပါလီမန်တွင် အမတ်နေရာ ပိုမိုရရှိမည်ဟု စင်ကာပူ အတိုက်အခံပါတီက မျှော်လင့်နေသည်။ စက်တင်ဘာ ၁၁ ကြားဖြတ်ရွေးကောက်ပွဲတွင် အာဏာရပါတီ၏ လွှမ်းမိုးမှုကို ပိုမိုစိန်ခေါ်နိုင်မည်ဟု အဓိက အတိုက်အခံပါတီ Workers' Party က မျှော်လင့်နေသည်။

စင်ကာပူကို ၅၆ နှစ်ကြာ အုပ်ချုပ်ခဲ့သော အာဏာရ People's Action Party အတွက် ပိုမိုခိုင်မာသော တရားဝင်မှု ရရှိစေရန် ကြိုးပမ်းသည့်အနေဖြင့် ၀န်ကြီးချုပ် လီရှန်လွန်းသည် ရွေးကောက်ပွဲကို မူလစီစဉ်ထားသည်ထက် ၁၆ လစော၍ ကျင်းပရန် စီစဉ်ခဲ့သည်။ PAP ပါတီသည် ပြီးခဲ့သည့် ပါလီမန်တွင် အမတ်နေရာ ၈၀ ရရှိထားခဲ့ပြီး အတိုက်အခံ WP ပါတီက ခုနစ်နေရာ ရရှိထားခဲ့သည်။

အဖွဲ့ဝင်အချို့သည် အသရေဖျက်မှု တရားစွဲဆိုမှုများကြောင့် ဒေ၀ါလီခံခဲ့ရမှုများ၊ အကျဉ်းချမှုများ ရင်ဆိုင်ခဲ့ရသော အတိုက်အခံတို့အတွက် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အမတ်နေရာ စံချိန်တင် ရရှိခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၁ ရွေးကောက်ပွဲသည် စင်ကာပူအတွက် လွတ်လပ်ရေးခေါင်းဆောင် လီကွမ်ယု မရှိသည့်နောက်တွင် ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲဖြစ်မည် ဖြစ်သည်။ မတ်လအတွင်းက လီကွမ်ယု ကွယ်လွန်ခဲ့မှုကြောင့် ၀မ်းနည်းပူဆွေးမှုနှင့် တမ်းတမှုတို့ ရှိနေချိန်တွင် ယင်းစိတ်ခံစားမှုများက PAP အတွက် အားဖြစ်လာမည်ဟု မျှော်လင့်ထားကြသည်။ သို့သော်လည်း စက်တင်ဘာ ၁ ရက်မှ စတင်ခဲ့သော ကိုးရက်ကြာ မဲဆွယ်လှုပ်ရှားမှုတွင် အတိုက်အခံတို့၏ လူထုစည်းဝေးပွဲများတွင် တက်ရောက်သူ အရေအတွက်သည် အာဏာရပါတီ PAP ထက် မြင့်မားနေခဲ့သည်။

လူဝင်မှုကြီးကြပ်ရေး၊ လူနေမှုစရိတ် ကြီးမြင့်မှု၊ ဆင်းရဲသူများနှင့် သက်ကြီးရွယ်အိုများအတွက် အထောက်အပံ့ ပိုမိုလိုအပ်နေမှုတို့ကို အတိုက်အခံတို့က အဓိက ထောက်ပြ စည်းရုံးကြသည်။ PAP က ကာလကြာရှည်စွာ ကျင့်သုံးခဲ့သော ဖိနှိပ်မှု နည်းဗျူဟာများသည် အသုံးမ၀င်တော့ဘဲ လူမှုမီဒီယာက စောင့်ကြည့်မှုသည် အစိုးရနှင့် ရင်းနှီးသော ပုံနှိပ်မီဒီယာကိုလည်း သက်ရောက်မှု လျော့ကျစေခဲ့သည်။ ထို့ကြောင့် စင်ကာပူတွင် နှစ်ပါတီစနစ် မြင်တွေ့ရနိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက ဆွေးနွေးငြင်းခုံနေကြပြီဖြစ်သည်။

စက်တင်ဘာ ၇ ရက်က ကျင်းပခဲ့သော စင်ကာပူဒီမိုကရက်တစ်ပါတီ၏ စည်းရုံးပွဲတွင်လည်း လူ ၅၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ PAP ကို ဆန့်ကျင်မှုကြောင့် အကျဉ်းကျခဲ့ပြီး ဒေ၀ါလီခံခဲ့ရသူ တစ်ဦးဖြစ်သည့် ချီဆွန်ဟွမ်ဦးဆောင်သော စင်ကာပူ ဒီမိုကရက်တစ်ပါတီ၏ မဲဆွယ်ပွဲသို့ တက်ရောက်ခဲ့သူ အရေအတွက်သည် တစ်နေရာတည်းတွင် ကျင်းပခဲ့သော အာဏာရ PAP ပါတီ၏ မဲဆွယ်ပွဲသို့ တက်ရောက်ခဲ့သူ အရေအတွက်နှင့် အတူတူနီးပါး ဖြစ်ခဲ့သည်။

ယခု ရွေးကောက်ပွဲတွင် အတိုက်အခံတို့သည် အမတ်နေရာအားလုံးကို ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းကဲ့သို့ ယှဉ်ပြိုင်နိုင်မှုသည် နှစ် ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော်လည်း WP ပါတီသည် အမတ်နေရာ ၈၉ နေရာ၌ ၂၈ နေရာအတွက်သာ ယှဉ်ပြိုင်မည်ဖြစ်သည်။ ကျန်နေရာများကို ပါတီငယ်များက ခွဲဝေယှဉ်ပြိုင်ကြမည်ဖြစ်သည်။

“အစိုးရကို စောင့်ကြည့်နိုင်ဖို့ အင်အား အလုံအလောက်ရှိဖို့ ပါလီမန်မှာ ကျွန်တော်တို့အတွက် အမတ်နေရာ ၂၀ ထက်မနည်း လိုအပ်ပါတယ်” ဟု WP ၏ ဥက္ကဋ္ဌ လိုသီရာခီအန်က မဲဆွယ်ပွဲတွင် ပြောကြားခဲ့သည်။ စက်တင်ဘာ ၆ ရက်က စင်ကာပူအရှေ့ဘက်တွင် ကျင်းပခဲ့သော ယင်းမဲဆွယ်ပွဲသို့ လူ ၃၀၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

“သိလိုတာ တစ်ခုတည်းတင် မဟုတ်ပါဘူး။ ဒီလို လူအများကြီး တက်ရောက်မှုက WP ရဲ့ သတင်းစကားကို အာရုံစိုက်မှု ရရှိနေတယ်လို့ အဓိပ္ပာယ် ကောက်ယူနိုင်ပါတယ်” ဟု စင်ကာပူစီမံခန့်ခွဲမှု တက္ကသိုလ်မှ တွဲဖက်ဥပဒေပါမောက္ခ ယူဂျင်းနီးတန်က ပြောကြားခဲ့သည်။ ရွေးကောက်ပွဲအကြို စစ်တမ်းများ ထုတ်ဝေခြင်းကို တားမြစ်ထားမှုကြောင့် ရွေးကောက်ပွဲရလဒ်ကို ခန့်မှန်းရန် ခက်ခဲနေသည်။ မဲပေးနိုင်သူ ၂ ဒသမ ၄၆ သန်းရှိသော စင်ကာပူရွေးကောက်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးက အဓိကအကျဆုံး ဖြစ်ဖွယ်ရှိသည်။

Ref:AFP

Post a Comment

 
Top