0


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၅၀,၀၀၀ ကျော်
ကျန်ရှိနေသေးရာ ၎င်းတို့မဲပေးခွင့်ရရှိရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်
ရှိနေသည်ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ယခုလ ၁၇ ရက်နေ့က
မြန်မာတိုင်း (မ်) ကိုပြောသည်။
"ကျွန်တော်တို့ ခုကွန်ပျူတာနဲ့ ဖြည့်ပေးနေပါတယ်။ မဲစာရင်းကျန်တဲ့သူတွေမှာ ကိုယ်တိုင်
လာလျှောက်တာတွေ ရှိသလို ပါတီအဖွဲ့ အစည်းတွေကနေတစ်ဆင့် ကောက်ယူပြီး
လာပို့ပေးတာတွေ ရှိတယ်။ ကျွန်တော်တို့ စနေ၊ တနင်္ဂနွေပါမကျန်၊ မီးပြတ်ရင်တောင်
မီးစက်နဲ့ ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ လက်ရှိမဲစာရင်းတွင်
ကျန်ရှိနေသည့် ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူများမှာ ဧည့်စာရင်းဖြင့်နေထိုင်သူများ၊ ယာယီသန်းခေါင်
စာရင်းဖြင့် နေထိုင်သူများနှင့် ရွှေ့ပြောင်းနေထိုင်သည့် ကျူးကျော်နေထိုင်သူများဖြစ်ပြီး ပုံစံ (၃)က
ဖြည့်စွက်၍ မဲပေးခွင့် ရရှိရန် ဆောင်ရွက်နေ ခြင်းဖြစ်သည်။
"ကော်မရှင်က လုပ်နေပါတယ်ဆိုပေ မယ့် ကျွန်တော်တို့ အားမရဘူး။ အောက်ခြေ
အထိ စာရင်းကောက်တာမရှိဘူး။ ကျွန်တော် တို့ပါတီအဖွဲ့အစည်းတွေ အောက်ခြေထိ
ကွင်းဆင်းပြီး ပူးပေါင်း ဆောင်ရွက်နေတာတောင် ၅၀,၀၀၀ လောက်ပဲရနိုင်မယ်။ မဲစာရင်း
ကျုံ့အောင်ပဲ လုပ်နေတာလားဆိုပြီး စိုးရိမ်မိပါတယ်"ဟု မဲစာရင်းကောက်ယူမှုကို ကော်မရှင်
ခွင့်ပြုချက်ဖြင့် ပူပေါင်းဆောင်ရွက်ပေးနေသည့်လှိုင်သာယာမြို့နယ် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန်းမြင့်က ပြောသည်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း
မဲပေးခွင့် ရရမည်ဟုဆိုထားသော်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ရွှေ့ပြောင်းလုပ်သားများနှင့်
ကျူးကျော်နေပြည်သူများကို လုံလောက် သည့် ပုံစံ (၃)က စာရွက်ဖောင်အား မြို့နယ်ကော်မရှင်က
ထုတ်ပေးနိုင်မှုမရှိခြင်း၊ အောက်ခြေထိ ကွင်းဆင်းကောက်ယူနိုင်မှုမရှိခြင်းနှင့် လူထုမှလည်း
တက်ကြွစွာပါဝင်ဆောင်ရွက်မှုမရှိခြင်းကြောင့် သတ်မှတ်ရက်အတွင်း ကျန်ရှိသည့် မဲဆန္ဒရှင်
စာရင်းဖြည့်သွင်းရန် ခက်ခဲနိုင်သည်ဟု ဒေါက်တာသန်းမြင့်ကဆိုသည်။
"မဲစာရင်းမပါတဲ့သူတွေ ပုံစံ(၃)က လာထုတ် ကြပါလို့ ပြောနေရုံနဲ့ မရဘူး။ လှိုင်သာယာကို
အထူးဒေသအဖြစ်သတ်မှတ်ပြီး အင်တိုက် အားတိုက်ဆောင်ရွက်ပေးဖို့ လိုနေတယ်။ ဒါမှ
ကျန်တဲ့မဲစာရင်းက သတ်မှတ်ရက်အတွင်း ပြည့်နိုင်လိမ့်မယ်" ဟု ၎င်းက ပြောသည်။
လှိုင်သာယာမြို့နယ်တွင် လူဦးရေ ၆၈၀,၀၀၀ ကျော်ရှိပြီး လက်ရှိနောက်ဆုံးထုတ် ပြန်ထားသည့်
မဲစာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူပေါင်းမှာ ၂၉၁,၃၆၉ ဦးသာရှိနေသည်။ နောက်ဆုံး
ထုတ်ပြန်ထားသည့် မဲပေးပိုင်ခွင့် ရှိသူအရေအတွက် သုံးသိန်းခန့်မှာလည်း ၁၉၉၀ ပြည့်နှစ်က
ကောက်ယူထားသည့် စာရင်းဖြစ်ပြီး လက်ရှိရွှေ့ပြောင်းနေထိုင်မှုများကြောင့် တစ်သိန်းကျော်
သာလျှင် ကျန်ရှိ နိုင်တော့သည်ဟု ၎င်းက ပြောသည်။ "ကျန်ရှိနေခဲ့တဲ့ မဲစာရင်းနှစ်သိန်းကျော်ကို
မသမာတဲ့နည်းတွေနဲ့ အသုံးချသွားမှာကို အထူးစိုးရိမ်ပါတယ်" ဟု လှိုင်သာယာမြို့နယ်က
ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ လွှတ်တော်ကိုယ်စား
လှယ်လောင်း ဦးယဉ်အောင်က ပြောသည်။
ယာယီသန်းခေါင်စာရင်း၊ ဧည့်စာရင်းနှင့် နေထိုင်သူများအပြင် ကျူးကျော်နေထိုင်သူ
များ၏ စာရင်းအတိအကျနီးပါးမှာ သက်ဆိုင် ရာ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတွင်ရှိနေပြီး
၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပါက ကျန်ရှိနေသည့် မဲစာရင်းများ ပြည့်မီနိုင်သည်ဟုလည်း
၎င်းက သုံးသပ်ပြောကြားခဲ့သည်။ "ကျွန်တော်တို့ကောက်ယူထားတဲ့ ကျူး ၃,၀၀၀ လည်း
မဲစာရင်းမှာ မပါဘူး။ ကော်မရှင် ရုံးကိုပြောတော့ လာခဲ့ပါ ပုံစံ(၃)က နဲ့ ပြန်လုပ် ပေးမယ်
လို့တော့ အုပ်ချုပ်ရေးမှူးက ပြော ထားပါတယ်" ဟု မီးခွက်ဈေး အောက်ထိပ်
မင်းကြီးမဟာမင်းခေါင်လမ်းကျူးကျော်တဲစု တွင်နေထိုင်ပြီး ကျူးကျော်များမဲပေးခွင့်ရရန်
ဦးစီးဆောင်ရွက်နေသည့် ဦးသန်းရှိန်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးတွင် ရွှေ့ပြောင်းလုပ်သားများနှင့် ကျူးကျော်နေထိုင်နေရသူပေါင်း
၃၀၀,၀၀၀ ခန့်အထိ မဲပေးခွင့်ရရန် ကြိုတင်စာရင်းကောက်ယူထားသည်ဟုလည်း
တိုင်းရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဩဂုတ်လလယ်ပိုင်း က ပြောကြားထားသည်။
သို့သော်လည်း လှိုင်သာယာမြို့နယ် တစ်ခုတည်းမှာပင် ရွှေ့ပြောင်းနေထိုင်သူများနှင့်
ကျူးကျော်နေထိုင်သူ လေးသိန်းနီးပါးအထိ ရှိနေသည်။
လှိုင်သာယာမြို့နယ်တွင် ပါတီပေါင်း ၁၆ ပါတီက အမျိုးသားလွှတ်တော်နေရာအတွက်
၁၄ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ၁၃ ဦး၊ တိုင်းဒေသကြီးမဲဆန္ဒနယ် (၁)နှင့် (၂)အတွက်
၂၄ ဦး၊ ရခိုင်တိုင်းရင်းသား မဲဆန္ဒနယ်အတွက် သုံးဦး၊ ကရင်တိုင်းရင်းသား မဲဆန္ဒနယ်
အတွက်သုံးဦး ကိုယ်စားလှယ် ၆၁ ဦး ရွေးကောက်ပွဲယှဉ်ပြိုင်ကြမည်ဖြစ်သည်။

http://myanmar.mmtimes.com/

Post a Comment

 
Top