ဒေါ်အောင်ဆန်းစုကြည် ခန္တီးဒေသခံများအား ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးဟောပြောစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အာဏာရှင်စနစ်မှ တာဝန်ယူမှုစနစ်ကို အဓိက ပြောင်းလဲလိုကြောင်း စက်တင်ဘာ ၂၅ရက် က စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ပြုလုပ်သည့် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများ ပြုလုပ်ရန်လိုအပ်ပြီး ၁၉၆၂ခုနှစ်က စတင်ခဲ့သည့် အာဏာရှင်စနစ်ကို မပြောင်းလဲနိုင်ပါက တိုင်းပြည်တိုးတက်နိုင်မည် မဟုတ်ကြောင်း၊ အာဏာရှင်စနစ်ဖြင့် ပြည်သူများ ချမ်းသာနိုင်မည် မဟုတ်ဟူသည့် အယူအဆဖြင့် နိုင်ငံရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုဟာလည်း မပြီးသေးပါဘူး။ လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်။ တချို့ပြည်သူတွေ မှတ်မိပါသေးတယ်။ ၁၉၉၀ တုန်းက ပြည်သူတွေဟာ လွတ်လွတ်လပ်လပ်နဲ့ မိမိတို့လိုချင်တဲ့ အစိုးရကို ရွေးချယ်ဖို့ဆိုပြီး အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲ ရလဒ်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြတ်ပြတ်သားသားနိုင်တဲ့အခါကျတော့ အာဏာမလွှဲပြောင်းပေးဘဲနဲ့ ထပ်ပြီးတော့ အာဏာရှင်စနစ်နဲ့ ချုပ်ကိုင်ခဲ့တယ်။
ကျွန်မတို့က အာဏာလွှဲပြောင်းရေးဆိုတဲ့ အသုံးအနှုန်းကို ပြောရပေမယ့် တကယ့်တော့ ကျွန်မတို့က အာဏာထက် တာဝန်ကိုတောင်းတာပါလို့ ကျွန်မတို့ ပြောချင်ပါတယ်။ နိုင်ငံ့တာဝန်ကို ကျွန်မတို့ ထမ်းဆောင်ချင်တာပါ။ ကျွန်မတို့ အဓိကလုပ်ချင်တဲ့အပြောင်းအလဲက အာဏာရှင်စနစ်ကနေပြီးတော့ တာဝန်ယူမှုစနစ်ကို ပြောင်းလဲချင်တာပါလို့ ကျွန်မပြောချင်ပါတယ်” ဟု ပြောကြားသည်။
ပြည်သူက ထိန်းချုပ်နိုင်သည့်အစိုးရ ဖြစ်လာမှသာ ပြည်သူ့အကျိုးကို လုပ်ဆောင်မည်ဖြစ်ပြီး ဒီမိုကရေစီစနစ်တွင်မူ ပြည်သူကို မကြည့်သည့် အစိုးရသည် ပြုတ်ကျသွားမည်ဖြစ်ကြောင်း၊ အစိုးရတစ်ခု တာဝန်ကျေစေရန်အတွက် ပြည်သူများက ယင်းအစိုးရကို ထိန်းချုပ်ထားနိုင်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးဟောပြောပွဲသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် ကြိုဆိုနေသူဒေသခံတို့အား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
ဒေါ်အောင်ဆန်းစုကြည်က “ ကျွန်မတို့ လူသားတွေရဲ့ သဘာဝအရ ကိုယ့်အတွက် ကိုယ်လုပ်ချင်တဲ့ စိတ်ဓာတ်တွေ ရှိကြပါတယ်။ ဒါကြောင့် အစိုးရတချို့ဟာ လွှတ်ထားလိုက်လို့ရှိရင် သူတို့အတွက်တော့ သူတို့ ကောင်းကောင်း လုပ်တယ်။ ပြည်သူတွေဘက်ကို လှည့်မကြည့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပြောင်းလဲဖို့ အတွက် ကျွန်မတို့ ဒီမိုကရေစီလိုချင်တာပါ။ ဒီမိုကရေစီကျတော့ ပြည်သူကို လှည့်မကြည့်တဲ့ အစိုးရဆိုရင်နောက် ရွေးကောက်ပွဲမှာ ပြုတ်သွားကြတာပဲ။ အခုတောင် ကျွန်မတို့ က ဒီမိုကရေစီအပြည့်အ၀ မရသေးပါဘူး။ ဒီမိုကရေစီလမ်းစပေါ်မှာ တက်တာတောင်မှ ရွေးကောက်ပွဲနီးလာတော့ ပြည်သူကို မျက်နှာချိုသွေးကြတယ် မဟုတ်လား။ ဘယ်တုန်းကမှ ပြည်သူကို လှည့်မကြည့်တဲ့သူတွေက အခုမှ ချစ်လှပါချည်ရဲ့လို့ ပြောနေတာ နည်းနည်းတော့ ထူးဆန်းတယ်” ဟု ပြောကြားသည်။
နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုကို မျိုးဆက်သစ်များက လူကြီးများထက် အခြေအနေပိုကောင်း မကောင်းဆိုသည့် အချက်နှင့် တိုင်းတာကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင်မူ လူငယ်များသည် လူကြီးများထက် ပညာအဆင့် နိမ့်ကျနေသည့် အခြေအနေမျိုးတွေ့ရကြောင်း၊ အဆိုပါ နိမ့်ကျသည့် အခြေအနေကို ပြောင်းလဲလိုခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီတစ်ခုအဖြစ် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲသို့ ခန္တီးမြို့ပေါ်မှ ပြည်သူများ၊ ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူအများအပြား တက်ရောက်ခဲ့ကြသည်။
ခန္တီးဒေသခံ အမျိုးသားတစ်ဦးက “ ကျွန်တော်တို့ ဒေသမှာ အချို့ပါတီတွေက မဲဆွယ်တာကတော့ တံတားဆောက်ပေးမယ်၊ လေယာဉ်ကွင်း တိုးချဲ့ပေးမယ်ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အဓိက လိုချင်တာက ကျွန်တော်တို့ဒေသက လူကြီးလူငယ် အားလုံး စားဝတ်နေရေး အဆင်ပြေစေဖို့ စီးပွားရေးအဆင်ပြေစေဖို့ ပညာတတ်လူငယ်တွေ ပေါများဖို့ အဲဒါတွေ အဓိကလိုချင်တာပါ။ ပညာရေးချို့တဲ့နေတဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် ပညာတတ်တွေ အများကြီးမွေးထုတ်ပေးနိုင်အောင် လုပ်ပေးနိုင်ပြီး အလုပ်အကိုင် ကောင်းတွေရရှိအောင် လုပ်ပေးနိုင်မယ့် အစိုးရတစ်ရပ် လိုအပ်တာပါ။ ဒါတွေကို အမေစု လုပ်ပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ပြောကြားသည်။
Writer:
မျိုးမင်းထက်၊ ငြိမ်းကို
http://news-eleven.com/

Post a Comment