0

ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများစာရင်း နောက်ဆုံးအဆင့်ကို စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန် ခဲ့ရာ အမှားအယွင်း ပိုမိုများပြားလာခြင်းနှင့်အတူ အမည်စာရင်းပုံစံ ယခင်ကနှင့် ကွဲလွဲခဲ့သည့်အတွက် ရှာဖွေရမလွယ်ကူသည့် အခက်အခဲနှင့် ပြည်သူများ ကြုံတွေ့ကြ ရခြင်းကြောင့် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြည်သူများ စိတ်ပျက်သွားစေရန် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်လိုက်ခြင်းလားဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူများက သံသယရှိနေကြသည်။
“အခုထွက်တဲ့ မဲစာရင်းက အရင်မဲစာရင်းနဲ့ ကွာခြားနေတာ တွေ့ရတယ် ။ တစ်နိုင်ငံလုံးမှာ ဒီလိုပဲလားတော့ မသိဘူး၊ ပထမအကြိမ်က အိမ်ထောင်စုအလိုက် မဲနံပါတ်ကို စဉ်ထားတယ်၊ ဒုတိယအကြိမ်မှာ ဦး/ဒေါ် ခွဲပြီး နာမည်တွေကို အက္ခရာအလိုက် စဉ်ထားတယ် ၊ အပြင်ကနေ မဲစာရင်းကို စိစစ်ပေးရမယ့် သူတွေအတွက် အတော်ကို အခက်အခဲ ဖြစ် သွားတယ် ။ ဘယ်အိမ်ထောင်စုမှာ ဘယ်သူပါတယ် လွယ်လွယ်နဲ့ မသိနိုင်တော့ဘူး” ဟု ပြည်သူများ၏ မဲစာရင်းကို ကူညီစိစစ်ပေးနေသည့် ဒီချုပ်ပါတီဝင်တစ်ဦးက The Ladies သို့ ပြောသည် ။
ထို့အတူ ပြီးခဲ့သည့် အကြိမ်များက ထုတ်ပြန်ခဲ့သည့် မဲစာရင်းများတွင် ပါဝင်ခဲ့သည့်သူများ ယခုတစ်ကြိမ်တွင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရှိရကြောင်း ၊ အမှားအယွင်းများ ကို ပြန်ပြင်သည်ဟု ဆိုသော်လည်း မဲစာရင်း အသစ်တစ်ခုကို ထပ်မံ ထုတ်ပြန် သကဲ့သို့ ဖြစ်နေသည်ကြောင်း ၎င်းကဆိုသည် ။
“မဲစာရင်းမှာ ကျွန်တော့်အမည် ပါပေမယ့် အိမ်ကလူ တစ်ယောက်မှ မပါဘူး ။ ပါတဲ့သူ ကျတာ့လည်း အိမ်နံပါတ်က မှားနေတယ်။ မဲစာရင်းမှာ အမည်ပြန်ပါဖို့ ပုံစံ ( ၃) စာရွက်ကို အရင် ရယကရုံး ၊ ခု အုပ်ချုပ်ရေးရုံးမှာ စာရွက်ထုတ်ရတယ် ။ စာရွက်မှာ ဖောင်ပြန်ဖြည့်ပြီး သန်းခေါင်စာရင်း မိတ္တူ ၊ မှတ်ပုံတင် မိတ္တူနဲ့ ၂၇.၉.၂၀၁၅ နောက်ဆုံး တင်ရပါမယ် ” ဟု မိသားစုအတွက် မဲစာရင်းလာကြည့်သည့် ဦးသိန်းအေးက ပြောသည်။
မဲစာရင်းမှားယွင်းမှုများသည် နည်းပညာ အခက်အခဲကြောင့် ဖြစ်သည်ဆိုပါက IFES တွင် တာဝန်ရှိကြောင်း ၊ နည်းပညာအားလုံးကို IFES က တာဝန်ယူ၍ အကူအညီများ ပေးနေခြင်းဖြစ်ပြီး IFES က လွဲနေသည်ကို UEC အနေဖြင့် အဘယ်ကြောင့် လက်ခံရသည်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ရွေးကောက်ပွဲ
လေ့လာစောင့်ကြည့်သူများက ပြောဆိုနေကြသည်။
ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်ရုံးများတွင် နိုင်ငံသား အခွင့်အရေးနှင့်အညီ ဆန္ဒမဲ ပေးနိုင်ရေးအတွက် အမှားလာရောက် ပြင်ဆင်သူ ပြည်သူလူထု တော်တော်များများ ရှိနေသေးသည်ကိုလည်း တွေ့ရှိနေရသည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal

Post a Comment

 
Top