0

ရန်ကုန်တိုင်းဒေသကြီးအတွင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြီးနောက် အလုပ်ပြုတ်သည့် အလုပ်သမား ရှစ်ထောင်ဦးခန့် ရှိကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့ချူပ် ညီနောင်အဖွဲ့မှ AFFM-IUF အထွေထွေအတွင်းရေးမှူးချူပ် ဦးဇာနည်သွေးက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ နံ့သာမြိုင်လမ်း၊ အမှတ် ၂၂၇ စီ ရှိ မြန်မာနိုင်ငံ တောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM-IUF) ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။
အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ ၃ ဦးဖလှယ် တွေ့ဆုံဆွေးနွေးကာ ပထမဦးဆုံး သဘောတူညီမှုဖြင့် အနိမ့်ဆုံး လုပ်ခနှုန်းထား တစ်ရက် ၈ နာရီ အတွက် ၃,၆၀၀ ကျပ်အား ၂၀၁၅ ခုနှစ် သြဂုတ် ၂၉ ရက်က ထုတ်ပြန်ခဲ့သည့်အတွက် အလုပ်ရှင်များ မဖြစ်မနေ ပေးရတော့မည် ဖြစ်သဖြင့် ယခင်က လုပ်ခနည်းနည်းဖြင့် ပိုခန့်ခဲ့သည့် လုပ်သားများ လျှော့ချခြင်းကို လုပ်ဆောင်လာသည့်အတွက် ယခုကဲ့သို့ ရှစ်ထောင်ခန့် ရှိလာခြင်းဖြစ်ကြောင်း ပြောပြချက်အရ သိရသည်။
ဦးဇာနည်သွေးက " အရင်တုန်းက ဈေးပေါပေါ လူများများ ခန့်ထားတဲ့နေရာတွေက မဖြစ်တော့ဘူး။ လျှော့ချရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုန်ထုတ်စွမ်းအား ကို မြှင့်တင်တယ်။ မြှင့်တင်ပြီးတော့ ပိုလျှံအင်အားဆိုပြီးတော့ လျှော့ချတယ်။ အဲဒါက ရန်ကုန်တိုင်းအတွင်းမှာ ရှစ်ထောင်နီးပါး ရှိလာပြီဖြစ်တယ်“ ဟု ပြောသည်။
ယင်းကဲ့သို့ လူများလျှော့ချရာတွင် အချို့မြို့နယ်ရှိ စက်ရုံများတွင် လုပ်သားများအား မူလပေးသည့် လစာနှုန်းထားနှင့် အခြားခံစားခွင့်များ ဖြုတ်ချပြီး အစိုးရက သတ်မှတ် ထားသည့် အနည်းဆုံး အခကြေးငွေဖြစ်သည့် ၃,၆၀၀ ကျပ်သာ ပေးမည်ဖြစ်ပြီး မယူပါက အလုပ်ထွက်နိုင်ကြောင်း ဆိုသည့်အတွက် နှစ်ကာလကြာရှည် လုပ်သားများမှာ နစ်နာသည့် အတွက် အလုပ်ထွက်ခြင်းများ၊ အလုပ်ရှင်၏ အကျပ်ကိုင်ခံရခြင်းများ ရှိကြောင်း ဆက်လက်ပြောသည်။
လက်ရှိတွင် ရွေးကောက်ပွဲကာလ နီးလာပြီဖြစ်သဖြင့် အနည်းဆုံး အခကြေးငွေကြောင့် အလုပ်သမားများ လမ်းပေါ်တက်လာမည်ကို စိုးရိမ်ကြောင်း၊ လက်ရှိကာလတွင် လမ်းပေါ်တက်လာသူသာ ဆူပူဖြစ်အောင်လုပ်သည့် တရားခံဖြစ်နိုင်သည့်အတွက် အလုပ်သမား၊ အလုပ်ရှင်များအနေဖြင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ ယင်းအပြင် အလုပ်ခန့်ထားစဉ်တွင် သဘောတူရမည့် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချူပ်ကို ထပ်မံချုပ်ဆိုရန် လိုအပ်ကြောင်းနှင့် အလုပ်ရှင်များ မိမိအခက်အခဲများအား အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင် သုံးပွင့်ဆိုင် ဆွေးနွေးရာတွင် တင်ပြရန် လိုအပ်ကြောင်း ပြောပြချက်အရ သိရသည်။
အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MTUF) ဥက္ကဋ္ဌ ဦးအောင်လင်းက " အခု နိုဝင်ဘာ ၈ ရက် မတိုင်ခင်ကို လက်ရှိအာဏာရအစိုးရ တာဝန် ရှိတယ်။ နောက်ဆုံးရက်အထိ အကောင်းဆုံး ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးပါတယ်။ ၃,၆၀၀ ကြောင့် အလုပ်ဖြုတ်ပါတယ်လို့ ဘယ် အလုပ်ရှင်ကမှ အလုပ်သမားဝန်ကြီးဌာနကို မပြောရဲကြဘူး ။ ဥပဒေကြောင်း အရ ထောင်သုံးလအထိ ကျသွားနိုင်တယ်။ အဲဒီတော့ ဥပဒေကြောင်းအရ မလုပ်ဘဲ ဒီထဲက အခြား အချက်အလက်နဲ့ တင်မှာဖြစ်တယ်။ ဒီအချက်တွေကို သက်ဆိုင်ရာ ၀န်ကြီးဌာန က သေချာစစ်ဆေးဖို့လိုတယ် " ဟု ပြောသည်။
သတင်း - စိုင်းဟန်
The Ladies News Journal

Post a Comment

 
Top