0

အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးဖခင်နှင့် ပထမဆုံး သမ္မတဖြစ်သူ ဂျော့ဝါရှင်တန်၏ အတ္ထုပ္ပတ္တိကိုဖတ်သောအခါ မှတ်သား စရာ စာတကြောင်း ပါရှိ၏။ ‘He never left anything half done.’ ဟူ၍ဖြစ်သည်။ သူသည် မည်သည့်ကိစ္စမဆို တ၀က်တပျက်နှင့် ထားခဲ့လေ့ မရှိ၊ ပြီးဆုံးအောင် လုပ်တတ်သည်ဟူသော စာသားဖြစ်သည်။ ထိုစာသားမှာ ကျွန်တော်တို့ အတုယူကိုယူရမည့် စိတ်ထားဖြစ်သည်။ ကျွန်တော်တို့ လူမျိုးတော်တော်များများသည် ဟိုစပ်စပ်သည်စပ်စပ်ဖြင့် ကိစ္စများစွာကို တခုပြီးတခု အတောမသတ် ဆောင်ရွက်တတ်ကြသော်လည်း အဆုံးအထိ ရောက်အောင် ပြီးပြီးမြောက်မြောက်မယ်မယ် ရရ ဘာကိုမှမလုပ်ဆောင်ကြဘဲ လမ်းခုလတ်တွင် တ၀က်တပျက်ထားပစ်ခဲ့ကာ နောက်တခု ပြောင်းလုပ်တတ်ကြသောကြောင့် ဖြစ်သည်။ တနည်းပြောရလျှင် ကောက်ရိုးမီးလို တပွဲတိုး စိတ်ဓာတ်ကများပြီး စိုက်လိုက်မတ်တတ်လုပ် ဆောင်တတ်သော ဆန္ဒနည်းပါးခြင်း ဖြစ်သည်။ အကယ်စင်စစ် အလုပ်တခုလုပ်ဆောင်ရာတွင် ရာနှုန်းပြည့်ပြီးမှ အလုပ်ပြီးမြောက်သည်ဟု ခေါ် နိုင်၏။ အလုပ်တခုကို ရှေ့ဆက်မလုပ်ဆောင်တော့ဘဲ တိုးလိုးတန်းလန်းထားခဲ့ခြင်းမှာ တ၀က်ကျော်ပြီး နေသည့်တိုင် ပြီးစီးသည်ဟု မဆိုနိုင်ပေ၊ အသုံးမကျသော၊ မပြီးစီးသော သဘောသာဆောင်ပါသည်။
ဥပမာအားဖြင့် ရေနွေးအိုးတအိုး ကျိုချက်သည် ဆိုပါစို့။ ရေ၏ဆူမှတ်သည် ၁၀၀ ဒီဂရီစင်တီဂရိတ် ဖြစ်သည်ဆိုလျှင် ရေသည် ၅၀ ဒီဂရီအပူချိန်တွင် ဆူပွက်ဦးမည်မဟုတ်။ လမ်းတ၀က်တွင် ထားခဲ့ပြီး အလုပ်တ၀က် ပြီးသည် (၅၀ ရာခိုင်နှုန်းပြီးသည်) ဟု ပြော၍ ဖြစ်မည်မဟုတ်။ ရေ၏ဆူမှတ်သည် ၁၀၀ ဒီဂရီ ဖြစ်သဖြင့် ၉၉ ဒီဂရီအထိ ကျိုချက်ပြီးစေကာမူ အလုပ်ပြီးပြတ်သည် မဟုတ်သေးပေ။ ရေနွေးပွက်ပွက်ဆူခြင်းဟူသော အလုပ်သည် ၉၉ ရာခိုင်နှုန်း ပြီးမြောက်ရုံဖြင့် အောင်မြင်နိုင်သော ကိစ္စမဟုတ်။ Half done ခေါ် တ၀က်တပျက်နှင့် ပြီးမြောက်နိုင်သော ကိစ္စ မဟုတ်ပေ။ ကျွန်တော်တို့သည် အလုပ်ကိစ္စများ ဆောင်ရွက်ကြသောအခါ အဖြေထွက်လာသည်အထိ အပြီးအစီးဆောင်ရွက်ကြသည် ထက် Half done ခေါ် တ၀က်တပျက် ဆောင်ရွက်ကြတာများပါသည်။ ထို့နောက် တခုမပြီးသေးဘဲ နောက်တခုသို့ ပြောင်းလုပ်ကြသည်။ အလုပ်တွေ ဘယ်လောက်တောင် များများလုပ်ခဲ့သည်ဟု အရေအတွက်ကို ဂုဏ်ယူကြသည်။ ပြီးမြောက်မှု စံချိန်နှင့် ဘယ်နှခုပြီးခဲ့သည်ဟူ၍ကား တိုင်းထွာသတ်မှတ်ကြရိုး နည်းပါးလှသည်။ ဆိုလိုသည်မှာ လုပ်တော့လုပ်သည်၊ ရည်မှန်းချက်အောင်မြင်အောင် ရာနှုန်းပြည့်ပြီးစီးသောလုပ်ငန်း နည်းပါးခြင်းကို ပြောလိုခြင်းဖြစ်သည်။
''ကျွန်တော်ကိုယ်တိုင်ပင် ကံ့ကော်ဝတ်ရည်စာအုပ်တိုက်မှ ဘာသာပြန်ဝတ္ထုတို ၁၂ ပုဒ် ရေးသားပြန်ဆိုပေးပါရန် အလုပ်အပ်ထားသည်ကို လက်ခံထားသည်မှာ ကြာလှပေပြီ။ ဘာသာပြန်လိုက်သောအခါ ၁၀ ပုဒ် တိတိ ပြီးစီးနေပြီဖြစ်သည်။ သို့သော် နှစ်ပုဒ်တည်းကျန်ကာမှ ကျွန်တော်သည်ပြီးစီးအောင် ဆက်လက်မဆောင်ရွက်နိုင်ဘဲ အပတ်စဉ်ရေးသားနေသော ဂျာနယ်ဆောင်းပါးများ ရေးသားခြင်းဘက်သို့ လှည့်နေသဖြင့် တိုးလိုးတန်းလန်း ကျန်နေသော ၀တ္ထုတိုလေးနှစ်ပုဒ်မှာ ပြီးလုပါပြီ ပြီးလုပါပြီဟူသော အနေအထားနှင့်ပင် ရက်မှ လ၊ လမှ နှစ်ဝက်ကျိုးလာခဲ့လေပြီ။ ထို့ကြောင့် စာအုပ်ထွက်နိုင်ခြင်းဆိုသော final point သို့ မရောက်တော့ဘဲ ပြီးလုပါပြီဟူသော half done အဆင့်မှာပင် ရပ်တန့်နေလေသည်။ ဤကားမြန်မာတို့၏ အကျင့်လားမသိပေ။ ပန်းချီဆရာတယောက်ထံသို့ စာအုပ်မျက်နှာဖုံးပန်းချီပုံသွားအပ်ရာ ကျွန်တော်သူ့ဆီရောက်သွားလျှင် ကျွန်တော့်အတွက်ပေးရမည့်ပုံကို ထုတ်ပြ၍ ပြီးလုပါပြီကွဟုဆိုကာ ပန်းချီစုတ်တံတို့ဖြင့် တို့တို့တိတိ လုပ်ပြလေ့ရှိသည်။ ကျွန်တော်ပြန်သွားပြီး နောက်ထပ်တယောက် ရောက်လာ သောအခါ ထိုပန်းချီဆရာပင် နောက်ထပ်ပုံတပုံကို ထုတ်ပြကာ လုပ်နေပြီကွ ပြီးခါနီးပြီ''ဟု ဆိုပြန်လေသည်။ တကယ် အားမနာတမ်း ဆန်းစစ်လိုက်သောအခါ ထိုလူသည် အလုပ်တခုမှမပြီးမြောက်သော half done သမားဖြစ်သည်။ ဤလိုလူတွေ များလှ၏။ ကျွန်တော်တို့ မအောင်မြင်ခြင်းမှာ တ၀က်တပျက်သာ အလုပ်လုပ်သော တိုးလိုးတန်းလန်း အကျင့်များကြောင့်ပေလောဟု စောကြောမိပေသည်။
ကျွန်တော်တို့ရပ်ကွက်ထဲတွင် ရေစီးရေလာကောင်းမွန်ရေးကော်မတီဟူ၍ ရပ်မိရပ်ဖများနှင့်ဖွဲ့စည်းလျက် စည်ပင်သာယာနှင့်ပေါင်းကာ လမ်းမကြီးတလျှောက် ရေမြောင်းများကို လေးပေအကျယ် လေးပေ အနက်ဟုဆိုကာ မြေကော်စက်ကြီးများဖြင့် လိုက်လံတူးဖော်လေသည်။ ရပ်ကွက်အတွက် ကောင်းမွန်သောအလုပ်ဖြစ်၍ အားလုံးက အားပေးထောက်ခံကြသည်။ သို့သော် မြောင်းများ တူးဖော်ခြင်းအလုပ် ၈၀ ရာခိုင်နှုန်းလောက်ပြီးသောအခါ ဘက်ဟိုးမြေကော်စက်ကြီးမှာ ချိန်း ကြိုးပြတ်သွားသဖြင့် ပြင်ဆင်ရန် ပြန်သယ်သွားသလိုလိုဖြင့် မြောင်းဖော်ခြင်းအလုပ်မှာ တ၀က်တပျက်တွင် ရပ်တန့်နေလေသည်။ ထိုအခါ ဖော်လက်စရေမြောင်းများထဲမှ ရေများမှာ စီးဆင်းခြင်းမရှိဘဲ ရေကူး ကန်လိုရေတွေ အိုင်နေလေသည်။ လမ်းတလျှောက် တူးဖော်ထားသော ရွှံ့မြေများ ဗွက်များမှာလည်း ခဏဆိုပြီး လမ်းဘေးတွင်ပုံထားရာမှာ စည်ပင်မှ ကားဖြင့်လာမသယ်သဖြင့် လမ်းဘေးတလျှောက် ဗွက်ပေါက်ကာ လမ်းပခုံးသားက ရေမြောင်းထက်မြင့်ကာ ဗွက်ထနေခြင်းသာ အဖတ်တင်လေသည်။ အပြီးအစီးအထိ မဆောင်ရွက်ဘဲ တ၀က်တပျက်လုပ်သွားသဖြင့် တူးဖော်ထားသော ရေမြောင်းပိုင်ရှင်များမှာ ရေမြောင်းကို အပြီးအဖုံးဖုံးရမလိုလို၊ သူတို့ပဲ နောက်တခေါက် ပြန်လာတူးတော့မလိုလိုနှင့် ဘာလုပ်ရမှန်းမသိဘဲ ယောင်ချာချာ ဖြစ်ရလေသည်။ တိုးလိုးတန်းလန်းလုပ်သော အမြင်မတော်သည့် နောက်ထပ် လုပ်ရပ်တခုမှာ ရပ်ကွက်အတွင်း ကန်စွန်းခင်းစိုက်သည့် ရေ၀ပ်မြေကွက်တခုအား ရပ်ကွက်အားကစားကွင်းလုပ်ပေးမည်ဟု မြို့နယ်စည်ပင်အဖွဲ့မှ လူကြီးအချို့၏ ဆောင်ရွက်ချက်ဖြစ်သည်။ ကျွန်တော်တို့ မျက်စိထဲတွင် မြင်ယောင်မိသည်မှာ တလနှစ်လအတွင်း ရပ်ကွက်ကစားကွင်းလေးတခု ပေါ်လာတော့မည်ဟူ၍ ဖြစ်သည်။ ကစားကွင်းကိုမြင်ယောင် ကြည့်သောအခါ မြက်ခင်းစိမ်းစိမ်းလေးပေါ်တွင် ကလေးများကစားနေ ကြခြင်းဖြစ်သည်။ မြက်မသတ်နိုင်လျှင်သော်မှ ညီညာပြန့်ပြူးသည့် သဲခင်းထားသောမြေကွက်တကွက်တော့ ဖြစ်လာမည်ဟု ထင်မိပေသည်။ ထိုသို့ ထင်အောင်လည်း မြို့နယ်စည်ပင်မှ ကစားကွင်းပုံစံငယ်ဟုဆိုကာ ဆိုင်း ဘုတ်တွေ ဘာတွေချိတ်လျက် မစားရ၀ခမန်း ပြသထားပေသေး၏။ သူတို့ ရေးဆွဲထားသောပုံစံငယ်အရဆိုလျှင် ခြင်းလုံးကွင်းလည်းပါ၏။ ဘောလုံးကွင်းလည်းပါ၏။ ဖူဆယ်ကွင်းလည်းပါ၏။ အလေးမအားကစားရုံပင် ပါလိုက်သေး၏။ အတော်ဟုတ်ပေသည်တကား။ လက်တွေ့တွင်တော့ ထိုကွင်းကလေးသည် အမှိုက်ကားများ အမှိုက်လာပုံလိုက်၊ မြောင်းဖော်ထားသော ရွှံ့မြေများလာချလိုက်နှင့် မြင်မကောင်းကြည့်မကောင်းသော မြေစာပုံဖြစ်လာသည်မှတပါး ရက်မှလပြောင်း၊ လမှ နှစ်ဝက်ကျိုးလာသည်အထိ ထူးမခြားနား ပတ်ပျိုးလိုပင် ဖြစ်နေပေသည်။ ထိုနေရာသည် ကလေးများကစားဖို့နေနေသာသာ လူကြီးများပင် လမ်းလျှောက်၍မဖြစ်နိုင် သော ဖုန်းဆိုးမြေသာဖြစ်နေပါသည်။ ထိုပုလင်းကွဲတွေ၊ အုတ်ကျိုးတွေ၊ အမှိုက်တွေပြည့်နေသောနေရာကို လမ်းကြိတ်စက်ဖြင့် ကြိတ်ဦးမှာလား ဟုမေးသောအခါ မကြိတ်တော့ပါ။ ဒီအတိုင်းပဲ ကစားကြရမည်ဟုဆိုပေ ၏။ မည်သည့်နေ့ရက်တွင် အပြီးသတ်ကြမည်ဟူ၍လည်း plan ရှိကြပုံ မရပေ။ အစကောင်းသော်လည်း အနှောင်းမသေချာသောလုပ်ရပ်ပင်။
၂၀၁၀ ရွေးကောက်ပွဲနီးသောကာလက ကျွန်တော်တို့ရပ်ကွက်ထဲတွင် စည်ပင်ကလိုလို ပြည်ခိုင်ဖြိုးပါတီက လိုလိုဖြင့် (ယခုအထိ ပဟေဠိ ဖြစ်နေဆဲ) ကွန်ကရစ်လမ်း လာခင်းပေးပါသည်။ ထိုစဉ်က ရန်ကုန်မြို့တော်ဝန်မှာ ဦအောင်သိန်းလင်းဖြစ်ပါသည်။ “လမ်းတခြမ်းခင်း အောင်သိန်းလင်း”ဟု လူတွေကခေါ်နေကြသောအချိန် ဖြစ်ပါသည်။ ဘာကြောင့် ထိုသို့ အမည်ပေးသလဲဆိုတာ ကျွန်တော်တို့လမ်းကို ကွန်ကရစ်လာခင်းပေးမှသိ ရပါသည်။ လမ်းသည် ဆယ်ပေအကျယ်ရှိသည်ဆိုလျှင် ဆယ်ပေအပြည့် ခင်းမပေးဘဲ တလမ်းလုံး အစမှအဆုံးအထိ ငါးပေအကျယ် ကွန်ကရစ် လောင်းသွားပါသည်။ ထိုအခါ လမ်းမှာ ငါးပေကွန်ကရစ် ငါးပေမြေသားလမ်းဖြစ်ကာ ကားများဝင်ထွက်၍ မရတော့ဘဲ ကမောက်ကမဖြစ်ကြရပါသည်။ ကျန်သည့်တ၀က်ကို ရွေးကောက်ပွဲတွင်သူတို့အဖွဲ့နိုင်ပါက လာခင်းပေးမည်ဟုပင် မက်လုံးပေးလိုက်သေးသည်။ တ၀က်တပျက် half done လုပ်ကြခြင်း ဖြစ်သည်။ ရွေးကောက်ပွဲတွင် ကျွန်တော်တို့မြို့နယ်၌ လမ်းတခြမ်းခင်း အဖွဲ့ရှုံးပါသည်။ လမ်းတခြမ်းဆက်ခင်းမပေးလျှင် တိုင်မည်တောမည်ဟု ဖြစ်လာသောအခါမှ ကျန်သည့်တခြမ်းကို ညကြီးမင်းကြီး လာခင်းပေးပါသည်။ ရောက်လာသော ဘိလပ်မြေအိတ်များမှာလည်း အော်ရီဂျင်နယ်မဟုတ်၊ ဖွင့်ဖောက်ပြီးသားအိတ်များဖြစ်ပါသည်။ ထိုဘိလပ်မြေအိတ်အလျော့များကို စစ်ဆေးရေးမ၀င်ခင်အစ ဖျောက်သည့်အနေဖြင့် ညတွင်းချင်း ကျွန်တော်တို့လမ်းကို ခင်းခိုင်းခြင်းဖြစ်နိုင်ပါသည်။ လမ်းဖြစ်လျှင် အမြတ်ဟုဆိုကာ အရိုးများသော ချေးခါးသောရွေးမနေနိုင်ဘဲ သူတို့ခိုင်းသည့်အတိုင်း ညတွင်းချင်း ဘိလပ်မြေဖျော်၍ လောင်းလိုက်ရာ စာရင်းစစ်များစာရင်းစစ်ပါက ဘိလပ်မြေ ဘယ်နှအိတ်ဟု စာရင်းပြသည့်တိုင် ခင်းပြီးလမ်းကို စစ်ဆေး၍မရတော့ပါ။ ထိုသို့ တ၀က်တပျက် ချန်ထားသောလမ်းများလည်း မြန်မာနိုင်ငံအနှံ့ ပေါများလှပါသည်။
မြန်မာနိုင်ငံတနိုင်ငံလုံး အုတ်အော်သောင်းတင်းဖြစ်သွားသော ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားခြင်းမှာလည်း အပြီးရပ်ဆိုင်းခြင်းမဟုတ်။ ကိစ္စတခုကို တည့်(ဒဲ့) ရှင်းရသေးသည်မဟုတ် ဟိုလိုလိုသည်လိုလိုဖြင့် ငါးနှစ်ရပ်နားထားမည်ဆိုပြန်ရာ မပြီးပြတ် သေးသော half done ကိစ္စတခု ဖြစ်နေပါသည်။ တကယ်ဆိုလျှင် စခဲ့သူသည် ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်ရမည် ဖြစ်သည်။ ကောင်းမွေဆိုးမွေကို တာဝန်ခံမှုရှိရမည်ဖြစ်သည်။ စခဲ့သူမှာ ယခုအစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးသိန်းစိန်၊ သူရဦးရွှေမန်းတို့လည်း ပါဝင်ပါသည်။ ယခင်ဗိုလ်ချုပ်မှူးကြီးတို့လည်း ပါဝင်ပါသည်။ သူတို့လုပ်ထားသည်က တ၀က်တပျက် ဖြစ်နေပါသည်။ မည်သို့ အဆုံးသတ်မည်နည်း။ ယခုအထိ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ကြေညာချက်ကို မကြားရသေးပါ။ ခေတ္တဆိုင်းငံ့သလိုလို၊ ငါးနှစ်ပြည့်က ပြန်လုပ်မလိုလို တောင်လိုလိုမြောက်လိုလိုပင်ရှိနေပါ သေးသည်။ ကျွန်တော်တို့နိုင်ငံတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး နယ်ပယ်အသီးသီးတွင် လုပ်ငန်းများ၊ စီမံကိန်းများရှိရာ တော်တော်များများသည် လက်စမသတ်နိုင်သေးသော တ၀က်တပျက် လုပ်ငန်းများစွာရှိပါသည်။ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုဟု ကြွေးကြော်ခဲ့ရာ မအောင်မြင်သည်ကို တွေ့ရပါသည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်းမှာလည်း half done ပင်မဟုတ် nothing done ဟုသာ ပြောရပေမည်။ ကျေးရွာများ မီးလင်းရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးစသည့်လုပ်ငန်းများမှာလည်း ဘာမှမည်မည်ရရ မရောက်ဘဲ တ၀က်တပျက်နှင့် ရပ်တန့်နေပေသည်။ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု၊ ကချင်ဆရာမနှစ်ယောက်သတ်ခံရမှု၊ နေပြည်တော်-မြို့သစ်အမြန် လမ်းမပေါ်တွင် အမျိုးသမီးတယောက် မီးရှို့သတ်ခံရမှု၊ ပြည်မြို့ န၀ဒေးတံတားအောက် လူသတ်မှု စသည်တို့မှာလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် မပြီးပြတ်သေးသော (တရားခံမဖော်နိုင်သော) တိုးလိုးတန်းလန်း အမှုများ ဖြစ်ပေသည်။ ကျွန်တော်တို့လူမျိုးသည် တ၀က်တပျက်လုပ်သော အလေ့အထနှင့် ယဉ်ပါးနေပြီဖြစ်ပါသည်။
အဖွဲ့အစည်းများထဲတွင် တပ်မတော်သည် အတော်အတန်စည်း ကမ်းတကျ အလုပ်လုပ်တတ်ဆုံးအဖွဲ့ဖြစ်သည်ဟု ယူနိုင်ပေသည်။ အရပ်သားများထက် အလုပ်တခုကို အပြီးသို့ရောက်အောင် ဆောင်ရွက်တတ်သည်ဟု နာမည်သတင်းထွက်သည်။ တပ်မတော်သည် ကိစ္စတခုပေါ်လာလျှင် mission တခုအဖြစ် သတ်မှတ်ပြီး ပြီးစီး အောင်ဆောင်ရွက်လေ့ရှိပြီး မစ်ရှင်တခု ရည်မှန်းချက် ပြီးစီးအောင် မြင်သောအခါ ရည်မှန်းချက်ပြီးမြောက်ပြီ (mission accomplished) ဟု သတ်မှတ်ခေါ်ဝေါ်လေ့ရှိသည်။ တ၀က်တပျက်နှင့် ထားခဲ့လေ့မရှိပေ။ တ၀က်တပျက် ဖြစ်ကတတ်ဆန်း လုပ်သူများ ပေါများသောနိုင်ငံဝယ် တပ်မတော်သည် အရပ်သားများထက် သာလွန်အောင် အလုပ်တခုကို ပြီးဆုံးသည်အထိ စနစ်တကျ ဆောင်ရွက်တတ်သော်လည်း တပ်မတော်တွင် အဆုံးအထိမရောက်ဘဲ တ၀က်တပျက်အပြီး မသတ်နိုင်သည့် half done mission သုံးခုရှိသည်ဟု ကျွန်တော် ထင်သည်။ ထိုအလုပ်သုံးခုကိုသာ ပြီးဆုံးသည်အထိ အပြည့်အ၀ အကောင်အထည်ဖော် ဆောင်ရွက်နိုင်လျှင် မြန်မာ့သမိုင်းသည် ပြောင်းလဲလာနိုင်စရာရှိပေ၏။ ပြည်သူသည် တပ်မတော်ကိုချစ်ခင် လာနိုင်စရာ ရှိ၏။
မပြီးဆုံးသေးသော ပထမအလုပ်တခုမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အာဏာမအပ် နိုင်ခဲ့မှုဖြစ်သည်။ မည်သို့သော အကြောင်းပြချက်လှလှများရှိသည်ဖြစ်စေ ရွေးကောက်ပွဲလုပ်ခြင်း၏ရည်ရွယ်ချက်မှာ နိုင်သူကို အာဏာလွှဲပြောင်း ပေးရေးဖြစ်သည်။ တပ်မတော်အစိုးရက ကျင်းပပေးခဲ့သော ရွေးကောက်ပွဲဖြစ်သဖြင့် ပြီးစီးသည်အထိ အကောင်အထည်ဖော်ရန်မှာ တပ်မတော် တွင်တာဝန်ရှိသည်။ ရွေးကောက်ပွဲကျင်းပခြင်း၏ အဆုံးတိုင်ရည်မှန်းချက်မှာ အာဏာလွှဲပြောင်းပေးခြင်း ဖြစ်သည်။ ထိုသို့ လွှဲပေးနိုင်ရန် အခြေခံဥပဒေမရှိလျှင် ရွေးကောက်ပွဲနိုင်သောအဖွဲ့ကို အခြေခံဥပဒေရေးဆွဲစေ ရပါမည်။ လွှတ်တော်ခေါ်ပေးရပါမည်။ ထို့နောက် အာဏာလွှဲပေးရပါ မည်။ ဒါမှသာ mission accomplished ဖြစ်ပါမည်။ ယခုသော် half done အဆင့်မှာပဲ ရပ်သွားပါသည်။ ရွေးကောက်ပွဲလုပ်ပေးသည်။ ကျန်သည့်အဆင့်များကို မသိကျိုးကျွန်ပြုလိုက်သည်။ ဆက်မလုပ်တော့။ တ၀က်တပျက်သာ အလုပ်ပြီးခြင်းဖြစ်သည်။
နောက်တချက်မှာ နိုင်ငံရေးတွင် တပ်မတော်မှ ၀င်ပါနေမှုဖြစ်သည်။ သူတို့နိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော အမေရိကန်ပြည်ထောင်စုတပ်မတော်သည်ပင် နိုင်ငံရေးတွင် ၀င်မပါတော့ဘဲ အရပ် သားအစိုးရ၏အုပ်ချုပ်မှုကို နာခံနေပြီဖြစ်သည်။ အင်ဒိုနီးရှားတပ်မတော်သည်လည်း နိုင်ငံရေးမှ ဆုတ်ခွာသွားတာ ကြာချေပြီ။ မြန်မာ့တပ်မတော် နိုင်ငံရေးမှဆုတ်ခွာမှုလုပ်ငန်းစဉ်သည်လည်း မပြီးဆုံးသေးသော လုပ်ငန်းစဉ်တခုဖြစ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိပြီး လက်နက်ကိုင်အဖွဲ့များအားလုံး ချုပ်ငြိမ်းသွားမှသာ တပ်မတော် က နိုင်ငံရေးမှထွက်ခွာမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရိပ်အမြွက်ဆိုထားရာ အလုပ်ပြီးမည့်နေ့ရက်အချိန်ကို အာမခံနိုင်ခြင်းမရှိဘဲ ပြီးတဲ့နေ့ပြီးတာပေါ့ကွာဟူသော ပန်းချီဆရာလို ဖြစ်နေပါသည်။ ထိုကိစ္စသည်လည်း တိုးလိုးတန်းလန်း အလုပ်တခုအဖြစ် ကျန်ရစ်နေသည်။
တတိယအချက်မှာ တပ်မတော်က ပြည်သူလူထုထံမှ သိမ်းထားသောမြေယာများအနက် အမှန်တကယ် အသုံးမလိုသော မြေယာများကို မူလပိုင်ရှင်သို့ ပြန်ပေးနိုင်မှုဖြစ်သည်။ ဤကိစ္စတွင် တပ်မတော်ဘက်မှ စွန့်လွှတ်မြေယာများကို အားလုံးပြန်ပေးပြီးပြီဟုဆို၏။ တောင်သူများက သူတို့လက်ထဲသို့ ပြန်မရသေးကြောင်း အထောက်အထားနှင့်ပြောကြ၏။ တပ်မတော်သားဟောင်းတဦးဖြစ်သော ဦးအောင်သိန်းလင်းကတော့ တပ်မှ မြေအားလုံးပြန်ပေးပြီးပြီ။ မရသေးခြင်းမှာ တပ်ကပြန်ပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြန်လည်စွန့်လွှတ်ပေးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပိုင်ရှင်များကို ပြန်မပေးသေးခြင်းသာဖြစ်ကြောင်း ပြောကြားသွားပေသည်။ ယုတ္တိဗေဒအရပြောရလျှင် A သည် B ၏မြေကို C အားသိမ်းဆည်းခိုင်း၏။ B ကပြန်တောင်းသောအခါ A သည် B သို့ ပြန်ပေးရမည့်အစား C သို့ပေးလိုက်ပြီး သူ့တွင်တာဝန်မရှိတော့ သူလုပ်ရမည့်အလုပ်သည်ပြီးပြီဟု ဆိုသလိုရှိ၏။ အမှန်စင်စစ် ဤသို့ လုပ်ခြင်းသည် ရှုပ်ထားသော အရှုပ်ထုပ်တခုကိုဖြည်ရာတွင် အလုံးစုံ ပြီးမြောက်ခြင်းမဟုတ်ကြောင်း လူတိုင်းသိမြင်နိုင်သည်။ တပိုင်းတစ ပြီးခြင်းသာဖြစ်သည်။ A ကြောင့် B သည် မြေဆုံးခြင်းဖြစ်ရာ A ၏ လက်သို့ C က ပေးမပေးကို တာဝန်ယူ၍ ဆောင်ရွက်ပြီး B လက်ဝယ်သို့ အရောက်ပို့ဆောင်နိုင်ပါမှ mission accomplished ဖြစ်ပေမည်။ ယခုသော်ကား တ၀က်တပျက်သာပြီးသော အလုပ်ဖြစ်နေပါ၏။
မည်သို့ပင်ရှိစေ တပ်မတော်သည် မကျေပွန်ခဲ့သောတာဝန်သုံးရပ်အနက် ပထမဆုံးတခုဖြစ်သော ရွေးကောက်ပွဲအနိုင်ရသော ပါတီလက်ထဲသို့ အာဏာအပ်ခြင်းတာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်မည့်အခွင့် အလမ်းသည် နောက်ရက်ငါးဆယ်ခန့်အကြာတွင် ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ ၂၀၁၅ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ အမတ်လောင်းအရေအတွက်ရသော ပါတီ၏ လက်ထဲသို့ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးခြင်းဖြင့် ၁၉၉၀ ကတည်းကစခဲ့ပြီး မပြီးပြတ်သေးသော ကတိက၀တ်တခုကို တည်စေမည့်အခွင့်အရေးရှိ နေပြီဖြစ်သည်။ ထိုသို့ တ၀က်တပျက် တိုးလိုးတန်းလန်းဖြစ်ခဲ့သောအလုပ်တခုကို အဆုံးအထိကျေပွန်ခြင်းဖြင့် သမိုင်းကြွေးကို ဆပ်ရပေမည်။ တပ်မတော်သည် ကတိတည်သော တာဝန်ကျေသော တပ်မတော်အဖြစ် တိုင်းသူပြည်သားများကို သက်သေပြရမည်ဖြစ်သည်။ ထိုသို့ သက်သေပြပြီးနောက် နိုင်ငံရေးမှ ထွက်ခွာသွားရေးဟူသော တာဝန်၊ သိမ်းဆည်းမြေယာများကို မူလပိုင်ရှင်လက်ဝယ်ရောက်သည်အထိ စေ့စေ့စပ်စပ်လိုက် ကြည့်ကာ ထိထိမိမိပေးဆပ်ခြင်းဟူသော တာဝန်များကိုဆက်တိုက် ကျေပွန်ခဲ့ပါက မြန်မာများသည် တ၀က်တပျက်သာ အလုပ်ပြီးအောင် လုပ်တတ်သောလူမျိုးဖြစ်သည်ဟူသော နာမည်ဆိုးမှ တမျိုးသားလုံး ရုန်းထွက်နိုင်ကြမည်ဖြစ်ပါကြောင်း။
သရ၀ဏ် (ပြည်)

Post a Comment

 
Top