ရန်ကုန်၊ စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာ၊ ဖူးကြီးလမ်းဘေးရှိ ခမရ (၇၀၄) တွင် စက်တင်ဘာလ ၆ ရက် နံနက် ၁ နာရီခန့်က လက်နက်တိုက် ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
“လက်နက်တိုက် ဖောက်ထွင်းပြီး လက်နက်ခဲယမ်းတွေကို သံသေတ္တာထဲထည့်ပြီး ဆိုင်ကယ်နဲ့ သယ်ဆောင်လာတဲ့ နှစ်ယောက်ကို မြောင်းတကာ ရဲစခန်းရှေ့မှာ ဖမ်းမိခဲ့တာ၊ တစ်ယောက်က အရပ်သား၊ အမှုအသေးစိတ်ကို တပ်က တာဝန်ရှိသူတွေ စစ်ဆေးနေတယ်” ဟု မြောင်းတကာ ကျေးရွာအုပ်ချုပ်ရေးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ လက်နက်တိုက် ဖောက်ထွင်းခဲ့သူမှာ ခမရ (၇၀၄) မှ တပ်သားတစ်ဦးဖြစ်ကြောင်း၊ ၎င်းမှာ ယင်းနေ့က ဗဟိုကင်းတွင် ကင်းစောင့်တာဝန်ကျနေစဉ် လက်နက်တိုက် သော့ကိုင်ဆောင်ထားသူ အိပ်မောကျနေခိုက် သော့ခိုးယူကာ MA အမျိုးအစား ပြောင်းရှည်သေနတ် သုံးလက် အပါအဝင် ကျည်ဆန်များနှင့် အခြားလက်နက်ခဲယမ်းများ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။
“လူနှစ်ယောက်က ဆိုင်ကယ်တွန်းလာတာ၊ ဆိုင်ကယ်ပေါ်မှာ သံသေတ္တာတစ်လုံး ပါလာတယ်၊ မသင်္ကာလို့ စစ်ဆေးတော့ သံသေတ္တာထဲမှာ လက်နက်ခဲယမ်းတွေ တွေ့ခဲ့ပြီး မေးမြန်းရာက ခမရ (၇၀၄) က တပ်သားတစ်ဦးဆိုတာ သိရတယ်။ ကျန်တစ်ဦးက တပ်သားရဲ့အစ်ကို အရပ်သားလို့ သိရတယ်။ တပ်ကို ချက်ချင်းလှမ်းအကြောင်းကြားခဲ့လို့ တာဝန်ရှိသူတွေ ရောက်လာပြီး ပြန်ခေါ်သွားတယ်” ဟု ယင်းဖမ်းဆီးစစ်ဆေးစဉ်က ကျေးရွာလုံခြုံရေးအတွက် လှည့်ကင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် မြောင်းတကာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယင်းလက်နက်တိုက် ဖောက်ထွင်းမှုနှင့် ပတ်သက်၍ ခမရ (၇၀၄) မှ တာဝန်ရှိသူများက စစ်ဆေးနေပြီး ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရန် စီစဉ်နေကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။
အလားတူ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က မှော်ဘီမြို့နယ်ရှိ တင့်ကားတပ်မှ လက်နက်တိုက် ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ လက်နက်ခဲယမ်းများ ဖောက်ထွင်းခိုးယူမှုကို ယနေ့အချိန်အထိ တရားခံ မဖော်ထုတ်နိုင်သေးပေ။
Post a Comment