0

မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နေထိုင်သည့် ရန်ကုန်မြို့တော်အတွင်း ခရီးသည်တင်ယာဉ်လိုင်း အချို့သည် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေသစ်အရ စည်းကမ်းဖောက်ဖျက်မှုအပေါ် မူလဒဏ်ကြေး ၁၅၀၀ ကျပ်မှ အနိမ့်ဆုံး သုံးသောင်းကျပ်အထိ တိုးမြှင့်လိုက်ခြင်းကို သဘောမတူကြောင်း ယာဉ်လိုင်းပြေးဆွဲမှုများ ရပ်နားကာ သပိတ်မှောက်ကြသောကြောင့် ခရီးသွားပြည်သူများ အခက်အခဲဖြစ်ပေါ်ခဲ့ခြင်းမှာ မြို့ပြဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းချက်ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။
ဥပဒေ စည်းမျဉ်း၊ စည်းကမ်းတို့မည်သည် လိုက်နာရမည့် သက်ဆိုင်ရာ နယ်ပယ်အတွင်းမှ ဘက်စုံ၊ ထောင့်စေ့သော လေ့လာကွင်းဆင်း သုတေသနပြုချက်များ၊ ယင်းနယ်ပယ်များ အတွင်းရှိ အင်စတီကျူးရှင်းများ၊ အသင်းအဖွဲ့များ လက်တွေ့ရင်ဆိုင်နေရသည့် အခက်အခဲနှင့် ပြဿနာများ၊ အကြံဉာဏ်များကို စုစည်းရယူကာ အဖြစ်နိုင်ဆုံး၊ အသင့်တော်ဆုံးနှင့် လက်တွေ့အကျဆုံး ဖြစ်စေရန် ရေးဆွဲပြဋ္ဌာန်းကြရသည့် သဘောရှိသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် ရေးဆွဲပြဋ္ဌာန်းလိုက်သည့် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေသည် အထက်ဆိုခဲ့ပါ အခြေခံအချက်များနှင့် ကိုက်ညီသော ဥပဒေဖြစ်၊ မဖြစ်၊ လက်ရှိ အခြေအနေများနှင့် လိုက်လျောညီထွေခြင်းရှိ မရှိ၊ လက်တွေ့ကျ၊ မကျ သက်ဆိုင်ရာ တာဝန်ရှိသူများ စဉ်းစားသုံးသပ်ကြည့်ရန် လိုပေမည်။
ရန်ကုန်မြို့တော်ရှိ လမ်းများပေါ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အချိုးဖောက်ဆုံးမှာ ခရီးသည်တင် ဘတ်စ်ကားများနှင့် အငှားယာဉ်ငယ် တက္ကစီများ ဖြစ်သည်မှာ မှန်သော်လည်း ၎င်းတို့ စည်းကမ်းချိုးဖောက်ရသည့် အကြောင်းအရင်းကို ရှာဖွေဖော်ထုတ်ပြီး စည်းကမ်းလိုက်နာလာစေရန် ယာဉ်ပြေးဆွဲမှုစနစ်၊ ကြီးကြပ်ကွပ်ကဲမှု၊ အရေးယူအပြစ်ပေးမှု အစရှိသည့် စီမံခန့်ခွဲမှုဆိုင်ရာများတွင် အားနည်းချက်များ ရှိနေပါက ယင်းအားနည်းချက်ကြောင့်ပင် စည်းကမ်းချိုးဖောက်ခြင်းများလည်း ဖြစ်နိုင်ပေသည်။
ယာဉ်လိုင်းများအားလုံးတွင် မော်တော်ယာဉ်တစ်စီးတိုင်းကို ယာဉ်ပိုင်ရှင်ထံမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က နေ့စဉ်ပုတ်ပြတ်စနစ်ဖြင့် ငှားရမ်းပြေးဆွဲနေရခြင်း၊ မ.ထ.သ ခေါ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၏ စီမံခန့်ခွဲမှု အားနည်းစနစ်မကျခြင်းနှင့် ယင်းကော်မတီအား ယာဉ်လိုင်းအများစုက မလိုလားအပ်သော အခွင့်ထူးခံသက်သက် အဖြစ် ရှုမြင်နေခြင်း၊ ယာဉ်လိုင်းပြေးဆွဲသည့် ယာဉ်ကြောများ၊ ဘတ်စ်ကားမှတ်တိုင်များတွင် စည်းကမ်းမဲ့ တက္ကစီများနှင့် လမ်းဘေးဈေးသည်များ ပိတ်ဆို့နေခြင်းကဲ့သို့ ပြဿနာများကို ထည့်သွင်းစဉ်းစားခြင်း မရှိပါက တိုးမြှင့်သော ဒဏ်ကြေးပေးဆောင်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။
ဆိုလိုသည်မှာ သက်ဆိုင်ရာ ဒေသအစိုးရ အနေနှင့် မြို့ပြဆိုင်ရာ အခြေခံအဆောက်အဦများနှင့် ထောင့်စုံအောင် စဉ်းစားရေးဆွဲထားသည့် မျှတသော ဥပဒေတစ်ရပ် အဆင်သင့်မဖြစ်သေးဘဲ စည်းကမ်းဖောက်သော ယာဉ်များအား အပြစ်ဒဏ်တိုးမြှင့်လိုသည့် အချက်တစ်ခုတည်းနှင့် ပြဿနာကို ဖြေရှင်းရန် ကြိုးစားခြင်းကြောင့် ကြိုတင်တွက်ဆမထားသည့် ပြဿနာများ ပေါ်ပေါက်လာရခြင်းကို ဆိုလိုသည်။
လောလောဆယ်အားဖြင့် ယာဉ်လိုင်းများ ဤသို့ ဆန္ဒပြသပိတ်မှောက်ခြင်းကြောင့် မြို့တော်နေ ခရီးသွားပြည်သူများ အခက်အခဲဒုက္ခ မဖြစ်စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံတွင် အရေးပေါ် အစီအစဉ်များ ဥပမာ- အစားထိုး ဘတ်စ်ကားများ ပြေးဆွဲပေးခြင်း၊ မြို့ပတ်ရထားနှင့် ချိတ်ဆက်ပြေးဆွဲသော မြို့နယ်အလိုက် ခေါက်တိုယာဉ်များ စီစဉ်ပေးခြင်းတို့ကို မ.ထ.သ နှင့် ညှိနှိုင်းကာ အချိန်မဆိုင်း လုပ်ဆောင်ပေးရန် တာဝန်ရှိပေသည်။
ဤနေရာတွင် ထပ်မံ၍ အထူးပြုပြောလိုသည်မှာ မြို့ပြများ ဖွံ့ဖြိုးမှုနှင့် မြို့ပြစီမံခန့်ခွဲမှုသည် ပါရဂူအဆင့်အထိ လေ့လာဆည်းပူးနိုင်သည့် ပရော်ဖက်ရှင်နယ် အတတ်ပညာတစ်ခုဖြစ်သည့် အတွက် ဆန်စဉ်ရာ ကျည်ပွေ့လိုက်သည့် ဖြေရှင်းနည်းမျိုးသာ နားလည်သူ၊ ပုံစံကျစကေးကိုက်၊ တစ်ကြောင်းတိုက် သင်ယူလေ့လာခဲ့သူများဖြင့် စီမံခန့်ခွဲနေပါက ပြဿနာတစ်ခုကို ဖြေရှင်းရန် ကြိုးစားတိုင်း ပိုကြီးမားသည့် ပြဿနာတစ်ခုကို ဖန်တီးသကဲ့သို့ဖြစ်ပြီး နောက်ဆုံးတွင် ပြည်သူလူထုသာ အခက်အခဲတွေ့နိုင်သည်ကို အထူးသတိချပ်သင့်ကြောင်း သတိပေး ထောက်ပြလိုရင်း ဖြစ်သည်။
အယ်ဒီတာ (၁၇-၉-၂၀၁၅)
---------------------------
Editorial, The Voice Daily Vol-3/No-140

Post a Comment

 
Top