0


လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ပါတီအား မည်သည့်ပါတီဖြစ်ဖြစ် လက်ခံမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၂၁ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
 
ထို့အပြင် သတင်းထောက်တစ်ဦးက လာမည့်ရွေးကောက်ပွဲတွင် အတိုက်အခံပါတီကြီးတစ်ခုက အနိုင်ရမယ်ဆိုလျှင် ရွေးကောက်ပွဲလွန်ကာလမှာ တပ်မတော်အနေနှင့် အမျိုးသားရင်ကြားစေ့ရေးကို မည်သည့်အခန်းကဏ္ဍမှ ပါဝင်မည်ဆိုသည်ကို သိချင်ပါတယ်ဟု မေးမြန်းခဲ့သည်။
 
အဆိုပါမေးမြန်းချက်အား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ ရွေးကောက်ပွဲမှာ ဘယ်ပါတီပဲနိုင်နိုင် လက်ခံမှာပါ။ ကျွန်တော် ပြောထားတယ်လေ။ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်ဆို လက်ခံမယ်ဆိုတာ ပြောပြီးသားပဲ။ သူ့မှာလည်း ဖွဲ့စည်းပုံက ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ ဆောင်ရွက်ရမှာပါ။ ဖွဲ့စည်းပုံကို ကျော်လွန်ပြီး လုပ်လို့မရပါဘူး။ အခုဆိုရင် ပါတီတွေရဲ့ ဟောပြောချက်တွေကို နားထောင်ပါတယ်။ ပါတီရဲ့ ရည်ရွယ်ချက်တွေ ပြောကြပါတယ်။ ဘယ်သူမှတော့ ဥပဒေကို ကျော်လွန်လို့မရပါဘူး။ 
ဒီလိုပြောလို့ တပ်ချုပ်ကြီးက ဥပဒေသမားကြီး။ အဲဒီလိုလည်း မဟုတ်ပါဘူး။ တိုင်းပြည်လည်းတိုးတက်အောင် ဥပဒေနဲ့အညီ လုပ်တာက အကောင်းဆုံးပါပဲ။ ဒီလိုမျိုးသွားမယ်ဆိုရင် အမျိုးသားရင်ကြားစေ့ရေးကလည်း အဆင်ပြေမှာပါ။ ကျွန်တော်တို့အနေနဲ့ အပြုသဘောဆောင်ပြီး တိုင်းပြည်ကောင်းအောင် လုပ်သွားမှာပါ”ဟု ပြန်လည်ဖြေကြားသည်။
 
ထို့ပြင် လာမည့်ရွေးကောက်ပွဲတွင် တပ်မတော်သားများအား မည်သည့်ပါတီ၊ မည်သူကို မဲထည့်ပါဟု ပြောဆိုထားခြင်းမရှိကြောင်း၊ ဖြစ်သင့်သည့်သူဆိုရင်တော့ စဉ်းစားပြီး ပေးဖို့ ပြောကြောင်း၊ ဖြစ်သင့်သည့်သူ၊ နိုင်ငံတော်ကို ကောင်းအောင်လုပ်မည့်သူ ဖြစ်စေချင်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်မည့်သူဖြစ်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။
 
ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ၂၆ ရာခိုင်နှုန်း အနိုင်ရရင် တပ်မတော် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းပြီး အစိုးရဖွဲ့နိုင်ပြီဟု ပြောထားချက်အပေါ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က“အဲဒီက ဦးလှဆွေပေါ့။ ကျွန်တော်ကြားပါတယ်။ ဒါက သူ့ရဲ့ပုဂ္ဂိုလ်ရေးပြောဆိုချက်ပါ။ ပါတီက ပြောတာလည်း မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့တော့ ရွေးကောက်ပွဲမှာ မဲအများဆုံးနိုင်တဲ့အဖွဲ့က အဆိုပြုလာလိမ့်မယ်လို့ ယူဆပါတယ်။ လုပ်ချင်တိုင်းလုပ်လို့ မရပါဘူး။ ဟုတ်တယ်မလား။ သူ့အစုအဖွဲ့နဲ့သူ ဒုတိယ သမ္မတတွေ တင်လာပြီးတော့ ရွေးကြမှာပါ။ ၅၁ ရာခိုင်နှုန်းနဲ့ တထစ်ချဖြစ်တယ်လို့ မယူဆနိုင်ပါဘူး”ဟု မှတ်ချက်ပြုခဲ့သည်။
 
“ကျွန်တော့်စိတ်ထဲမှာ သတင်းသမားတွေ မေးကြလိမ့်မယ်လို့ ထင်တယ်။ ဘယ်သူမေးတာ မကြားရသေးလို့ အဖြေလည်းမကြားရသေးလို့ ကျွန်တော်ကမေးတာပါ။ အခုရက်ပိုင်း သတင်းစာတွေမှာပေါ့နော်။ တပ်မတော်က အရာရှိကာကွယ်ရေးဦးစီးချုပ်က အစပေါ့နော်။ ဘယ်သူဘယ်ဝါတွေ ဖြစ်လာနိုင်တယ်စသဖြင့် ဝေဖန်ပြောဆိုနေတဲ့ အချက်တွေရှိနေတယ်ပေါ့နော်။ အဲဒါတွေက အရင်ကတော့ စာမျက်နှာပ်ါမှာ တစ်ခါမှမတွေ့ဖူးတဲ့ အကြောင်းအရာတွေ။ အဲဒီတော့ အဲဒီအနေအထားမျိုးတွေနဲ့ ပတ်သက်ရင် တပ်မတော်က ဘယ်လိုအများပြည်သူကို သိသာအောင် ပြောတာဆိုတာတို့၊ သတင်းကို ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအချိန်အခါမျိုးမှာ သတင်းထုတ်ပြန်ပေးဖို့တို့ ဘာတို့ စသဖြင့်ပေါ့။ ဥပမာဆိုပါတော့ တိတိကျကျပြောရရင် ဗိုလ်ချုပ်မှူးကြီးက ၂၀၁၆ မှာဆိုရင် အသက် ၆၀ ပြည့်လို့ အသက်ပြည့်တဲ့အတွက် ပင်စင်ယူတာတို့ လုပ်မလား၊ မလုပ်ဘူးလား။ တပ်မတော်ကျတော့ ဒီထက်မက ပိုနေလို့ရသလား မရဘူးလားစသဖြင့်ပေါ့။ အဲဒါတွေက အများသူငါကြားထဲမှာ တော်တော်စိတ်ဝင်စားတဲ့ ကိစ္စဖြစ်နေပါတယ်။ အဲဒါတွေကို ပြောနိုင်သလောက် ကျွန်တော်တို့ နားလည်အောင် ရေးဖို့သားဖို့ ဝေဖန်ဖို့ထက် ဒီ  Background Knowledge လေးတွေ သိရှိအောင် နည်းနည်းပါးပါး ပြောပေးနိုင်ရင် ကောင်းမယ်လို့ထင်ပါတယ်” ဟု စာနယ်ဇင်းကောင်စီ (ယာယီ) မှ ဦးဖေမြင့်က မေးမြန်းခဲ့သည်။
 
 အဆိုပါမေးမြန်းမှုအပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က“ကျွန်တော်ထင်တယ်။ အဲဒါ ဆဲဗင်းဒေးမှာ ရေးလိုက်တာထင်တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘယ်သူဖြစ်မလဲဆိုပြီးတော့။ ဆဲဗင်းဒေးက ပါလားမသိဘူး။ ဟုတ်ပြီ။ ဒါကတော့ ပုဂ္ဂိုလ်ရေးထင်မြင်ယူဆချက်နဲ့ ရေးတဲ့ကိစ္စပါ။ သူကတော့ အဲဒီလိုသုံးသပ်တာပေါ့။ သတင်းလွတ်လပ်ခွင့်ရှိတော့ ထိခိုက်အောင် မရေးလို့ ကျွန်တော်တို့ ဘာမှမပြောပါဘူး။ ထိခိုက်အောင်ရေးရင်တော့ ကျွန်တော်တို့ Action ယူမှာပေါ့။ တပ်မတော်ရဲ့ စစ်မှုထမ်းစည်းမျဉ်းလေး ပြောချင်ပါတယ်။ နံပါတ် (၁) အချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ သူက နိုင်ငံ့ဝန်ထမ်းဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အပိုဒ်မှာ ပုဒ်မ ၁၅၁ လို့ထင်တယ်။ နိုင်ငံ့ဝန်ထမ်းလို့ဆိုရာမှာ ထူးခြားမှုဝိသေသရှိတဲ့ တပ်မတော်အနေနဲ့ သီးခြားဥပဒေနဲ့ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားတာရှိပါတယ်။ ပုဒ်မ ၁၅၁ ထင်တယ်။ အဲ ၁၉၁။ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် တပ်မတော်၏ လုပ်ငန်းသဘာဝသည် ထူးခြားမှုရှိသည့်အတွက် တပ်မတော်သားများနှင့် တပ်မတော်ဆိုင်ရာများကို တပ်မတော်ဆိုင်ရာ ဥပဒေဖြင့် ဆောင်ရွက်ရမည်ဟု ပါပါတယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေအရ အစောက စစ်ဥပဒေချုပ်ရှင်းပြတဲ့အထဲမှာလည်း ပါပါတယ်။ ၀န်ထမ်းဆိုတဲ့ အဓိပ္ပာယ်ဖွင့်ရာမှာလည်း တပ်မတော်သားဆိုပြီး အဓိပ္ပာယ်ဖွင့်တာတော့ မရှိပါဘူး။ ကျွန်တော်တို့ စစ်မှုထမ်းဥပဒေအရဆိုရင် သာမန်အားဖြင့်တော့ အသက် ၆၀ မှာ အငြိမ်းစားပေးပါတယ်။ ထူးခြားလို့ လိုအပ်ချက်ရှိမယ်ဆိုရင် ဘယ်သူမဆို အသက် ၆၀ ကျော်ပြီး တာဝန်ထမ်းဆောင်ခွင့် ရှိပါတယ်။ ကြာပါပြီ ၁၉၅၉ ကတည်းက ထုတ်ထားတဲ့ အမိန့်တစ်ခုရှိပါတယ်။  အဲဒီအရ ကျွန်တော်တို့ တာဝန်ထမ်းဆောင်လို့ ရတယ်။ ဒါကြောင့် ဘယ်သူဘာဖြစ်မလဲဆိုတာ အခြေအနေအချိန်အခါပေါ် မူတည်ပြီးတော့ ပြောရမယ်လို့ ကျွန်တော်ထင်တယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့က အတိအကျဆိုပြီးမရှိပါဘူး။ ကျွန်တော့်ကိုလည်း ဗိုလ်ချုပ်မှူးကြီးက အသက် ၆၀ ပြည့်တော့မယ် ဘာလုပ်မလဲဆိုပြီးတော့ မေးရင် ဥပဒေအရ အသက် ၆၀ ပြည့်မှာပါလို့ ပြောပါတယ်။ ကျွန်တော်ဘာလို့ မပြောပါဘူး။ ဒါကတော့ ဆဲဗင်းဒေးက ရေးခဲ့တဲ့ဟာကို မူတည်ပြီး ပြောတာပါ။ ဘယ်သူတွေ ဘာတွေဖြစ်မယ်ဆိုတာ အရင်ကတည်းက ကြိုပြောလေ့မရှိပါဘူး။ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်က ထင်တယ်။ ကျွန်တော် တပ်မတော်က အပြောင်းအရွှေ့တွေလုပ်ပါတယ်။ ညကျမှ ဒီအမိန့်ကို အဲဒီနေ့ကျမှ ကျွန်တော်တို့ ထုတ်တာပါ။ ကျွန်တော်တို့ အကြာကြီး ပြင်ဆင်ခဲ့တာပါ။ တချို့ဆို ထင်တာနဲ့ တခြားစီဖြစ်ပါတယ်။ သူတို့ ကာယကံရှင်ကိုယ်တိုင်လည်း တခြားစီဖြစ်ပါတယ်။ အပြင်ကလူတွေလည်း တခြားစီဖြစ်ပါတယ်။ ကျွန်တော်တို့လည်း သူ့နေရာနဲ့သူ သင့်တော်မယ်ထင်တဲ့ဟာ။ တပ်မတော်က တစ်အချက် စွမ်းရည်ရှိတဲ့ တပ်မတော်၊ စွမ်းအားရှိတဲ့ တပ်မတော်ဖြစ်ရေး နောက်ပြီးတော့ ထမ်းဆောင်နိုင်မယ့်သူတွေကို ရွေးချယ်ပြီးတော့ ကျွန်တော်တို့ သုံးလေးယောက်လောက် တိုင်ပင်ပြီးတော့ လုပ်ခဲ့တာပါ။ ဘယ်တုန်းကမှ ကြိုမပြောခဲ့ပါဘူး။ ကျွန်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အချိန်မှာလည်း မျိုးစုံပြောကြတာပဲ။ အဲဒီတုန်းက ကျွန်တော့်ကိုတောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်မယ်လို့ စာရင်းထဲမှာတောင် ထည့်ကို မတွက်ဘူး။ ထည့်မတွက်ခဲ့ကြဘူး။ ဒါပေမဲ့လည်း လူကြီးကတော့ စဉ်းစားထားပြီးသား ရှိမှာပေါ့။ သင့်တော်မယ့်နေရာနဲ့ သင့်တော်မယ့် သူနဲ့ကို ချိန်းပေးတာပဲ။ အဲဒီလိုနဲ့ ကျွန်တော့်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို ပေးခဲ့တာပါ။ တော်လွန်းအားကြီးလို့ရယ်လို့ မဟုတ်ပါဘူး။ ပြောရရင်တော့ ကျွန်တော်တို့က အလုပ်အပေါ်မှာ သစ္စာရှိတယ်၊ ကြိုး စားတယ်။ 
ကျွန်တော် ရိုးရိုးသားသားပြောပါရစေ။ ကျွန်တော်တော်လွန်းလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တာ မဟုတ်ပါဘူး။ကျွန်တော်ကတော့ ဒီအလုပ်ကို ကြိုးစားတယ်။ ဒီလိုပါပဲ နောင်ဖြစ်မယ့်သူက ဒီအပေါ်မှာမူတည်ပြီးတော့ စဉ်းစားမယ်ဆိုတာလေးကို ဖြေချင်ပါတယ်။ ကျွန်တော်ထင်ပါတယ်။တချို့လည်း အနီးစပ်ဆုံးခန့်မှန်းပြီး ပြောကြမှာပေါ့။ လူ ၃၀ လောက်ပဲ ရှိတဲ့အထဲက လေးငါးဆယ်ယောက်လောက်ပဲ ဖြစ်နိုင်တာကိုး။ ဒီလိုတော့ပြောလို့ရတယ်။ ဒါပေမဲ့ ဒီ လေးငါးဆယ်ယောက်ထဲမှာ အသေအချာ သူပဲဆိုတာတော့။ ဘယ်နေရာဖြစ်ဖြစ်ပါ။ ကျွန်တော့်နေရာတင် မဟုတ်ပါဘူး။ မှန်းဖို့ပြုဖို့ကတော့ နည်းနည်းခက်ပါတယ်။ အများကြီး ချိန်ဆရမှာဖြစ်ပါတယ်။ အခြေအနေအချိန်အခါအရ အပြောင်းအလဲဆိုတာ ရှိနိုင်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။
 
Writer: 
ကျော်ဇောလင်း၊ စိုးမင်းထိုက်

http://news-eleven.com/

Post a Comment

 
Top