0


NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၂၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာ၌ ပြုလုပ်သည့် ရွေးကောက်ပွဲ အောင်နိုင်ရေးတွင် ဟောပြောစဉ်
မဲစာရင်း မှန်ကန်ရေးကို အစိုးရက တာဝန်မယူ၍ ပြည်သူများက တာဝန်ယူနေရခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်က စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာ၌ ပြုလုပ်သည့် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “အခု ကျွန်မတို့ရဲ့ ရွေးကောက်ပွဲ။ ရွေးကောက်ပွဲမှာ မဲထည့်ပိုင်ခွင့်ဆိုတာ ၁၈ နှစ်ကျော်တဲ့ နိုင်ငံသူ၊ နိုင်ငံသား အားလုံးရဲ့ အခွင့်အရေး ရရမယ့် အခွင့်အရေး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ပြည်သူ၊ ပြည်သားတွေဟာ ရွေးကောက်ပွဲ မဲဆန္ဒရှင် စာရင်းထဲမှာ ပါနိုင်အောင်လို့ကို အများကြီး ကြိုးစားနေရတယ်။ ရွေးကောက်ပွဲ မဲစာရင်းထဲမှာ ပါနိုင်အောင်လို့ ကိုယ်တိုင် ပြည်သူပြည်သားတွေ တစ်ယောက်ချင်းစီက ကြိုးစားနေရတယ်။ ရင့်ကျက်တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာဆိုရင် ကိုယ့်နာမည် မဲစာရင်းမှာ ပါပါ့မလားလို့ ဘယ်နိုင်ငံသားမှ ပူစရာမလိုဘူး။ ဒီဟာကို အားလုံး အဆင်သင့် ပြင်ထားပေးရမှာ အစိုးရရဲ့ တာဝန်ပဲ။ အဲဒီလို တာဝန်ယူတဲ့ အစိုးရမျိုး ကျွန်မတို့ လိုချင်တာပါလို့ ကျွန်မပြောပါရစေ။ အခုဒီမှာတော့ အစိုးရက တာဝန်မယူတော့ ကျွန်မတို့ ပြည်သူတွေ တာဝန်ယူနေရတယ်။ မဲဆန္ဒရှင် စာရင်းထဲမှာ ကိုယ့်နာမည် ပါအောင်လို့ မှန်မှန်ကန်ကန် ပါအောင်လို့ ပြည်သူများဟာ ကိုယ့်ဘာသာကို ကြိုးစားရတယ်” ဟု  ပြောကြားသည်။

ပြည်သူလူထု တစ်ယောက်ချင်းစီ၏ မဲတစ်ပြားသည် အားလုံး တန်းတူညီတူ တန်ဖိုးရှိပြီး ကိုယ်တိုင် သွားရောက်မဲထည့်ရန်မှာ အင်မတန်မှ အရေးကြီးကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထမံသီ ကျေးရွာ ဒေသခံ ပြည်သူလူထုအား ပြောကြားသည်။
ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာ၌ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်ဟောပြောမှု ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ နိုင်ငံမှာကျတော့ ပြည်သူလူထုက မဲပေးနိုင်အောင် ကိုယ့်ဘာသာကိုယ် ကြိုးစားနေရတဲ့ အဆင့်ပဲ ရှိသေးတော့ ကြိုးစားကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်း ချင်ပါတယ်။ မဲစာရင်းထဲမှာ ပါဖို့အတွက် ကိုယ့်ဟာကိုယ် လုပ်ရမယ်။ ကျွန်မတို့ အဖွဲ့ချုပ်က လုပ်ပေးနိုင်ရင် အားလုံး လုပ်ပေးပါတယ်။ ပြည်သူတွေ အားလုံး မဲပေးနိုင်ဖို့။ ဒါပေမဲ့ ကျွန်မတို့ အဖွဲ့ချုပ် အစိုးရ ဖြစ်လာလို့ရှိ  ရင်တော့ ပြည်သူတွေ မဲပေးနိုင်ဖို့ တာဝန်ကို အစိုးရကပဲ ယူပါ့မယ်လို့ ကျွန်မအခုထဲက ပြောထားပါရစေ” ဟု ပြောကြားသည်။

“အခုချိန်မှာတော့ အစိုးရက တာဝန်မယူဘူး။ တာဝန်မယူဘူး ဆိုတာက အရင်အပတ်တုန်းက ဆိုလို့ရှိရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သူတို့ ရာခိုင်နှုန်း ၃၀ ပဲ တာဝန်ယူနိုင်တယ်လို့ ပြောတယ်။
ရာခိုင်နှုန်း ၃၀ ပဲ တာဝန်ယူတယ် ဆိုတာဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် တာဝန်မယူဘူးဆိုတဲ့ အဓိပ္ပာယ် ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် မဲထည့်ရခြင်းမှာ ရွေးကောက်ပွဲနှင့် ကိုယ်စားလှယ်များ နေရာရရန်အတွက်သာ မဟုတ်ဘဲ ကိုယ့်နိုင်ငံ၊ ကိုယ့်မြို့ ကိုယ့်ကျေးရွာ ကိုယ့်မိသားစု အနာဂတ်များအတွက် ဖြစ်သည်ဆိုသည်ကို ပြည်သူများ သိစေချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထမံသီ ကျေးရွာမှ ဟုမ္မလင်းသို့ ရေလမ်းခရီးဖြင့် ဆက်လက် ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် ဟုမ္မလင်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာ ဟောပြောပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Writer: 
ငြိမ်းကို၊ မျိုးမင်းထက်

http://news-eleven.com/

Post a Comment

 
Top