0


၂၀၁၅ ရွေးကောက်ပွဲအတွက် မဲစာရင်းတွင် အမည်စာရင်း ကျန်ရှိခဲ့မှုများ၊ မှားယွင်းမှုများအား ပြင်ဆင်နိုင်ရန်အတွက် မဲစာရင်း ကြေညာထားမှုသည် စက်တင်ဘာ ၂၇ ရက် (ယနေ့) နောက်ဆုံးဖြစ်သဖြင့် မဲပေးခွင့် မဆုံးရှုံးစေရေး ပြည်သူများ အနေဖြင့် မဲစာရင်း သွားရောက်စစ်ဆေးရန် လိုအပ်မည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲစာရင်းအား ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်နိုင်ရန် စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်ထိ ၁၄ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် သဘာဝ ဘေးအန္တရာယ် ကျရောက်ခဲ့သည့် အချို့ဒေသများတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲစာရင်း ကြေညာချိန်တွင် ကြေညာနိုင်ခြင်း မရှိခြင်း၊ ကြေညာထားသော်လည်း လမ်းပန်းဆက်သွယ်ရေးကြောင့် လာရောက်ကြည့်ရှု စစ်ဆေးနိုင်ခြင်း မရှိခြင်း စသည်တို့ကြောင့် မဲစာရင်း ကြေညာသည့်ရက်အား ယင်းဒေသများတွင် ရက်တိုးမြှင့်ထားသည်။

ပထမအကြိမ် အခြေခံမဲစာရင်း ကြေညာချိန်က မိသားစုအလိုက် တစုတစည်းထဲ မဲစာရင်းတွင် အမည်စာရင်း ပါဝင်ခဲ့ပြီး အမည်စာရင်း ကျန်ရှိခဲ့မှုများ၊ အချက်အလက် မှားယွင်းမှုများ၊ သေဆုံးသူများ၏ အမည်စာရင်း ပါဝင်နေမှုအား ပယ်ဖျက်ခြင်း စသည်တို့ကို သက်ဆိုင်ရာ ကာယကံရှင် မဲဆန္ဒရှင်များက ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ယခုထပ်မံ ထုတ်ပြန်သည့် ဒုတိယအကြိမ် မဲစာရင်းတွင် ပထမအကြိမ်က မှားယွင်း၍ ပြင်ဆင်ထားသူများသည် အဆိုပါ အမှားများအတိုင်း ပြန်လည်ပါဝင်လာခြင်း၊ အမည်စာရင်း ကျန်ရှိခဲ့သူအချို့ ရှိခြင်း၊ ယခင်အကြိမ်က မှားယွင်းမှု မရှိသော အချို့မဲဆန္ဒရှင်များသည် ယခုအကြိမ်တွင် မှားယွင်းမှုများ ဖြစ်ပေါ်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အပြင် မဲစာရင်း အမှတ်စဉ်ရာတွင်လည်း ပထမအကြိမ်က မိသားစုအလိုက် တစုတစည်းတည်း ရှိရာမှ ဒုတိယအကြိမ်တွင် လမ်းအလိုက်၊ အမည်အက္ခရာစဉ် အလိုက်စီ၍ ကြေညာသဖြင့် မဲစာရင်း ကြည့်ရှုရန် ရှာဖွေရာ၌ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။

“ကျွန်တော်က အရင်အရှေ့ဒဂုံမှာနေတော့ အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) က အရှေ့ဒဂုံမှာ။ ဒါပေမဲ့ အခု မြောက်ဒဂုံမှာ နေတယ်။ တစ်နေ့က ကျွန်တော် မဲစာရင်းကို အရှေ့ဒဂုံမှာ သွားစစ်တာ မပါဘူး။ ဘာလို့ မပါလဲ မေးတော့ လမ်းထဲမှာ အမည်စာရင်း လိုက်ကောက်တုန်းက မရှိလို့ဖြစ်မယ်လို့ ပြန်ပြောတယ်။ အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/ ၆) က လ၀ကစာရင်းကို အခြေခံတယ်ဆိုရင် လူရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ အမည်စာရင်း ပါရမယ်လို့ ပြောရတယ်။ ဆိုလိုတာက အဲဒီလိုဟာမျိုးတွေက ကျွန်တော်တို့ ပညာပေးလုပ်ငန်း တောက်လျှောက်လုပ်လာတဲ့ သူတွေက ဒီဖြစ်စဉ်ကို သိသော်လည်းပဲ တော်တော်များများ ပြည်သူတွေက အသေးစိတ် သိချင်မှသိမှာ။ သူတို့ရဲ့လုပ်နည်းလုပ်ဟန်လေးမှာ တော်တော်လေး အားနည်းတာကို သွားတွေ့ရတယ်။ တစ်နိုင်ငံလုံး အနေအထားနဲ့ဆိုရင် တော်တော်လေး အခြေအနေ မကောင်းတဲ့ပုံစံ” ဟု မဲစာရင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် Horn Bill အဖွဲ့မှ ကိုချန်လျန်းက ပြောကြားသည်။

ယခု ကြေညာသည့် မဲစာရင်းသည် ရွေးကောက်ပွဲ မတိုင်မီ မိမိအမည်စာရင်းအား မဲစာရင်းတွင် ပါဝင်ရေး ဆောင်ရွက်ရန်အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်သည်။

ပြည်သူများ အနေဖြင့် မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ (၃) ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အချက်အလက်များ မှားနေလျှင် ပုံစံ(၄)(ဂ) ဖြင့် လျှောက်ထားရမည်ဖြစ်ကာ မဲစာရင်းတွင် မပါဝင်သင့်သူများ ဥပမာအားဖြင့် ကွယ်လွန်ပြီးသူများ၊ ထောင်ကျနေသူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်နိုင်သည်။

သို့ရာတွင် အခြားမြို့နယ်တစ်ခု၌ ခေတ္တလာရောက် နေထိုင်သူများ၏ မဲစာရင်းများသည် မိမိတို့ အမြဲတမ်းနေထိုင်သည့် အိမ်ထောင်စုစာရင်း လ၀ကပုံစံ (၆၆/၆) (အရပ်အခေါ် သန်းခေါင်စာရင်း) ရှိသော  မြို့နယ်မှ မဲစာရင်းတွင်သာ ပါဝင်မည် ဖြစ်သည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိ မူလအိမ်ထောင်စုစာရင်း ရှိနေသည့် မြို့နယ်တွင် မဲစာရင်းကပ်ထားပါက မိမိအမည်စာရင်း ပါ၊ မပါ သွားရောက် ကြည့်ရှုရန် လိုအပ်မည် ဖြစ်သည်။

ထိုသို့ မိမိမူလအိမ်ထောင်စုစာရင်းရှိသည့် နေရာဒေသတွင် မဲစာရင်းစစ်ဆေးပြီး  မဲစာရင်း ပါဝင်မှန်ကန်ကြောင်း အတည်ပြု စစ်ဆေးပြီးသော်လည်း အဆိုပါ နေရာမှ အခြားမဲဆန္ဒနယ် ဒေသတစ်ခုသို့ ရက်ပေါင်း ၁၈၀ အထက် ရောက်ရှိနေထိုင်နေပြီး ရွေးကောက်ပွဲ၌ မိမိမဲဆန္ဒနယ်သို့ ပြန်လည်မဲပေးခြင်း မပြုလိုဘဲ ရောက်ရှိနေသည့် နေရာဒေသရှိ မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးလိုပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ပုံစံ (၃-က) ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အဆိုပါ ပုံစံ (၃-က) ဖြင့် လျှောက်ထားရမည့် နောက်ဆုံးရက်မှာ အောက်တိုဘာ ၁၀ ရက် ဖြစ်သည်။

ယင်းကဲ့သို့ ပုံစံ (၃-က) ဖြင့် မလျှောက်ထားပါက ရွေးကောက်ပွဲနေ့တွင် မိမိမဲစာရင်းရှိသည့် ဒေသသို့ ပြန်လည်သွားရောက် မဲပေးမှသာ မဲပေးခွင့် ရရှိမည်ဖြစ်သည်။
Writer: 
ကျော်ဇင်ဝင်း
http://news-eleven.com/

Post a Comment

 
Top