0


ရှမ်းပြည်နယ် မူဆယ်ခရိုင် အတွင်းရှိ ကွတ်ခိုင်မြို့နယ် ဟိုအက် ကျေးရွာအုပ်စုနှင့် မုန်းပေါ ကျေးရွာအုပ်စုတို့တွင် စက်တင်ဘာ ၁၄ ရက်က မဲစာရင်းများ ကပ်ထား ကြေညာခဲ့ရာ စက်တင်ဘာ ၁၆ ရက် ညနေ ၆ နာရီက ဟိုအက် ကျေးရွာအုပ်စု၊ စက်တင်ဘာ ၁၆ ရက် ည ၁၀ နာရီက မုန်းပေါ ကျေးရွာအုပ်စုသို့  လက်နက်ကိုင် အဖွဲ့အချို့ ရောက်ရှိလာပြီး မဲစာရင်းများ ကပ်ထား ကြေညာခြင်း မပြုရန်
တားမြစ်ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

ထိုသို့ မဲစာရင်း ကပ်ထားကြေညာခြင်း မပြုရန် တားမြစ်ခဲ့မှုနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ စက်တင်ဘာ ၁၇ ရက်က တင်ပြထားကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ အရာရှိ ဦးသန်းလွင်မြင့်က စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင် ပြောကြားသည်။

ဦးသန်းလွင်မြင့်က “ ၁၄ ရက်က မဲစာရင်း ကပ်ထားတယ်။ ၁၆ ရက် ညနေ ၆ နာရီ ကျတော့ ဟိုအက်ရွာမှာ၊ အဲဒါပြီးတော့ မုန်းပေါက ၁၆ ရက် ည ၁၀ နာရီလောက်မှာ လာပြီးတော့ မဲစာရင်း မကပ်ရဘူး ဘာညာဆိုပြီးတော့ အုပ်ချုပ်ရေးမှူးကို ပြောတာပေါ့လေ။ အုပ်ချုပ်ရေးမှူးက သူတို့လည်း ကပ်ထားတဲ့ မဲစာရင်းကို မကပ်ရဲတော့ဘဲနဲ့ ခွာပြီးတော့ သိမ်းထားတဲ့ အခြေအနေပါ။ တစ်ဖွဲ့ကတော့
ကေအိုင်အေလို့ ပြောတယ်ဗျ။ နောက်တစ်ဖွဲ့ကတော့ လက်နက်ကိုင်တော့ လက်နက်ကိုင်ပေါ့လေ။ သူတို့လည်း မပြောရဲလို့လား ဘာလားတော့ မသိဘူး။ ဘယ်အဖွဲ့မှန်းတော့ မသိဘူး။ အုပ်ချုပ်ရေးမှူးဆီမှာတော့ မဲစာရင်းက ပို့ထားပြီးသားဆိုတော့ နောက်ပိုင်း အခြေအနေ ဆက်ကြည့်ရမှာပေါ့။ အခြေအနေ ဆက်ဆိုးလာလို့ရှိရင် ကျွန်တော်တို့ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရမှာပေါ့ ” ဟု ပြောကြားသည်။

ဆက်လက်၍ ၎င်းက “ လက်ရှိ မဲစာရင်း ကပ်ထားတာကို မကပ်ပါနဲ့လို့ပြောတာ အဲဒီနှစ်ရွာပဲ ရှိတယ်။ မကပ်နိုင်တဲ့ နေရာတွေကိုတော့ အစောကြီး ကတည်းက မကပ်ထားတာပေါ့လေ။ မဲစာရင်း မပြုစုနိုင်တဲ့ နေရာကတော့။ မဲစာရင်း မပြုစုနိုင်တာက“ ၀ ” ဒေသမှာရှိတဲ့ ပန်ဆန်းတို့၊ ပန်ဝိုင်တို့၊ မိုင်းမောတို့ စတဲ့နေရာတွေမှာ အစောကတည်းက မဲစာရင်း မပြုစုနိုင်တာပေါ့။ မိုင်းလားမှာလည်း အချို့ရွာတွေ ရှိတာပေါ့ ” ဟု ပြောကြားသည်။
http://news-eleven.com/

Post a Comment

 
Top