စက်တင်ဘာလ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာထားသည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီများသည် စက်တင်ဘာ ၈ ရက်မှ စတင်၍ မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မြို့ကြီးအချို့တွင် အောင်နိုင်ရေးရုံးခန်းများ ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်ချိတ်ခြင်း၊ စတစ်ကာကပ် လှုပ်ရှားမှုများပြုလုပ်ခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်းများကိုပြုလုပ်ခြင်းဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးမှုကို စတင်လိုက်ခြင်းဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီများ၏ မဲဆွယ်စည်းရုံးရေးကာလကို စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားသည်။
နိုင်ငံရေးမဲဆွယ်မှုဟူသည် သက်ဆိုင်ရာ အုပ်စုတစ်စုအတွင်း ဆုံးဖြတ်ချက် ချမှတ်ရေးလုပ်ငန်းစဉ်ကို သြဇာသက်ရောက်ရန် ကြိုးပမ်းသည့် စည်းရုံးလှုပ်ရှားသော အားထုတ်မှုတစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးမဲဆွယ်မှုဟူသည် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်မှုများကို ရည်ညွှန်းလေ့ရှိသည်။ ခေတ်သစ်နိုင်ငံရေးလောကတွင် အမြင့်ဆုံး နိုင်ငံရေးမဲဆွယ်မှုဟူသည် နိုင်ငံတော်အကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ (သမ္မတသို့မဟုတ်ဝန်ကြီးချုပ်) နေရာတွင် ၀င်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်မှုဖြစ်သည်။
ရွေးကောက်ပွဲမဲဆွယ်မှုများနှင့် ပတ်သက်သော မက်ဆေ့ခ်ျပေးမှုတွင် ကိုယ်စားလှယ်လောင်းအနေဖြင့် မဲဆန္ဒရှင် ပြည်သူများနှင့် မျှဝေခံစားလိုသော သို့မဟုတ် တူညီသော စိတ်ကူးသဘောထားများ ပါဝင်သည်။ နိုင်ငံရေးဆိုင်ရာနေရာတစ်ခုအတွက် ယှဉ်ပြိုင်သည့်အခါ ကိုယ်စားလှယ်လောင်း၏ စိတ်ကူးသဘောထားများကို သဘောတူသူများက အဆိုပါကိုယ်စားလှယ်လောင်းကို မဲပေးမည်ဖြစ်သည်။ အဆိုပါ မဲဆွယ်မှုဆိုင်ရာ မက်ဆေ့ခ်ျပေးမှုတွင် မူဝါဒရေးရာအကြောင်းအရာနှင့်ပတ်သက်၍ ထောက်ပြပြောဆိုစရာ အချက် အလက်များစွာ ပါဝင်သည်။ ယင်းထောက်ပြပြောဆိုစရာ အချက်အလက်များသည် ပင်မ စိတ်ကူးသဘောထားများကို အကျဉ်းချုပ်ထုတ်နုတ်ထားခြင်းဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ၏ စိတ်ထဲကြာရှည်ခံအောင် ကြိမ်ဖန်များစွာ ထပ်တလဲလဲ ပြောဆိုရမည်ဖြစ်သည်။
ရွေးကောက်ပွဲများစွာတို့တွင် အတိုက်အခံပါတီသည် အထက်ပါထောက်ပြပြောဆိုစရာ အချက်အလက်များနှင့်မပတ်သက်သောမူဝါဒ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းထုတ်မှုများကို ဖော်ဆောင်လျက် မိမိ၏ ကိုယ်စားလှယ်လောင်းကို အထက်ဖော်ပြပါ မက်ဆေ့ခ်ျပေးမှုထဲမှ ဆွဲထုတ်ရန် ကြိုးပမ်းလေ့ရှိကြသည်။ ရွေးကောက်ပွဲမဲဆွယ်မှု အများစုသည် မိမိတို့အား မဲပေးရန် အလားအလာ အကောင်းဆုံးမဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ရန်အတွက် ကျယ်ပြန့်သော မက်ဆေ့ခ်ျကို ပြောဆိုခြင်းအား ပိုမိုနှစ်သက်ကြသည်။ မိမိပေးလိုသည့် မက်ဆေ့ခ်ျသည် ကျဉ်းမြောင်းလွန်းပါက မဲဆန္ဒရှင် ပြည်သူများအား စိတ် ပျက်သွားစေနိုင်ပြီး ယင်းကို အသေးစိတ် ထပ်မံရှင်းပြခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများကို စိတ်ဝင်စားမှု လျော့ကျသွားစေနိုင်သည်။
ဥပမာအားဖြင့် ၂၀၀၈ ခုနှစ်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်ရာ၌ ဂျွန်မက်ကိန်းသည် မူလက သူ၏မျိုးချစ်ဝါဒနှင့် နိုင်ငံရေးအတွေ့အကြုံများအပေါ် အခြေပြုထားသော မက်ဆေ့ခ်ျတစ်ရပ်ကို အသုံးပြုခဲ့သည်။ “နိုင်ငံတော်သည် ပထမ” ဟူသည့် သူ၏မက်ဆေ့ခ်ျသည် နောက်ပိုင်း၌ “တစ်မူထူးခြားသူ” ဟူသည့် မိမိကိုယ်မိမိ ဇောင်းတင်မှုဆီသို့ ပြောင်းလဲသွားခဲ့သည်။ ဘာရက်အိုဘားမားသည် မဲဆွယ်မှုတစ်လျှောက်လုံး “ပြောင်းလဲမှု” ဟူသည့် ရိုးရှင်းသောမက်ဆေ့ခ်ျကိုသာ သုံးစွဲခဲ့သည်။ အိုဘားမားသည် သူ၏ မက်ဆေ့ခ်ျကို စေ့စပ်သေချာစွာ ဖန်တီးထားသည့်တိုင် ရွေးကောက်ပွဲတွင် အနိုင်ရ မည်ဟု အာမခံချက်မရှိခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ အနိုင်ရရှိလိုသော ကိုယ်စားလှယ်လောင်းတစ်ဦးသည် မက်ဆေ့ခ်ျတစ်ခုတည်းကိုသာ အထပ်ထပ် မွမ်းမံရမည်ဖြစ်ပြီး ယင်းကို မိမိအနိုင်ရရှိပါက မိမိ၏မူဝါဒအဖြစ် အကောင်အထည်ဖော်ရ မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
Eleven Media Group
Post a Comment