ညောင်ဦးမြို့နယ်၊ လက်ထုပ်ကျေးရွာမှာ မွေးကင်းစ ကလေးငယ်တစ်ဦး စွန့်ပစ်ထား ခြင်းခံရပါတယ်။ စွန့်ပစ်ခံရတဲ့ ကလေးငယ်ကို ဒေသခံတွေဖြစ်တဲ့ ဦးမျိုးမင်း၊ ဒေါ်ပေါဋ္ဌေး ဇနီးမောင်နှံတို့က သနားကရုဏာသက်ပြီး မွေးစားခဲ့ပါတယ်။ ဦးမျိုးမင်းနဲ့ ဒေါ်ပေါ်ဌေးမှာ သားသမီး ခုနစ်ဦး ရှိပါတယ်။ ဒီကလေးငယ်ကို သြဂုတ်လ(၂၃)ရက် ည(၈)နာရီခန့်က လူနေ အိမ်ဝိုင်းအတွင်းမှာ တွေ့ရှိခဲ့တာပါ။ စွန့်ပစ်ခံရ တဲ့ သမီးငယ်လးရဲ့ ကျန်းမာရေးကောင်းမွန် ကြောင်း မွေးစားမိခင်ဒေါ်ပေါ်ဌေးက The Messenger Media ကို ပြောပါတယ်။ ဒေါ်ပေါ်ဌေးနဲ့ မေး မြန်းချက် အပြည့်အစုံကို စာဖတ်ပရိသတ်များအတွက် ဖော်ပြလိုက်ပါ တယ်။
ကလေးတစ်ယောက်မွေးစားထားတယ်ဆို တာနဲ့ပတ်သတ်ပြီး နည်းနည်းလောက်မေး ချင်လို့ပါခင်ဗျ။ အချိန်လေးများ ပေးနိုင်မလား မသိဘူးခင်ဗျ။
ဟုတ်ကဲ့ အဆင်ပြေပါတယ်၊ မေးပါ။
သမီးလေးနေကောင်းရဲ့လားမသိဘူးဗျ။
ကောင်းပါတယ်။
အခုဆိုသူဘယ်နှစ်ရက်သားလောက်ရောက် သွားပြီလဲမသိဘူး။
(၂၁)ရက်နေ့ကလို့ ကျွန်မစိတ်ထဲမှာ ခန့်မှန်းထားတယ်။ ကျွန်မလက်ထဲကို ရောက် တာ (၂၃)ရက်နေ့က ရောက်တာ။
ခန့်မှန်းခြေသူဘယ်လောက်ရောက်သွားပြီ လဲခင်ဗျ။
ဒီနေ့ဆိုရင် ကျွန်ဆီမှာရောက်တာ (၁၄) ရက်ကျော်သွားပြီ ပေါ့နော်။
အခုသူ့ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိလဲ။
ကျန်းမာရေးအခြေအနေကတော့ ကျွန်မအထင် ဒီကလေးလေးက ခွဲမွေးပေး ထားတယ်လို့ ယူဆတယ်။ အဲလိုယူဆထားတာ ဆိုတော့ ကလေးကျန်းမာရေးက အထူးဂရု စိုက်နေရတာပေါ့။
ဒါပေမဲ့လည်း ကလေးကိုရင်ခွင်လေးထဲ ဖက်ထားပြီးတော့ ညညကိုသိပ်တာဆိုတော့ နည်းနည်း အပူဓာတ်လေးရလာပြီးတော့ နို့ လေးစို့တာ တော်တော်လေးမှန်သွားတော့
ဆေးခန်းမပြဖြစ်တာ။
ဟုတ်ကဲ့ သူ့ရဲ့ကိုယ်အလေးချိန်တွေရော တက်လာ ပြီလား ခင်ဗျ။
ကိုယ်အလေးချိန် ဒီဘက်ကျတော့ မချိန်မိဘူး။ ရောက်တဲ့နေ့ကချိန်တာ နှစ်ပေါင် နဲ့ (၁၂)အောင်စရှိတယ်။
အခုသူ့ကို ဆရာဝန်တွေ ဘာတွေရော ပြကြည့်သေး လားဗျ။
ကျွန်မ လုံးဝမပြမိဘူး။ ပြတော့ ပြချင် တယ်။ ဒါပေမဲ့ ကလေးရဲ့အခြေ အနေကိုကြည့် လိုက်တော့ နို့စို့လည်းမှန်သွားတယ်။ကျွန်မ လက်ထဲရောက်တဲ့ သုံးရက်မြောက်ကတော့ အဲဒီထိတော့သွားမပြဖြစ်ဘူး။
ရွာအနီးနားမှာရော ဒေသ္တရဆေးပေးခန်းတွေ ဘာတွေမရှိဘူးလား။
ဆေးပေးခန်းကတော့ရှိပါတယ်။ လာတော့ ကြည့်တယ်။ ကလေးကကျန်းမာရေး ကောင်းပါတယ်လို့ပဲ ပြောပြီးတော့ ပြန်ပြန် သွားတာ။
သူ့ကို လိုအပ်တဲ့ကာကွယ်ဆေးတွေရော ထိုးပြီး သွားပြီလား ခင်ဗျ။
ကလေးကနုနုလေးလေ ကာကွယ်ဆေး ဆိုတာ တစ်လခွဲ နှစ်လခွဲလောက်မှ စထိုးရတာ လေ။ ကလေးက အခုဟာက ရက်သားပိုင်းလေး ပဲ ရှိသေးတယ်။
ဒေါ်ပေါ်ဌေးတို့မှာရော သားသမီးနောက်ခံရှိလား။
ကျွန်မက သားသမီးခုနစ်ယောက်ရှိ တယ်။
ဒီကလေးလေးကို မွေးဖို့ ဘယ်လိုစိတ်ကူး ပေါက် သွားတာလဲ။
ကျွန်မ ရိုးရှင်းစွာပြောမယ်ဆိုရင် ကျွန်မ က ကလေးလိုအပ်တဲ့သူ မဟုတ်ဘူးလေ။ လိုအပ်တဲ့သူမဟုတ်တော့ လိုချင်တဲ့သူရှိရင် ပေးမယ်လို့ ပြောလိုက်မိတယ်။ အခု ကိုယ့် လက်ထဲမှာ ပြုစုပြီးကြတော့ အိမ်ကသားကြီး တွေကရော၊ အမေရယ် ဒီကလေးလေးကို ပထမ မိဘကမှ စွန့်ပစ်လိုက်လို့ ကိုယ့်ဆီ ရောက်လာတာ ဒုတိယမိဘက သူများဆီပေး လိုက်မယ်ဆိုရင်တော့ ဒီကလေးလေးရဲ့ဘဝကို မတွေးရဲတော့ဘူး အမေရယ်တဲ့။
အဲဒါနဲ့ ကိုယ့်ထက်နိမ့်တဲ့သူများပေးမိရင် ပိုဆိုးမယ်ပေါ့။ ကိုယ်လိုလူတောင်မှေ ဒီ ကလေးလေးတစ်ယောက်ကို တော်တော် မွေး ပြီး နေရမှာတဲ့။ ကိုယ့်ထက်နိမ့်ကျတဲ့သူများပေးလိုက်ရင် သားသမီးကိုမပြုစုတတ်ရင် ကလေးလေး သေမှာတဲ့။ သားတို့ လုပ်ကျွေးပါ မယ်တဲ့။ သားသမီးခုနှစ်ယောက်လုံးက တာဝန် ယူပါတယ်တဲ့။ ကလေးလေးကို သူတို့ကလည်း သံယောဇဉ်ရှိနေတာ ကျွန်မလည်း ဘယ်သူမှ မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တာ။
ကလေးလေးကိုရော နာမည်ပေးပြီးပြီလား။
ဟုတ်။ ကျွန်မကတော့ ကြာသပတေး၊ သောကြာနေ့လောက်က စရောက်တာဖြစ်တဲ့ အတွက် သောကြာနေ့လေးထားပြီးတော့ နာမည်လေး ပေးမယ်ပေါ့လေ။ မစဉ်းစားမိ သေးဘူး။ တစ်မျိုးတည်းပေးဖို့ပါ လူတစ် ယောက်တည်းလည်း နာမည်တွေ သုံးမျိုး လောက်ဖြစ်နေမှာ စိုးလို့ပါ။
အခုကလေးလေးကိုကြည့်ရတာ ရောက်တုန်း အခြေအနေကနဲ့ အခုလက်ရှိ ရောက်နေတဲ့ အခြေအနေမှာ အားရစရာ ကောင်းလား။ သူ့ရဲ့ ကျန်းမာရေး သူ့ရဲ့လှုပ်ရှားမှု။
တိုးတက်တယ်။ ရောက်ခါစတုန်းက ဆိုရင် အသားလေးကမည်းနေတယ်။ အခုကျ တော့ အသားလေးတွေက ရဲတွတ်နေပြီ။ နို့စို့ တာလည်း ပုံမှန်ဖြစ်နေပြီ။ ပြီး အားဆေးတွေ လည်း တွဲပေးတယ်။
အခုက ကလေးလေးတွေကို စွန့်ပစ်နေတာ တွေ့ရတယ်။ မိခင်တစ်ယောက်လဲဖြစ်တယ်။ စွန့်ပစ်ကလေးလေးကို မွေးစားတဲ့ အမေတစ် ယောက်အနေနဲ့ရော ဘာများပြောချင်ပါ သလဲခင်ဗျ။
ကျွန်မကတော့ လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ရယ် သားသမီးချင်း ကိုယ်ချင်းစာနာတဲ့ အနေနဲ့ရော မိခင်စိတ် မွေးပြီးတော့ သူ့ကိုမွေးစားလိုက်တာပါ။ ဒီ ကလေးကို နောက်တစ်ချိန်မှာ ဒါ ကျွန်မသား သမီးပါ။ မိဘတွေက အဆင်မပြေတော့ သမီး လေးနဲ့ ခွဲလိုက်ပါတယ်ဆိုတဲ့ အမေရင်း များ ရှိခဲ့ရင် ကျွန်မပြန်ပေးမှာ။ မိခင်အရင်း မဟုတ်ဘဲ တစ်ခြားလူကို ကျွန်မ မပေးပါဘူး။
အခု ကလေးကိုမွေးပြီး စွန့်ပစ်တဲ့အပေါ်မှာရော ဘာပြောချင်ပါသလဲခင်ဗျ။
ရိုင်းရိုင်းစိုင်းစိုင်းတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ လူတချို့မှာ အခက်အခဲတွေရှိကြမှာ ပေါ့။ ရင်မဆိုင်နိုင်တဲ့ အခက်အခဲရှိလို့ သူဒီ လိုစွန့်တယ်လို့ပဲ ကျွန်မယူဆပါတယ်။ သား သမီးချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ပါ။ ကျွန်မတို့ကလည်း အခက်အခဲများစွာနဲ့ ကိုယ့် သားသမီးခုနှစ်ယောက်၊ ရှစ်ယောက်ကို မွေး ဖွားလာခဲ့တာပါ။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။ မိသားစုရော၊ ကလေးရော ကျန်းမာပါစေ လို့ ဆုတောင်းပါတယ် ခင်ဗျ။
ဟုတ်ကဲ့ပါ လိုအပ်ရင်လဲမေးပါ။
ကလေးလေးကို စေတနာ မေတ္တာတွေပိုပြီး ကျွန်မယောင်္ကျားကအစ အနှီးဝတ်တွေ လျှော်ပေး အကုန်ဆောင်ရွက်ပေးနေတာပါ။ ကလေးလေးကို အသနားတွေပိုပြီး တော့ပါ။
ကျေးဇူးတင်ပါတယ်။
The Messenger
Messenger News Journal

Post a Comment