0

၂၀၀၀ ပြည့်နှစ်အစောပိုင်းနှစ်များတွင် တရုတ်နိုင်ငံ၏ ကုန်ကြမ်းဝယ်ယူမှု တိုးမြင့်လာခြင်းက သဘာဝသယံဇာတကြွယ်ဝသည့်နိုင်ငံများတွင် ကုန်သွယ်မှုမြင့်တက်စေခဲ့သည်။ ထိုကဲ့သို့ နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ပုံမှန်တိုးတက်ခဲ့ပြီး ယခုအခါ တွင် မြန်မာနိုင်ငံ၏ သွင်းကုန် ၄၀ ရာခိုင်နှုန်းနှင့် ပို့ကုန် ၁၅ ရာခိုင်နှုန်းမှာ တရုတ်နှင့် ကုန်သွယ်မှုဖြစ်သည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် WTO သို့ မြန်မာအစိုးရက ပေးပို့ခဲ့သည့် အချက်အလက်များအရ ၂၀၀၅ မှ ၂၀၁၂ အတွင်း မြန်မာနိုင်ငံတွင် အတည်ပြု လုပ်ကိုင်ခွင့်ရခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ၆၀ ရာခိုင်နှုန်းမှာ (ဟောင်ကောင်အပါအ၀င်) တရုတ်နိုင်ငံမှဖြစ်သည်။ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၄ ဘီလီယံကျော်ရှိပြီး အများစုမှာ စွမ်းအင်နှင့် သတ္တုတွင်ဖြစ်သည်။
ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်ဈေးကွက်တွင် ၀ယ်လိုအား ကျဆင်းခြင်းနှင့် ရှယ်ယာဈေးကွက် ပြိုလဲခြင်းတို့က သဘာဝသယံဇာတများ အပေါ် မှီခိုနေရသည့် မြန်မာ့စီးပွားရေးတွင် စိုးရိမ်မှုများမြင့်လာစေသည်။ တရုတ်စီးပွားရေး နှေးကွေးလာမှု၏ သက်ေ၇ာက်မှုအကျိုးဆက်အချို့ကို စွမ်းအင်နှင့် သတ္တုတွင်းကဏ္ဍတွင် မြင်တွေ့နေရပြီဖြစ်သည်။
တရုတ်နိုင်ငံ၏ ၀ယ်လိုအားကျဆင်းမှုကြောင့် စွမ်းအင်ဈေးနှုန်းများ ကျဆင်း ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ကဏ္ဍတွင် တင်ပို့မှုတိုးမြင့် ခဲ့သော်လည်း ၀င်ငွေမှာ မတိုးနိုင်ဘဲဖြစ်နေသည်။ ၂၀၁၃ မှစ၍ မြန်မာနိုင်ငံ မှ တရုတ်ထံတင်ပို့မှု သိသိသာသာတိုးမြင့်ခဲ့သည့် သံဖြူတငိပို့မှုမှာလည်း တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းမှုကြောင့် အားနည်းလာခဲ့သည်။
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ၏ အရင်းအနှီးစီးဝင်းမှုမှာလည်း ခြိမ်းခြောက် ခံနေရသည်။ ၂၀၁၄ တွင် မြန်မာနိုင်ငံ၌ အများဆုံးရင်းနှီးမြှုပ်နှံသူနေရာကို စင်ကာပူနိုင်ငံက တရုတ်နိုင်ငံအား ကျော်ဖြတ်ရယူခဲ့သည်။
တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍတွင် ရလဒ်များမကောင်းခြင်း ကိုလည်း လေ့လာသူများက စိုးရိမ်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ ပထမဆုံး ဘဏ်ခွဲ ဖွင့်လှစ်ခဲ့သည့် တရုတ်ဘဏ်ဖြစ်သော တရုတ်စက်မှုနှင့် စီးပွားရေးဘဏ် (ICBC) ၏ ပိုင်ဆိုင်မှုများ တန်ဖိုးကျလာခြင်းကိုလည်း စိုးရိမ်လျက်ရှိသည်။
နှစ်နိုင်ငံဆက်ဆံရေးမှာ နှစ်နိုင်ငံလုံးအတွက် အရေးပါနေဆဲဖြစ်သော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း ဆက်ဆံရေး ထိခိုက်စေသည့် အဖြစ်များ ပေါ်ပေါက် ခဲ့သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘေဂျင်းက ဖိတ်ခေါ်ခဲ့ခြင်းအား နေပြည်တော်က မကျေမနပ် ဖြစ်ခဲ့သည်။ ရေရှည်တွင် မူ မြန်မာနိုင်ငံသည် ဘေဂျင်း၏ စီးပွားရေးနှင့် ပထ၀ီနိုင်ငံရေးမျှော်လင့်ချက်များ အတွက် အရေးပါနေဆဲဖြစ်သည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်း ဖျက်သိမ်း ခဲ့သော်လည်း တရုတ်မဟာဗျူဟာရေးဆွဲသူများမှာ မဟာဗျူဟာအရ အန္တရာယ်များသော မလက္ကာရေလက်ကြား ကို ရှောင်ကွင်းနိုင် သည့် ရွေးချယ်စရာ အဖြစ် ဘင်္ဂလားပင်လယ်အော် မှ မြန်မာနိုင်ငံ ကို ဖြတ်ကျော်ကာ ကုန်းလမ်းဖြင့်ဆက်သွယ် ၍ မျှော်လင့်နေ ဆဲဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့နှင့် အခြားအခြေခံ ကုန်ကြမ်းများ တင်ပို့သူဖြစ်သဖြင့် တရုတ်နိုင်ငံအနောက်ပိုင်းရှိ ကုန်းတွင်းပိုင်းဒေသများ ဖွံ့ဖြိုးရေးအတွက် အရေးပါသည်။
တရုတ်ဖွံ့ဖြိုးမှု နှေးကွေးလာချိန်တွင် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးရန် မှာ မြန်မာ အစိုးရက ပထ၀ီနိုင်ငံရေးအခြေအနေပေါ်တွင် လက်တွေ့ကျကျ ရွှေ့ပြောင်းလှုပ်ရှားနိုင်စွမ်းပေါ် မူတည်နေသည်။ တရုတ်နိုင်ငံ သည် ယခုအခါ မြန်မာစီးပွားရေးအပေါ် တစ်ဦးတည်း လက်ဝါးကြီးအုပ် လွှမ်းမိုးနိုင်သူမဟုတ်တော့ပေ။
တစ်ချိန်တည်းတွင် မြန်မာအစိုးရသည် ပိုမိုကျယ်ပြန့်သည့် စီးပွားရေး မိတ်ဖက်များ ရရှိနိုင်ရန် စည်းမျဉ်းစည်းကမ်းနှင့် နိုင်ငံရေး ပြောင်းလဲမှု များပြုလုပ်ရန် ဖိအားပေးခံနေရသည်။ အမေရိကန်၊ အီးယူ၊ ဂျပန်၊ သြစတြေးလျ နှင့် အာဆီယံနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများက အရင်းအနှီး သစ်များ စီးဝင်လာစေပြီး တည်ငြိမ်သည့် ရေရှည်ဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာများပါ ရရှိစေသည်။
တရုတ်နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးလာခြင်းနှင့် ပြည်တွင်းတွင် စိုးရိမ်မှုမြင့်တက်လာခြင်းတို့က မြန်မာနိုင်ငံ၏ စီးပွားရေး အရင်းအမြစ်နှင့် နိုင်ငံအပေါ် ဖိအားဖြစ်စေခဲ့သည်။ အခြားတစ်ဖက်တွင်မူ အနောက်နိုင်ငံများနှင့် လုပ်ငန်းများ မျှော်လင့်နေသော ပွင့်လင်းမြင်သာ သည့် ဈေးပြိုင်စနစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများ ကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်။
လက်တလော လုပ်ဆောင်မှုတစ်ခုမှာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ခြင်းဖြစ်သည်။ ထိုလုပ်ဆောင်မှုကို အမေရိကန်နှင့် ဥရောပ ကုမ္ပဏီ အများအပြားက ထောက်ခံခဲ့ပြီး အနောက်တိုင်းရင်းနှီးမြှုပ်နှံမှုများ တိုးလာစေမည့် တွန်းအားအဖြစ် မှတ်ယူခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် လက်ရှိလုပ်ငန်း ဆောင်ရွက်နေသည့် တရုတ်နှင့် ကိုရီးယား စက်ရုံများ အတွက်မူ အမြတ်လျော့ကျစေခဲ့သည်။
မြန်မာနိုင်ငံသည် တရုတ်စီးပွားရေး တိုးတက်မှုကျဆင်းခြင်း၏ သက်ရောက်မှု ကို ကျော်လွှားနိုင်မည်ဖြစ်သည်။ သို့သော် အစိုးရအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအခက်အခဲနှင့် ဆက်ဆံရေးပြောင်းလဲ မှုကြောင့် ဖြစ်ပေါ် လာသည့် အခွင့်အလမ်းသစ်များကို အသုံးချနိုင်ရန် လိုအပ်သည်။ ထို့အပြင် ရွေးကောက်ပွဲ နီးကပ်လာချိန်ဖြစ် သဖြင့် ရှေ့ခရီးလမ်းမှာ မရေရာမှုများ ပိုမိုများပြားလျက်ရှိသည်။
KHTun
The Ladies News Journal

Post a Comment

 
Top