အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဖြစ်သော ချင်းပြည်နယ် ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းသို့ ယာဉ်ငယ်များသာ သွားလာနိုင်သောကြောင့် ကုန်စည်ပို့ဆောင်မှု ကြန့်ကြာလာ
Published on: July 3, 2014
Written by: အောင်သူထွန်း (ကလေးမြို့)
ဇွန် ၃၀ ရက်က ကလေး-တီးတိန် ကားလမ်းပိုင်းတွင် ချောက်ထဲကျသွားသော ကုန်ကားအား လမ်းမပေါ်သို့ ပြန်လည်ဆွဲယူနေစဉ်
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဖြစ်သော ချင်းပြည်နယ် ရိဒ်နယ်စပ်ကုန်သွယ်ရေးတွင် ယာဉ်ငယ်များသာ သွားလာနိုင်သောကြောင့် ကုန်စည်ပို့ဆောင်မှု ကြန့်ကြာလာသည်ဟု ဒေသခံ ကုန်ပို့ကားသမားများနှင့် ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
“ဇွန် ဒုတိယပတ်အတွင်းက ဟိုင်မွန်ရွာဟောင်းနားလေးမှာ လမ်းသားပဲ့ပါပြီး ၁၀ ဘီးကား ကုန်ကားတစ်စီး ပေ ၃၀၀ လောက် နက်တဲ့ချောက်ထဲ ကျသွားပါတယ်။ အဲဒီကားက မြေဆီအိတ်တွေ တင်ဆောင်လာတာ။ လူအသေအပျောက်တော့ မရှိဘူး။ လူက ပြုတ်ကျနေခဲ့တာပေါ့။ အဆင်းကားပေါ့။ ဒါကြောင့် ကျွန်တော်တို့လည်း အဲဒီမှာ လမ်းပိတ်ပြီး နှစ်ပတ်ကျော်လောက် ကြာသွားတယ်” ဟု ရိဒ်ခေါဒါရ် နယ်စပ်ကုန်သွယ်ရေးသို့ ပြေးဆွဲနေသော ကုန်ကားသမား ကိုအောင်ကိုဦးက ပြောကြားသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ချင်းပြည်နယ် ရိဒ်ခေါဒါရ်စခန်းသို့ ကွမ်းသီးနှင့် အခြားလူသုံးကုန်ပစ္စည်းများ အများဆုံး တင်ပို့လျက်ရှိပြီး ဓာတ်မြေသြဇာများ အဓိက တင်သွင်းလျက်ရှိသည်ဟု နယ်စပ်ကုန်သွယ်ကုန်သည်များက ပြောကြားသည်။
“ဇွန် ၂၉ ရက်ကလည်း တီးတိန်နဲ့ ကလေးလမ်းမှာ ကားတစ်စီး ချောက်ထဲကျနေတယ်။ သိပ်မနက်ဘူး ထင်တယ်။ ဇွန် ၃၀ ရက်က ကျွန်တော်မြင်ခဲ့တာ။ မိုးရာသီမှာ ချင်းတောင်ကလမ်းတွေက ချောပြီးလမ်းကျဉ်းတော့ ဒီလိုခဏခဏ ဖြစ်ပါတယ်” ဟု ကားသမားကိုသော်တာက ပြောကြားသည်။
ရိဒ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်တင်ကားကြီးများ သွားလာ၍ မရတော့ဘဲ ဟိုင်မွန်ဂျစ်ကားများသာ သွားလာ၍ရပြီး ဟိုင်မွန်ရွာဟောင်းအထွက်က ချောက်ကမ်းပါးယံသည် လမ်းကျဉ်းလွန်းခြင်း၊ အတက်အဆင်းရှိခြင်း၊ ငှက်ပျောတောနေရာသည် လမ်းကျဉ်းပြီး ရွှံ့ဗွက်များ ဖြစ်နေသောကြောင့် ကားသမားများ သတိထား သွားလာနေကြရသည်ဟု ဒေသခံကားသမားများ၏ ပြောပြချက်အရ သိရသည်။
ရိဒ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်တင်ကားကြီးများ သွားလာမှုနှင့် ပတ်သက်ပြီး “အခုတစ်လော ကုန်ကားချောက်ထဲကျတာတွေက လမ်းသားပဲ့ပြီး ကျတာများတယ်။ လမ်းပိုင်းတွေ မကောင်းတာပေါ့။ ဒီလမ်းကို သက်ဆိုင်ရာက ပြင်ဆင်မှုမရှိသလောက် နည်းပါတယ်။ ကျွန်တော်တို့တောင် ရိဒ်မှာ ပိတ်မိနေတာ ကိုယ့်ဘာသာ ပိုက်ဆံစိုက်ပြီး ပြင်ပြီး ထွက်လာခဲ့ရတယ်။ ကုန်စည်က ပုံမှန်သွားနေပါတယ်။ နှစ်တိုင်းမှာ မိုးရာသီရောက်တိုင်း လမ်းမကောင်းတာပဲ” ဟု ကားဆရာကိုနကားက ဆိုသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဖြစ်သော စစ်ကိုင်းတိုင်း တမူးမြို့သို့ ကုန်စည်စီးဆင်းရာ ကလေးဝ-ကလေး-တမူး လမ်းမကြီးတွင်လည်း တံတားများကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေးအတွက် မကြာခဏ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
ACM Credit To :Eleven Media Group
http://www.ayechanmon-news1.com/
Subscribe to:
Post Comments (Atom)

Post a Comment