0

Published on: July 2, 2014
Written by: ငြိမ်းဇော်လင်း

ဖေ့စ်ဘွတ်စာမျက်နှာများတွင် ဘာသာရေးနှင့်ပတ်သက်သော ကောလာဟလကြောင့် မန္တလေးမြို့ ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လမ်းဖက်ရည်ဆိုင်အနီး လူစုလူဝေးဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ အဆိုပါ ကောလာဟလအား စိစစ်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဇူလိုင် ၂ ရက် နေ့စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် မခိုင်လုံသော ကောလာဟလများကြောင့် ပြည်သူများထိတ်လန့်တကြား ဖြစ်ပေါ်ခဲ့သည်သာမက အမျိုးအမည်ခွဲခြားရန်ခက်သော လူစုလူဝေးအချို့၏ အကြမ်းဖက်လုပ်ငန်းများ ကျူးလွန်ခဲ့ခြင်းသည် လုံးဝမလိုလားအပ်သော ဖြစ်ရပ်များဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ယခင်ကကြုံတွေ့ခဲ့ရသော ပဋိပက္ခများ၏ ဖြစ်စဉ်များကို အခြေခံလျက် သတိကြီးစွာဖြင့် ဆင်ခြင်သုံးသပ်ရန်လိုအပ်ကြောင်း၊ နောက် နောင်တွင်လည်း ထိုကဲ့သို့  ကောလာဟလနှင့် သတင်းအမှားများ မကြာခဏပေါ်ပေါက်ကာ အများပြည်သူတို့အား မလိုလားအပ်သော လှုပ်ရှားမှုများဖြစ်ပေါ်စေရန် ဆက်လက်ပေါ်ပေါက်လိမ့်မည်ဟု ယုံကြည်ရကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အာဏာပိုင်များအနေဖြင့် ထိုကဲ့သို့ သတင်းများအပေါ် ချက်ချင်းအရေးယူဆောင်ရွက်လိုအပ်ကြောင်း၊ ကောလာဟလမှာ မှန်ကန်သည်ဆိုပါက ပွင့်လင်းမြင်သာစွာ အရေးယူဆောင်ရွက်ရမည်ဖြစ်ပြီး၊ မှားယွင်းသည့်သတင်းဖြစ်ပါက ပြည်သူလူထုသို့ အမှန်အတိုင်း အသိပေးကြေညာသင့်ကြောင်းလည်း ကြေညာချက်တွင် ထုတ်ပြန်ခဲ့သည်။

ပဋိပက္ခများ ဖြစ်ပေါ်လာပါက အာဏာပိုင်များအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ ကာကွယ်ရေးအတွက် ပြည်သူလူထုအား ဟန့်တားထိန်းချုပ်ရေးကို ဦးစားပေးသည့် အလေ့အထများကိုပြုပြင်၍ ကာကွယ်စောင့်ရှောက်ရေးအတွက် ဦးစားပေးဆောင်ရွက်သင့်ကြောင်း ကြေညာချက်တွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။
-
ACM Credit To : Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top