Written by: ငြိမ်းဇော်လင်း၊ ဇာလီမြင့်ဦး
နိုင်ငံ၏အနာဂတ်အတွက် လူငယ်များအနေဖြင့် လက်ရှိပစ္စုပ္ပန်အချိန်တွင် မည်သည့်အရာများကို မည်သို့လုပ်သင့်သည်ကို သေချာစွာ နားလည်သဘောပေါက်ရန်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဇူလိုင် ၅ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံတွင် အမှားစကားပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“လူငယ်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်လို့ မကြာခဏပြောပါတယ်။ ဒီလို အနာဂတ်လို့ပြောတဲ့အခါမှာ အင်မတန်မှအရေးကြီးတဲ့ တစ်ခုကိုတချို့က မေ့သွားလေ့ရှိပါတယ်။ အနာဂတ်ထက်ပိုပြီး အရေးကြီးတာ တစ်ခုရှိပါတယ်။ အဲဒါပစ္စုပ္ပန်ပါပဲ။ အနာဂတ်မှန်ဖို့ဆိုတာ ပစ္စုပ္ပန်မှန်ဖို့ ဖြစ်ပါတယ်။ ပစ္စုပ္ပန် အခုအချိန်အခါမှာ ဘာတွေလိုအပ်နေတယ်။ ဘာတွေလုပ်ရမလဲဆိုတာ ကျွန်မတို့ရဲ့ လူငယ်တွေက သေသေချာချာသုံးသပ်နိုင်ဖို့ လိုပါတယ်။ ကျွန်မ ထပ်တလဲလဲပြောတဲ့ စကားတစ်ခွန်းလည်း ဖြစ်ပါတယ်။ လူငယ်တွေကို နေရာပေးပါ။ နေရာပေးပါလို့ ပြောတဲ့အခါမှာ ကျွန်မ စဉ်းတောင်မစဉ်းစားဘူးလို့ ပြောတယ်။ ကျွန်မနေရာပေးဖို့ ဘယ်တော့မှ မစဉ်းစားဘူး။ တာဝန်ပေးဖို့ပဲ စဉ်းစားတယ်လို့ ကျွန်မအမြဲပြောပါတယ်။ အဲလိုပြောတာဟာ လူငယ်တွေကို ဒီလိုစိတ်ဓာတ်မျိုး မွေးစေချင်လို့ပါ။ နေရာယူဖို့ မဟုတ်ဘူး။ တာဝန်ယူဖို့ဖြစ်တယ်။ တာဝန်ထမ်းဆောင်ဖို့ ဖြစ်တယ်ဆိုတာ သေသေချာချာစွဲစွဲမြဲမြဲ စိတ်ထဲမှာထားမှ အခုပစ္စုပ္ပန်မှန် စိတ်ထားမှန်မှ အနာဂတ်ကို မှန်မှန် ကန်ကန် တည်ဆောက်နိုင်မှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် လူငယ်များအနေဖြင့် နေရာရရှိရေးထက် တာဝန်ယူတတ်သည့် စိတ်ဓာတ်မွေးမြူကြရန်နှင့် မှန်မှန်ကန်ကန် ရပ်တည်ကြရန်လည်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ထပ်တလဲလဲ တာဝန်၊ တာဝန်၊ တာဝန် လို့ပြောရတဲ့အကြောင်းရင်းက တာဝန်ယူမှုက လိုတယ်ဆိုတာရှိတယ်။ ပိုတယ်ဆိုတာ မရှိပါဘူး။ ကျွန်မတို့နိုင်ငံလို အာဏာရှင်လက်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာနေခဲ့ရတဲ့ နိုင်ငံမှာ တာဝန်ယူမှုစိတ်ဓာတ်ဟာ အင်မတန်မှ နည်းပါတယ်။ အခြေခံအကြောင်းကတော့ အာဏာရှင်စနစ်မှာ အုပ်ချုပ်တဲ့သူကိုယ်တိုင်က တာဝန်ယူစရာမလိုဘူး။ အာဏာနဲ့ အုပ်ချုပ်တယ်ဆိုမှတော့ ဘယ်သူ့ကိုမှ တာဝန်ခံစရာမလိုဘူး။ တာဝန်ယူစရာမလိုဘူး။ အဲဒီတော့ တာဝန်ဆိုတဲ့နက်နဲမှုကို သိတဲ့သူက အင်မတန်နည်းပါတယ်။ အုပ်ချုပ်တဲ့သူကိုယ်တိုင်က တာဝန်ဆိုတဲ့စကားကို မှန်မှန်ကန်ကန်နားမလည်တဲ့အခါကျတော့ အုပ်ချုပ်ခံရတဲ့ ပြည်သူလူထုအနေနဲ့လည်း တာဝန်ဆိုတဲ့စကားနဲ့ တာဝန်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပတ်သက်လို့ အင်မတန်မှ ဝေးကွာသွားကြပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့က ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်မယ်။ ပြည်သူလူထုရဲ့ဩဇာလွှမ်းမိုးတဲ့စနစ်ကို ပြန်လည်ထူထောင်မယ်ဆိုရင် တာဝန်ကိုအဓိကထားပြီးတော့ လူငယ်တွေရဲ့စိတ်အတွင်းမှာ ထည့်ပေးဖို့လိုပါတယ်။ ဒါကြောင့်ကျွန်မပြောတယ် တာဝန်ပဲပေးမယ် နေရာမပေးဘူး။ နေရာပေးတဲ့ အလုပ်ကို မလုပ်ဘူး။ အဲတော့အခု လူငယ်ညီလာခံကျင်းပပြီးတော့ ညီလာခံအရ တက်လာတဲ့တာဝန်ခံများဟာ တာဝန်ယူဖို့ဆိုတာကို နှလုံးသားထဲမှာ သွင်းထားကြပါ။ နေရာယူဖို့ ဆိုတဲ့ စိတ်ဓာတ်တွေကို ဖျောက်လိုက်ကြပါ”ဟု ညီလာခံတွင် ပြောကြားသည်။
လူငယ်များအနေဖြင့် မိမိတန်ဖိုးကို ကြည့်သည့်အခါ မည်သည့်နေရာရသည်၊ မည်မျှထောက်ခံမှုရသည်၊ လုပ်ပိုင်ခွင့်ရှိသည် နှင့် ဝင်ငွေတို့ကို မကြည့်ဘဲ အများအကျိုးကို မည်မျှလုပ်နိုင်သည်ကိုသာ ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များအား ပြောကြားသည်။
ဇူလိုင် ၅ ရက် ရန်ကုန်မြို့၌ ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ညီလာခံတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ဇာလီမြင့်ဦး)
ACM Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment